ထိန်ပင် အမှိုက်ပုံမီး ထိန်းချုပ်နိုင်၊ လေထုတွင် အဆိပ်ငွေ့များ လွင့်ပါနေဟု မြို့တော်ဝန် ပြော ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှု ၄ ရက်မြောက်နေ့၌ ထိန်းချုပ်နိုင်ခဲ့သော်လည်း မီးခိုးငွေ့များကြောင့် လေထုတွင် ညှော်နံ့နှင့် အဆိပ်ငွေ့များ လွင့်ပါလျက် ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ကုလားကြီးစု ကျေးရွာ ထိန်ပင်သုသာန် အနီးရှိ ဧက ၃ဝဝ ကျယ်ဝန်း သော စည်ပင်သာယာ အမှိုက်ပုံ၏ ဧက ၁၀၀ ခန့် မီးလောင်ကျွမ်းနေမှုအား ဧပြီလ ၂၅ ရက် ညနေပိုင်းတွင် ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက သွားရောက်ကြည့်ရှုပြီး ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ဦးမောင်မောင်စိုးက “အဆိပ်က ပါသင့်သလောက်တော့ ပါတာပေါ့။ ဒါပေမယ့် တနေရာနဲ့ တနေရာတော့ မတူဘူး။ တနေရာတည်းမှာလည်း ဒီလောက် မဟုတ်ဘူး။ လေကတိုက်တော့ လွင့်နေတယ် ဆိုတော့ မပါဘူးလို့ မညာချင်ဘူး ပါတယ်။ သို့သော်လည်း ဒီတနေရာတည်းမှာ ကြာကြာရှိနေရင် လူတွေသေကုန်မှာ လေကလွင့်ပြီး တိုက်နေတာ။ ညှော်နံ့ နံတာလည်း ဟုတ်ပါတယ်။ အသက်ရှုကြပ်တာလည်း ဟုတ်ပါတယ်။ အကောင်းဆုံးဖြစ်အောင်တော့ လုပ်ပေး နေပါတယ်”ဟု ပြောသည်။ ယင်းမီးလောင်ကျွမ်းမှုကို ၈၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ခဲ့ပြီး ရေတွင်ပါဝင်သည့် အောက်စီဂျင်ကြောင့် မီးပြန်လည် မလောင် ကျွမ်းရန် ထိုင်းနိုင်ငံမှ Bio Foam ဓာတုရည် တင်သွင်းပြီး ရေနှင့်ရောကာ ထည့်သွင်း ဖြန်းထားကြောင်း ၎င်း က ဆိုသည်။ မီးခိုးများ ငြှိမ်းသတ်နိုင်ရန် အတွက် Bio Foam ဂါလန် ၅ ထောင်ခန့် လိုအပ်သော်လည်း ဂါလန် ၁၈၀၀ ခန့်သာ ရရှိမည် ဖြစ် သည်ဟု မြို့တော်ဝန်က ပြောသည်။ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက စတင်လောင်ကျွမ်းခဲ့သော မီးမှာ ၄ ရက်မြောက်နေ့ ညနေပိုင်းမှ စတင်ပြီး လုံးဝ ထိန်းချုပ် နိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်စိုးက ဧရာဝတီသို့ ပြောသည်။ ဦးမြင့်စိုးက“မီးက ထိန်းနိုင်နေပြီ။ လုံးဝကို ထိန်းနိုင်ပြီ။ ဘယ်ကိုမှ မကူးတော့ဘူး။ ကျနော်တို့ ကျန်နေတာ အမှိုက်ပုံ ထဲက အောင်းပူတွေ၊ သတ်ထားပြီးသား ဟာတွေက ခြောက်ပြီး ပြန်ပြီး မီးခိုးတွေ ပြန်အူလာတာ။ အဲဒါကို လိုက်ရှင်း နေရတာ”ဟု ပြောသည်။ ယင်း မီးလောင်မှုကို အရန်မီးသတ်၊ သန္ဓေ မီးသတ် တပ်ဖွဲ့ဝင်များ အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်၊ တပ်မတော်သား အင်အား ၁၆၀ ခန့်၊ စည်ပင်သာယာရေး အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဆည်မြောင်း ဦးစီးဌာနတို့မှ အင်အားဖြည့်တင်းပြီး ဝိုင်းဝန်း ငြှိမ်းသတ်နေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ ဧပြီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့် မှစ၍ အဆိုပါ အမှိုက်ပုံမှ မီးလောင်မှု စတင် ဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့မှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ ဘက်ဟိုးယာဉ်များဖြင့် မီးငြှိမ်းသတ်သော်လည်း အမှိုက်ပုံ၏ အောက် ခြေ အမှိုက်များမှ လှိုက်လောင်ကျွမ်းနေမှုကြောင့် မီးခိုးများ ထွက်ရှိနေပြီး ပတ်ဝန်းကျင် မြို့နယ်များ များသို့ မီးခိုးများ ပျံ့နှံ့လျက် ရှိသည်။ ယင်းမီးလောင်မှု ဖြစ်ပွားရာသို့ ဧပြီလ ၂၁ ရက် မွန်းလွဲပိုင်း၌ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံက သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က သတင်း ထုတ်ပြန်ထားသည်။ ထိုသို့ ဆောင်ရွက်ပေးရာ၌ မီးငြှိမ်းသတ်ရာတွင် ရေအလုံအလောက် ရရှိစေရေး အတွက် ရေစုပ်စက် ၃ လုံး၊ ၄ လက်မ ပိုက် ပေ ၄၅ဝဝ နှင့် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ရေသယ်ယာဉ် ၇ စီးဖြင့် အရာရှိ၊ စစ်သည် ၁၅ဝ တို့က မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကူညီ မီးငြှိမ်းသတ်လျက် ရှိကြောင်း သတင်း ထုတ်ပြန်ထား သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) အနေဖြင့် မီးသတ်ကား အစီး ၂၀ ကျော်၊ ရေစုပ်စက်၂၀ ကျော်၊ ရေသယ်ကားက ၃၀ ကျော်၊ ယန္တရားကြီး ၄ စီး၊ လူအင်အား ၄၅၀ ဖြင့် ငြှိမ်းသတ်လျက်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ပြောသည်။ “ပြည်သူလူထုအနေနဲ့ မစိုးရိမ်ပါနဲ့။ အမှိုက်ပုံကြီးက အကြီးကြီးဆိုတော့ မီးလောင်တာက ကြီးကျယ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ လူအင်အားများစွာ၊ စက်အင်အားများစွာနဲ့ နေ့ညမပြတ် ဆောင်ရွက်နေပါတယ်”ဟုလည်း ၎င်းက ပြောဆို သည်။ လက်ရှိ အချိန်အထိ ဧရိယာစတုရန်း ဧက ၁၀၀ ခန့် မီးလောင်နေခြင်းကြောင့် မီးခိုးများ အဆမတန် ထွက်ရှိနေပြီး အဆိုပါ မီးခိုးများသည် လေလမ်းကြောင်းအတိုင်း လိုက်ပါစီးမျောကာ လှိုင်သာယာမြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်၊ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်နှင့် အခြားလေလမ်းကြောင်း သင့်ရာ မြို့နယ်များတွင် မီးခိုးညှော်နံ့များ ဖြစ်ပေါ်စေ လျက် ရှိကြောင်း သိရသည်။ ထိန်ပင် အမှိုက်ပုံတွင် ဧပြီ ၂၁ ရက် နံနက်ပိုင်း မီးလောင်မှု စတင်တွေ့ရှိကတည်းက ရေစုပ်စက်၊ ရေကားများ၊ လူအင်အား ၅၀ ဖြင့် စတင်ငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းခဲ့သော်လည်း နေ့လည်ပိုင်းတွင် ပြန်လည်ပြီး အငွေ့များထွက်ကာ မီးပြန်လည် တောက် လောင်လာသဖြင့် မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၄ စီး၊ ရေစုပ်စက် ၄ လုံး၊ လူအင်အား ၁၀၀ ကျော်ဖြင့် ငြိမ်းသတ်ခဲ့ သော်လည်း ဆက်လက် ပြင်းထန်လာခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာ အောင်မြင့်မော်က ၎င်း၏ လူမှု ကွန်ရက် စာမျက်နှာတွင် မီးစတင် လောင်ကျွမ်းသည့် ဖြစ်စဉ်ကို ရေးသားထားသည်။ ထိန်ပင် အမှိုက်ပုံ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး လက်ရှိ ငြှိမ်းသတ်နေသည့် မြေပြင် ဆောင်ရွက်မှုများ၊ အမြန်ဆုံး မီးငြှိမ်းနိုင်ရေး ထပ်မံတိုးမြှင့် ဆောင်ရွက်မည့် အစီအမံ များအတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဧပြီ ၂၄ ရက်က တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ခဲ့သေးသည်။ အမှိုက်များမှ မီသိန်း ဓာတ်ငွေ့ထွက်ချိန်တွင် ပူပြင်းသော ရာသီဥတုဖြစ်သဖြင့် လေပူများနှင့် အမှိုက်များ ပွတ်တိုက်မှုမှ မီးစထွက်လာပြီး မီသိန်းဓာတ်ငွေ့များကို လောင်ကျွမ်းရာမှ မီးစတင် လောင်ကျွမ်းသည်ဟု YCDC က ယူဆထားသည်။ ယင်းမီးလောင်မှု ဖြစ်စဉ်၌ ထိခိုက် ဒဏ်ရာရသူများလည်း ရှိနေပြီး မီးခိုးငွေ့ကြောင့် ဆေးရုံတင်ထားရသူများ အပြင် သေဆုံးသူ တချို့ ရှိနေကြောင်း သိရသည်။ The post ထိန်ပင် အမှိုက်ပုံမီး ထိန်းချုပ်နိုင်၊ လေထုတွင် အဆိပ်ငွေ့များ လွင့်ပါနေဟု မြို့တော်ဝန် ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2qYZpTz
via IFTTT
No comments:
Post a Comment