Thursday, April 26, 2018


ဥရောပ ဘောလုံးအဖွဲ့ချုပ်ကပေးတဲ့ ရွှေဖိနပ်ဆု ဘယ်သူရနိုင်သလဲ လက်ရှိ ကမ္ဘာ့ဘောလုံး လောကမှာ အကြီးကျယ်ဆုံး ပြိုင်ပွဲတွေ၊ လူကြိုက်အများဆုံး ပြိုင်ပွဲတွေ ဖြစ်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်၊ စပိန် လာလီဂါ၊ ဂျာမန် ဘွန်ဒက်လီဂါ၊ အီတလီ စီးရီးအေ၊ ပြင်သစ် လီဂူး စတဲ့ ပွဲစဉ်တွေ အားလုံး ဥရောပမှာ ရှိပါတယ်။ ဥရောပ ဘောလုံး အဖွဲ့ချုပ်ကနေ Golden Shoe ဆိုတဲ့ ရွှေဖိနပ်ဆုကိုလည်း နှစ်စဉ် ပေးအပ်နေ တယ်။ နာမည်ကျော် ကစားသမားတွပဲ ဒီဆုကို ရရှိကြတာ များပါတယ်။ ဥရောပဘောလုံး အဖွဲ့ချုပ်ရဲ့ ရွှေဖိနပ်ဆု အခုနှစ် အတွက် ဘယ်သူတွေ ရနိုင်မှာလဲ။ အခု ပြောမှာက ဥရောပ ဘောလုံး လောကမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ ဘောလုံး သမားတွေ အကြောင်းပါ။ အခု ပြောခဲ့တဲ့ ပြိုင်ပွဲကြီး ၅ ခုထဲမှာ ကစားသမား တယောက် အနေနဲ့ ၁ ဂိုး သွင်းယူနိုင်ရင် ၂ မှတ်၊ သူတို့ထက် တဆင့်စီ နိမ့်တဲ့ ပြိုင်ပွဲတွေ၊ ဥပမာ ပေါ်တူဂီ ပရီးမီယားလိဂ်ဂါမှာ ၁ ဂိုး သွင်းနိုင်ရင် ၁ ဒသမ ၅ မှတ်၊ သူ့ထက် တဆင့်နိမ့် ပြိုင်ပွဲတွေမှာ ဆိုရင် ၁ ဂိုး သွင်းနိုင်ရင် ၁ မှတ်နှုန်းနဲ့ ကစားသမားတွေရဲ့ လက်ရှိ သူတို့ ကစားနေတဲ့ ပြိုင်ပွဲအဆင့် အပေါ်မှာ မူတည်ပြီး ၁ ဂိုး သွင်းနိုင်တိုင်း ရမှတ် အဆင့် ခွဲပြီး အမှတ်ပေးထားပါတယ်။ ဒီထဲက လက်ရှိ ဂိုးအများဆုံး သွင်းထားသူ၊ အမှတ် အများဆုံး ရထားသူတွေကို ဖော်ပြပေး ပါမယ်။ သတိပြုစေလိုတာက ဧပြီ ၂၂ ရက်နေ့ အထိ ရရှိထားတဲ့ ရမှတ်တွေပါ။ ရာသီပြီးချိန် အထိဆိုရင်တော့ အပြောင်းအလဲ ရှိနေနိုင်ပါတယ်။ (၇) Luis Suarez ။ ။ လူးဝစ် ဆွာရက်ဇ်က လက်ရှိ စပိန် လာလီဂါမှာ ကစားနေပါတယ်။ ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေထဲက တဦးပါ။ ၂၃ ဂိုး သွင်းယူထားလို့ သူ့ရဲ့ ရမှတ်က ၄၆ မှတ်ပါ။ ရမှတ် အများဆုံး ကစားသမား ၁၀ ဦးကို ပြောပြမယ့် နေရာမှာ အဆင့် ၇ က နှစ်ဦး တိုက်နေလို့ အဆင့် ၁၀ ထိ မခွဲတော့ပဲ အဆင့် ၇ ကနေ စပြောမှာပါ။ (၇) Cristiano Ronaldo ။ ။ ဒိုလေး လို့လည်း ခေါ်တဲ့ ခရစ်တီယာနို ရော်နယ်ဒို လည်း စပိန်လာလီဂါမှာ ကစားနေ ပါတယ်။ ဘာစီလိုနာရဲ့ အနီးကပ်ဆုံးနဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အသင်း ရီးရဲမက်ဒရစ်ရဲ့ အဓိက တိုက်စစ်မှူးပါ။ ဒီနှစ် ဂိုးသွင်းနှုန်း ကျနေတယ် လို့ ဆိုနိုင်ပြီး ရာသီကနေ အခုထိအောင် ဒိုလေးက ၂၃ ဂိုး သွင်းထားလို့ ရမှတ် ၄၆ မှတ် ရထားပါတယ်။ (၆) Mauro Icardi ။ ။ မော်ရို အိုင်ကာဒီက အီတလီရဲ့ ယခင် ထိပ်တန်း ကလပ် အသင်း အင်တာမီလန်လို့ ပြည်တွင်းမှာ အခေါ်များတဲ့ အင်တာနေဇီယွန်နယ်မှာ ကစားနေပါတယ်။ ယခု ရာသီ အတွင်း ၂၄ ဂိုးထိအောင် သွင်းယူထားလို့ ရမှတ် ၄၈ မှတ် ပိုင်ဆိုင်ထားပါတယ်။ (၅) Jonas ။ ။ ဂျိုနက်က ပေါ်တူဂီ ပြည်တွင်းမှာ အမြင့်ဆုံး အမှတ်ပေး ဘောလုံးပြိုင်ပွဲ ဖြစ်တဲ့ ပရီးမီယာ လိဂ်ဂါရဲ့ အသင်း တသင်း ဖြစ်တဲ့ ဘင်ဖီကာမှာ ကစားနေသူပါ။ UEFA (ဥရောပဘောလုံးအဖွဲ့ချုပ်)ရဲ့ အဆင့် သတ်မှတ်ချက် အရ ပရီးမီယားလိဂ်ဂါက အထက်က ပြိုင်ပွဲကြီး ၅ ခုထက် ၁ ဆင့် နိမ့်လို့ ဂျိုနက်ရဲ့ သွင်းဂိုးကို ၂ မှတ် မပေးပဲ ၁ ဒသမ ၅ မှတ်ပဲ ပေးထားပါတယ်။ အခု ရာသီမှာ ဂျိုနက်က ၃၃ ဂိုး သွင်းယူထားပြီး ရမှတ် ၄၉ ဒသမ ၅ မှတ် ပိုင်ဆိုင်ထားပါတယ်။ (၄) Harry Kane ။ ။ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး စာရင်းဝင်ဖို့ ကြိုးစားနေတဲ့ တော်တင်ဟမ်ဟော့စပါး အတွက် အားအထားရဆုံး တိုက်စစ်မှူးပါ။ အင်္ဂလန်သားတွေထဲမှာ လက်ရှိ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံ ထားရပါတယ်။ ဒီရာသီ အတွင်း ၂၅ ဂိုး သွင်းယူထားလိ့ု ရမှတ် ၅၀ ရထားပါတယ်။ (၄) Edinson Cavani ။ ။ အီဒင်ဆန် ကာဗာနီက အီတလီကနေ ပြင်သစ်မြေခံ အသင်း ပဲရစ်စိန့်ဂျာမိန်းမှာ ခြေစွမ်းပြ နေဆဲ ကစားသမားပါ။ PSG ကို နေမာ ရောက်လာပေမယ့် အခုထိအောင် ကာဗာနီရဲ့ ဂိုးသွင်းနှုန်းက အကောင်းဆုံး ပုံစံမှာ ရှိနေဆဲပါ။ အခုနှစ် အတွင်း ၂၅ ဂိုး သွင်းထားလို့ သူလည်း ရမှတ် ၅၀ ရထားပါတယ်။ (၃) Robert Lewandowski ။ ။ ရောဘတ် လီဝန်ဒေါစကီးက ဂျာမနီရဲ့ အအောင်မြင်ဆုံး ကလပ် အသင်း ဘိုင်ယန်မြူးနစ် ရဲ့ ဂိုးသွင်းစက်ပါပဲ။ ပြိုင်ပွဲစုံ ၂၇ ဂိုးထိအောင် သွင်းယူပေးထားနိုင်လို့ ၅၄ မှတ်ထိ ရနေပါတယ်။ (၃) Ciro Immobile ။ ။ စီရို အင်မိုဘေး၊ အီတလီ စီးရီးအေ ဆိုတာ ဥရောပရဲ့ ပြိုင်ပွဲကြီး ၅ ခုထဲမှာ ဂိုးသွင်းယူမှု အနည်းဆုံး အမှတ်ပေး ပြိုင်ပွဲ ဖြစ်ပေမယ့် အင်မိုဘေး အတွက်ကတော့ အသင်းကြီး မဟုတ်တဲ့ အလယ်အလတ် အဆင့်ရှိ လာဇီယိုမှာ ကစားနေပေမယ့် အခု ရာသီမှာ ၂၇ ဂိုး သွင်းထားပြီး ရမှတ် ၅၄ မှတ် ယူထားပါတယ်။ (၂) Lionel Messi ။ ။ စပိန် လာလီဂါပြိုင်ပွဲဝင် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကလပ်လို့ တချို့က သတ်မှတ်ခြင်း ခံထားရတဲ့ ဘာစီလိုနာရဲ့ အဓိက တိုက်စစ်မှူးပါ။ ရီးရဲ အသင်းက ဒိုလေးနဲ့ အပြိုင်ပေါ့။ အခုနှစ် ဒိုလေး ဂိုးသွင်းနှုန်း ကျဆင်းနေပေမယ့် မက်ဆီကတော့ တဦးတည်း ၂၉ ဂိုး သွင်းထားနိုင်လို့ ၅၈ မှတ်ထိ ရထားပါတယ်။ (၁) Mohamed Salah ။ ။ ဒိုလေးနဲ့ မက်ဆီတို့လို ကစားသမားတွေကို ကောင်းကောင်း နောက်ကောက်ချ ထားနိုင်သူကတော့ လက်ရှိ အင်္ဂလန် ကလပ် လီဗာပူးလ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမား မိုဟာမက် ဆာလက် ဖြစ်ပါတယ်။ မထင်မှတ်ပဲ လီဗာပူးအတွက် ဂိုးသွင်းစက် ဖြစ်လာပြီး ဒီရာသီထဲမှာ သွင်းဂိုး ၃၁ ရှိနေလို့ ရမှတ် ၆၂ ရရှိထားသူပါ။ Ref: www.businessinsider.com The post ဥရောပ ဘောလုံးအဖွဲ့ချုပ်ကပေးတဲ့ ရွှေဖိနပ်ဆု ဘယ်သူရနိုင်သလဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2HtpMHv
via IFTTT

No comments:

Post a Comment