ပညာရေးဝန်ကြီးသစ် သမ္မတကတော်ဟောင်း ဒေါ်စုစုလွင် ဖြစ်လာမလား အစိုးရ စွမ်းဆောင်ရည် တိုးတက်လာစေရန် ဝန်ကြီးဌာနတချို့ကို ပြုပြင်ပြောင်းလဲရန် ရှိနေရာ သမ္မတ ကတော်ဟောင်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်မှာ ပညာရေး ဝန်ကြီးအသစ် ဖြစ်လာရန် နေပြည်တော်တွင် ရေပန်းစားလျက် ရှိကြောင်း သတင်းရရှိသည်။ ဒေါ်စုစုလွင်သည် ယခင်သမ္မတ ဦးထင်ကျော်၏ ဇနီးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရဲဘော်ရဲဘက်လည်းဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်တဦးလည်းဖြစ်သူ ဗိုလ်မှူးကြီးဟောင်း ဦးလွင်၏ သမီးလည်း ဖြစ်သည်။ ဒေါ်စုစုလွင်နှင့် အလွန် နီးစပ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက “အန်တီက ပညာရေးမှာ တော်တော်များများ လုပ်ခဲ့တာ။ အခု နောက်ပိုင်း ခန့်မယ့်သူတွေက Very Strategic ဖြစ်မှ ရတော့မှာ။ သူ့ရဲ့ အရည်အချင်းကတော့ အများကြီး လုပ်နိုင်တဲ့သူ။ ဝန်ကြီး ဖြစ်နိုင်တဲ့သူ။ Management လည်း အရမ်းကောင်းတဲ့သူ။ အန်တီစုစုလွင်ကတော့ တနေရာကတော့ ဘယ်နေရာဖြစ်ဖြစ် ထိုက်တန်တယ်”ဟု ဧရာဝတီသို့ ပြောသည်။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ကို သမ္မတ တာဝန်ပေးအပ်စဉ်ကပင် ဦးထင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင်မှာ ပညာရေး ဝန်ကြီး ဖြစ်မည်ဟု သတင်းများ ထွက်ပေါ်နေရာ ယခုရက်ပိုင်းတွင် အသံများက ပိုကျယ်လောင်လာခဲ့သည်။ “ပထမ သူ့ကို တာဝန် မပေးတာက ယောကျာ်း သမ္မတ၊ မိန်းမဝန်ကြီးဆိုရင် အဆင်မပြေလို့ တာဝန်မပေးခဲ့တာ။ အရည်အချင်း မရှိလို့ မဟုတ်ဘူး။ သမ္မတကတော်ဆိုတော့ ပေးမရလို့ မပေးခဲ့ရတာ။ အခု ဝန်ကြီးနေရာနဲ့ သူနဲ့ အထိုက်တန်ဆုံးပဲ”ဟု NLD ပါတီမှ သတင်း ရင်းမြစ်တဦးက ပြောသည်။ ပညာရေး တက္ကသိုလ်က ကျောင်းဆရာမ၊ ကမ္ဘာ့ကလေးများ ရန်ပုံငွေ (Unicef) တွင် ကလေးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့သူ ဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်မီ ပညာရှင်မျိုးလည်း ဖြစ်ပြီး NLD ပါတီ အမာခံ၊ သမ္မတဟောင်း ကတော်လည်း ဖြစ်၍ ယခုအချက်များသည် ဝန်ကြီးဖြစ်ရန် အားကောင်းသည့်အချက်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲကို အနိုင်ရရှိပြီးနောက် လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသူ ဒေါ်စုစုလွင်သည် လွှတ်တော် စစချင်းတွင် ပြည်သူ့ လွှတ်တော်နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဌတာဝန် ယူခဲ့သော်လည်း နောက်ပိုင်းတွင် နုတ်ထွက်သွားခဲ့သည်။ အခြေခံ ပညာရေးကို မော်လမြိုင်နှင့် ရန်ကုန်မြို့တို့တွင် ဆည်းပူးခဲ့သူ တဦးဖြစ်ပြီး ပညာရေး တက္ကသိုလ် (ရန်ကုန်)သို့ တက်ရောက်ခဲ့ကြောင်း၊ မဟာဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ)ရရှိခဲ့သူတဦး ဖြစ်ပြီး သြစတေးလျနိုင်ငံတွင် ပညာသင်ကြားဖူးကြောင်းလည်း သိရသည်။ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် ကထိက၊ နိုင်ငံတကာ အဖွဲ့အစည်းများတွင်လည်း ပါဝင်ခဲ့ဖူးသည့် အတွေ့အကြုံရှိပြီး ၁၉၈၈ ခုနှစ် ဆရာသမဂ္ဂ(ရန်ကုန်တက္ကသိုလ်)နှင့် ပညာရေးသုတေသန ဝန်ထမ်းသမဂ္ဂတို့တွင် ပါဝင်ခဲ့ဖူးသည်ဟု သိရသည်။ လက်ရှိ လွှတ်တော်တွင် ဦးဝင်းမြင့် မရှိတော့သည့်အခါ လွှတ်တော် အားကောင်းရေးအတွက်လည်း NLD ခေါင်းဆောင်များက ထည့်သွင်း စဉ်းစားနေရကြောင်း၊ လွှတ်တော်တွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခွင့်အရေးကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေကြရာ လွှတ်တော်တွင်လည်း စွမ်းဆောင်ရည် ရှိသူများ ကျန်ရှိရေး ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်း NLD အသိုင်းအဝိုင်းက ပြောသည်။ “သမ္မတကြီးက အပြောင်းအလဲတွေက ဖြစ်မယ်လို့ ပြောထားတယ်။ အခု အပြောင်းအလဲတွေ အားလုံးကို သမ္မတ စိတ်ကြိုက် လုပ်လို့ ရသွားပြီ။ အရင်က ဘွားတော်က လုပ်တာ။ အခု သင့်တော်မယ့်ဟာကို ပြတ်ပြတ်သားသား ပြောင်းဖို့ကို သမ္မတကို အပြီးလွှဲထားပြီ။ လုပ်ပိုင်ခွင့် Final Decision က သမ္မတအပေါ်မှာ မူတည်သွားတယ်”ဟု ရန်ကုန်တိုင်း NLD ပါတီဝင်တဦးက ပြောသည်။ ပြောင်းလဲရန် ရှိသည့် ဝန်ကြီးဌာန ၃ ခုမှာ ပညာရေး၊ စက်မှုနှင့် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ဖြစ်သည်ဟု NLD ပါတီ အသိုင်းအဝိုင်းက သိရသော်လည်း အစိုးရအဖွဲ့ထံသို့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ “ပညာရေး၊ စက်မှုနဲ့ စိုက်မွေးဆည် ဒီ ၃ ခုကတော့ သေချာတယ်။ စိုက်မွေးဆည်က နဂိုကတည်းက မဖြစ်သင့်ဘူး။ လူရွေးတာလွဲသွား တယ်။ ပညာရေးကလည်း မြင်တဲ့အတိုင်းပဲ။ စက်မှုကလည်း ဦးသောင်းတို့ ခေတ်ကတည်းက ပါလာတဲ့လူတွေကို ထည့်ထားတယ်။ အဆင်မပြေဘူး။ တခုပဲ စိုက်/မွေး/ဆည်က ဝန်ကြီးက ကိုယ့်ဆီကလာတဲ့လူဆိုတော့ ဂုဏ်သိက္ခာအရ သူ့ကိုတော့ တနေရာ ပြန်ရှာပေးလိမ့်မယ်”လို့ NLD လူကြီးပိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များလည်း အပြောင်းအလဲ ဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ပြည်သူ့ လွှတ်တော်တွင် လစ်လပ်နေသည့် ဥပဒေကြမ်း ကော်မတီ ဥက္ကဌအဖြစ် လမ်းမတော် မဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်းကို ခန့်အပ်လိမ့်မည် ဖြစ်ကြောင်း သိရသည်။ “အခု လူတွေကို ရွေ့တဲ့အခါမှာ ရလဒ်တွေ ထွက်ချင်လို့ လုပ်တာ။ ဘယ်ရလဒ်က ပိုအရေးကြီးတယ်ဆိုတာကို လူကြီးတွေက စဉ်းစားရ တော့မှာ။ ပြောင်းတာတော့ ပြောင်းမှာ။ သေချာတယ်”ဟု NLD ပါတီမှ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။ The post ပညာရေးဝန်ကြီးသစ် သမ္မတကတော်ဟောင်း ဒေါ်စုစုလွင် ဖြစ်လာမလား appeared first on ဧရာဝတီ.
Source : https://ift.tt/2r1a9Qv
via IFTTT
No comments:
Post a Comment