Monday, April 30, 2018


ထောင်ချခံရသော ဒုရဲမှူး မိုးရန်နိုင် လာမည့်ရုံးချိန်း တက်မှာလား ရိုက်တာ သတင်းထောက် ၂ ဦး၏ အမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံနေရသော ဒုရဲမှူး မိုးရန်နိုင်ကို ရဲစည်းကမ်း ဖောက်ဖျက်မှု နှင့် ဧပြီလ ၂၇ ရက်နေ့မှာ ရဲတရားရုံးက ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်ပြီး အင်းစိန်ထောင်ကို ပို့ထားကြောင်း ရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးကြီး မျိုးသူစိုးက ပြောသည်။ ရဲမှူးကြီး မျိုးသူစိုး က “ဟုတ်ပါတယ်။ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ရဲတရားရုံးကနေပြီးတော့မှ ပြစ်ဒဏ်ချတာပါခင်ဗျ။ ပြစ်ဒဏ်ချပြီးတော့ ကျနော်တို့ အကျဉ်းဦးစီး (အင်းစိန်) ကိုလွှဲထားပြီးသွားပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး ကောင်စီ (နဝတ) အစိုးရလက်ထက် ၁၉၉၅ ခုနှစ် ဧပြီလက ထုတ်ပြန်ထားသော ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ အခန်း ၁၆ (ခ) နှင့် အခန်း ၂၂ တိုု့အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ရဲတရားရုံးက ထောင်ဒဏ် တနှစ် ချမှတ်နိုင်ကြောင်း သိရသည်။ ရိုက်တာသတင်းထောက် ၂ ဦးအား အမှုဆင် ဖမ်းဆီးကြောင်း ထွက်ဆိုသည့် ဧပြီလ ၂၀ ရက် နေ့မှာပင် ဒုရဲမှူး မိုးရန်နိုင်၏ တရားရုံးထွက်ချက် များသည် ရဲတပ်ဖွဲ့ထံ ထွက်ချက်များနှင့် ကွဲလွဲနေသည်ဟုဆိုကာ သက်သေခံဥပဒေပုဒ်မ ၁၅၅(၃) အရ မယုံကြည်ထိုက်သော သက်သေအဖြစ် ကြေညာပေးရန် တရားလို ရှေ့နေများက လျှောက်ခဲ့ကြသည်။ တရားလိုဘက်မှ လျှောက်ထားမှုအပေါ် မေ ၂ ရက်နေ့ရုံးချိန်းတွင် မြောက်ပိုင်း ခရိုင်တရား ရုံးက ဆုံးဖြတ်ချက် အမိန့်ချမည်ဖြစ်သည်။ ဧပြီလ ၂၅ ရက်နေ့က ရုံးချိန်းတွင်လည်း ဒုရဲမှူး မိုးရန်နိုင်ကို ရုံးထုတ်ခဲ့ခြင်း မရှိဘဲ တရားသူကြီးက မေ ၂ ရက် ရုံးချိန်း တက်ရန် တောင်းဆိုထားသည်။ ထို့ကြောင့် ဧရာဝတီက အဆိုပါရုံးချိန်းကို ဒုရဲမှူး မိုးရန်နိုင် တက်ရောက်နိုင်ခြင်း ရှိမရှိ မေးမြန်းရာ ရဲမှူးကြီး မျိုးသူစိုးက မသိဟုသာ ဖြေဆိုသည်။ ရိုက်တာသတင်းထောက် ၂ ဦးအား ဖမ်းဆီးရန် အမှုဆင်ခိုင်းသူမှာ ရဲမှူးချုပ် တင်ကိုကို ဖြစ်ကြောင်း ဒုရဲမှူး မိုးရန်နိုင် က တရားရုံးတွင် ထွက်ဆိုခဲ့အပြီး လူမြင်ကွင်းမှ ပျောက်ကွယ်သွားကာ နောက်ဆက်တွဲအနေဖြင့် ယခုကဲ့သို့ ရဲတပ်ဖွဲ့က ထောင်ဒဏ်ချလိုက်သည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရဲမှူးချုပ် တင်ကိုကို ကိုမူ ယခုအချိန်အထိ စစ်ဆေးအရေးယူခြင်း၊ ရာထူးရွေ့ပြောင်းခြင်း မရှိကြောင်း ရဲမှူးကြီး မျိုးသူစိုးက ပြောသည်။ ဒုရဲမှူးမိုးရန်နိုင်ကို ရဲစည်းကမ်းဖောက်ဖျက်မှုနှင့် ထောင်ချလိုက်ပြီဆိုသည့် သတင်းကို သတင်းမီဒီယာများ၏ ဖော်ထုတ် ရေးသားချက်များ အရ ကြားသိရသော်လည်း ထိုသို့ အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ မိသားစုကို အသိပေး၊ အကြောင်းကြားခြင်း၊ ဆက်သွယ်ခြင်း မရှိသလို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နောင်ထားခြင်းကိုပင် မသိရကြောင်း ဒုရဲမှူး မိုးရန်နိုင်၏ ညီဖြစ်သူ ဦးရဲဝင်းနိုင် က ပြောသည်။ ဦးရဲဝင်းနိုင် က “မနက်ကပဲ ဂျာနယ်ထဲမှာ သူ့ကို တနှစ်ချလိုက်ပြီဆိုတာ တွေ့တယ်ဗျ။ မိသားစုကိုတော့ အကြောင်းကြားတာ မရှိဘူးဗျ။ အခုတော့ ကျနော်တို့က သူနဲ့ တွေ့ချင်တာပါပဲ။ သွားတွေ့ဖို့လည်း ကြိုးစားနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ထို့အတူ ဒုရဲမှူး မိုးရန်နိုင်၏ မိသားစုလည်း ဇာတိမြို့ ခင်ဦးသို့ ပြန်သွားပြီဟု ဆိုသည်။ ဒုရဲမှူးမိုးရန်နိုင်သည် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းနှင့် အတူ ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်သော ကိုဝလုံး နှင့် ကိုကျော်စိုးဦး တို့ ၂ ဦးအဖမ်းခံခဲ့ရသော ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တပါတည်း အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ များဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းဖြစ်သည်။ ဆက်စပ် ဖတ်ရှုရန် – ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ထိုက်တဲ့သက်သေအဖြစ် ကြေညာသင့်မသင့် လာမည့်ရုံးချိန်းဆုံးဖြတ်မည် ဒုရဲမှူး မိုးရန်နိုင် ဘယ်ရောက်နေသလဲ The post ထောင်ချခံရသော ဒုရဲမှူး မိုးရန်နိုင် လာမည့်ရုံးချိန်း တက်မှာလား appeared first on ဧရာဝတီ.
Source : https://ift.tt/2JGeSPt
via IFTTT

No comments:

Post a Comment