တံတား ၂ စင်း မီးရှို့ဖျက်ဆီးမှု RCSS နှင့် TNLA အပြန်အလှန် စွပ်စွဲ ပြစ်တင် ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကွန်ကော်(ခွန်ကော်ကျေးရွာ)ကျေးရွာအနီးရှိ တံတား ၂ စင်း မီးရှို့ ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)တို့အကြား အပြန်အလှန် စွပ်စွဲ ပြစ်တင် နေကြသည်။ အဆိုပါ တံတား ၂စင်းမှာ ကွန်ကော်ကျေးရွာနှင့် ကျောက်မဲကြီး၊ လီရှော ကျေးရွာများကို ဆက်သွယ် ထားသည့် ပန်ကျိုင်းကြိုးတံတားနှင့် မိုးကောင်း ကွန်ကရစ် တံတားတခုဖြစ်ပြီး ဧပြီ ၂၃ရက်နှင့် ၂၄ရက်နေ့တို့တွင် အမည်မသိ လက်နက်ကိုင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ကာ မီးရှို့ဖျက်ဆီး ခြင်းဖြစ်ကြောင်း ဒေသခံများ အဆိုအရ သိရသည်။ ယင်းဒေသတွင် လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့များမှာ TNLA နှင့် RCSS တို့ဖြစ်ပြီး၊ ပြီးခဲ့ သည့်လက အဆိုပါ နှစ်ဖွဲ့ ကွန်ကော်ဒေသတွင် တိုက်ပွဲဖြစ်သည့်အတွက် ရွာခံများ ကျောက်မဲသို့ ထွက်ပြေးခဲ့ရပြီးဖြစ်သည်။ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS မှ တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံ ဒုဗိုလ်မှူး ကြီး စိုင်းဦး က “တိုက်ပွဲဖြစ်တဲ့ အဆင့်မဟုတ်ဘူး။ သူတို့ဘက်က တဘက်သတ် ပစ်တာ၊ ပြီးတော့ သူတို့ သတင်းထဲမှာ ထည့်တာ၊ ကျနော်တို့ ဘက်က တံတားမီးရှို့တယ်လို့ ပြောတယ်။ အမှန်က ပြောင်းပြန် ဖြစ်နေတယ်။ သူတို့ဘက်က ရှို့တာ၊ ကျနော်တို့လူ ရှိနေတာ သိတော့ တက်မလာပဲနဲ့ ပြန် ဆုတ်သွားပြီး အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ နောက် အဲဒီ တံတားကို မီးရှို့ပြီးတော့ သူတို့က ထွက်သွားတယ်”ဟု ပြောသည်။ ဒေသခံများ၏ အဆိုအရ ကွန်ကော်ကျေးရွာဘက်ခြမ်းတွင် TNLA အုပ်စုက နေရာယူထားပြီး၊ ကျောက်မဲကြီးရွာ ဘက်ခြမ်း တွင် RCSS တပ်များ နေရာယူထားကြောင်း သိရသည်။ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ဘက်ကမူ ပန်ကျိုင်း ကြိုး တံတားကို RCSS တပ်ဖွဲ့မှ ဧပြီ ၂၃ရက် ည ၇နာရီခွဲတွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများကို ကိုးကား၍ နောက်တနေ့ ဧပြီ ၂၄ရက်တွင် ထုတ်ပြန် သည်။ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက “ RCSS တပ်ဖွဲ့သည် ထိုဒေသရှိ တအန်းဒေသခံများ တံတားနှင့် လမ်းမ ဆက်သွယ်သွားလာမှု အသုံးမပြုနိုင်ရေး ကြိုးတံတားအား ရည်ရွယ်ချက် ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း” ထုတ်ပြန် ပြောဆိုသည်။ ထိုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)က TNLA သည် မမှန် သတင်းများ ထုတ်ပြန်နေပြီး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို အဟန့်အတား ဖြစ်စေရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။ RCSS မှ ဒုဗိုလ်မှူးကြီး စိုင်းဦးက “အမှန်ဆိုရင် သူတို့ သတင်းက မှန်ကန်တဲ့ သတင်းတွေ ဖြစ်သင့် တယ်။ သူတို့ ကိုယ်တိုင် လုပ်ပြီးတော့ RCSS လုပ်တယ်ဆိုပြီး ပြောရင် ကျနော်တို့ ရှေ့ဆက်လည်း တွေ့ဆုံပြီးတော့ ဆွေးနွေးကြရမှာပဲ။ မလွဲမရှောင် သာ နောက်ပိုင်းကျရင် တွေ့ဆုံဆွေးနွေး ကြရမှာပဲ။ အဲ့ဒီလို အခြေအနေမှာ ကျနော်တို့က ဖြေရှင်းရ ခက်တဲ့ကိစ္စတွေ တခု ပြီးတခု ဖြစ်မလာစေချင်ဘူး။ မှန်မှန်ကန်ကန်လေး မျှမျှတတလေး ဖြစ်စေချင်တယ်။ အမှန်ကို အမှန်တိုင်း ဖြစ်စေချင် တယ်”ဟု ပြော သည်။ ဖျက်ဆီးခံရသည့် တံတား ၂ စင်းကို အသုံးပြုပြီး ကွန်ကော်၊ ကျောက်မဲကြီး၊ အေးချမ်းသာ လီရှော စသည့် ကျေးရွာများမှ ဒေသခံများမှာ လက်ဖက်၊ ပြောင်း စသည့် စိုက်ပျိုးရေး ထွက်ကုန်များကို ရောင်းချနေရသည့် အတွက် အရေးပါသော တံတားများ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါ တံတား ၂ စင်းထဲမှ ကြိုးတံတားသည် ၁၉၉၉ ခုနှစ်က စတင် တည်ဆောက် ထားသော တံတား ဖြစ်ပြီး ကွန်ကရစ်တိုင် တံတားမှာ ၂၀၁၆ ခုနှစ်က ပြီးစီးသွားခဲ့သော တံတား ၁ စင်း ဖြစ်ကြောင်း ဒေသခံတို့က ဆို သည်။ RCSS နှင့် TNLA အကြား ၂၀၁၈ ခုနှစ်၊ မတ် ၁၀ ရက်မှ ၂၄ ရက်အထိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ နယ်အတွင်းရှိ ကွန်ကော်(ခွန်ကော်)ကျေးရွာ၊ တောဖယ်ကျေးရွာ၊ အုန်းအွီးကျေးရွာ၊ ခိုငင်းကျေးရွာ၊ ရူနန်းကျေး ရွာ၊ ကိုက်တိုင် ကျေးရွာ စသည့် ကျေးရွာများအနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ ထို တိုက်ပွဲကြောင့် တောဖယ်ကျေးရွာမှ နေအိမ် ၆ လုံး မီးလောင် ကျွမ်းခဲ့ရပြီး ဒေသခံ ၃ ဦး သေဆုံးခဲ့သလို ကျောက်မဲမြို့ပေါ်သို့ ဒေသခံ ၂၀၀ ကျော် တိုက်ပွဲရှောင်ခဲ့ကြရသည်။ အလားတူ ကွန်ကော်ကျေးရွာမှ ဒေသခံ ၄၀၀ ကျော် ၊ အုန်းအွီးကျေးရွာမှ ဒေသခံ ၁၀၀ ကျော်တို့ သည် လည်း ကျောက်မဲမြို့ပေါ်သို့ တိုက်ပွဲရှောင်ခဲ့ကြရပြီး ယနေ့ချိန်ထိ စစ်ရေး တင်းမာနေခြင်းကြောင့် နေရပ် မပြန်နိုင်သေး ပဲ ဖြစ်နေကြောင်း ကျောက်မဲမြို့ပေါ်ရှိ လူမှုကူညီရေးအသင်းများနှင့် ဒေသခံများထံမှ သိရသည်။ တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် RCSS နှင့် TNLA သည် ၂၀၁၈ ခုနှစ်၊ဇန်နဝါရီလက မိုင်းလားမြို့မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နောက်တကြိမ် ပြန်လည် တွေ့ဆုံ ဆွေးနွေးရန် သဘောတူညီခဲ့ကြ သော်လည်း ယနေ့ထိ မတွေ့ဆုံ နိုင်သေးပဲ ဖြစ်နေသည်။ The post တံတား ၂ စင်း မီးရှို့ဖျက်ဆီးမှု RCSS နှင့် TNLA အပြန်အလှန် စွပ်စွဲ ပြစ်တင် appeared first on ဧရာဝတီ.
Source : https://ift.tt/2HKG7uH
via IFTTT
No comments:
Post a Comment