တဖက်လူက သင့်ကို ချစ်နေပြီ ဆိုတာ သိနိုင်မယ့် အချက် ၇ ချက် အချစ်ဆိုတာ ဖွင့်ပြောမှာပဲ သိနိုင်မယ့် အရာလား။ တကယ်တော့ ချစ်ခြင်းမေတ္တာမှာ ဖွင့် မပြောပေမယ့် သိနိုင်မယ့် ပေါ်လွင်မှုတွေ ရှိပါတယ်။ တကယ်လို့ အခု ပြောတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့ သူ တဦးဦး သင့် အနီးမှာ ရှိနေရင်တော့ သူဟာ ဖွင့်မပြောသေးသည့်တိုင် သင့်ကို ချစ်ခင်တွယ်တာ နေပြီ ဆိုတာ သိနိုင်တော့မှာ ပါ။ ဒီ အချက်လေးတွေကို အိမ်ထောင်ရေး ပညာရှင် ဒေါက်တာ Suzana E. Flores (ဆူဇနာ အီး ဖလိုရက်) ရဲ့ ပြောကြားချက်တွေကနေ ရယူရေးသား ထားတာပါ။ (၁) သင်နဲ့ အတူ ရှိနေချိန်တိုင်း အကြောင်းရင်း ခိုင်ခိုင်မာမာ မရှိဘဲနဲ့ ပျော်နေလိမ့်မယ် – ဆိုလိုတာက ရယ်စရာ၊ ပျော်စရာ အကြောင်းရင်း ရှိလို့ ရယ်မောခြင်းမျိုး မဟုတ်ပဲ သင်နဲ့ အတူတူ မုန့်စား၊ ကော်ဖီ သောက်နေရင်းကိုပဲ တဖက်လူရဲ့ မျက်နှာမှာ အပြုံးတွေ ဝေဆာနေမယ်၊ ပျော်နေတဲ့ပုံ အမြဲပေါက်နေမယ် ဆိုရင်တော့ သူဟာ သင်နဲ့ အတူ ရှိနေရတာကို နှစ်သက်နေသူ၊ သင့်ကို တဖက်သတ် ချစ်ခင်နေသူဆိုတာ ပေါ်လွင်နေစေပါပြီ။ (၂) သင့်ကို မကြာခဏ ကြည့်နေလိမ့်မယ် – ဟားဗက်တက္ကသိုလ်က စိတ်ပညာရှင် Zick Rubin (ဇစ်ခ်ရူဘင်) က အခု တချက်ကို ပြောပါတယ်။ “လူတဦးဟာ အခြား တယောက်ကို နှစ်သက်ပြီ၊ ချစ်ပြီ ဆိုတာနဲ့ အမြဲ မြင်ချင်နေတတ်တယ်၊ အတူ ရှိနေရင်လည်း အမြဲလိုလို ကြည့်နေတတ်တယ်။ လေ့လာချက် တခု အရ ဆိုရင် အတူရှိချိန် အကြည့်ရဲ့ ၇၅ ရာခိုင်နှုန်း လောက်ထိ သူ ချစ်သူရဲ့ မျက်နှာနဲ့ ကိုယ်ပေါ်မှာပဲ မျက်လုံးက ရောက်နေတတ်တယ်” လို့ ဆိုပါတယ်။ (၃) သင့်ကို ဦးစားပေးလိမ့်မယ် – ဘာပဲ လုပ်လုပ်၊ ဘယ်လို အကြောင်းအရာကြောင့်ပဲ ဖြစ်ဖြစ် သင့်ကို ဦးစားပေးပါ လိမ့်မယ်။ သင် ဖြစ်ချင်တာကို သူ လိုက်လုပ်ပါလိမ့်မယ်။ ပျော်ရွှင်မှုတွေ မျှဝေလာပါလိမ့်မယ်၊ သူ့ အတွက် အဓိက လိုအပ်ချက်က သင်နဲ့ အတူ အချိန်တွေ ကုန်ဆုံး စေချင်တာဖြစ်လို့ သင့် အလိုကို လိုက်ပြီး သင့် အနားမှာ အတတ်နိုင်ဆုံး နေရဖို့ သူ ကြိုးစားပါလိမ့်မယ်။ သင့် စကားတွေကို သူမှတ်ထားမယ်၊ ဥပမာ သင် ဘာကြိုက်တတ်တယ် ဆိုတာကို သူ ရွေးပြီး လက်ဆောင်ပေးတာမျိုး၊ သင် မကြိုက်ဘူး ဆိုတာကို သူ လုံး၀ မလုပ်ဘဲ ရှောင်တာမျိုးတွေကလည်း သင့်ကို ဦးစားပေးခြင်းတွေ ပါပဲ။ (၄) အဆိုး၊ အကောင်း မှန်သမျှ မျှဝေခံစားလိမ့်မယ် – ချစ်သူ အနေနဲ့တောင် မဟုတ်ဘဲ သူငယ်ချင်း ဆိုရင်တောင်မှ အဆိုး၊ အကောင်း မှန်သမျှ အတူ ခံစားမှ သူငယ်ချင်းကောင်းလို့ ဆိုနိုင်မယ် မဟုတ်လား။ အခုတော့ သင့်ကို တဖက်သတ် ချစ်နေသူ တဦး အနေနဲ့ သင့်ရဲ့ ခံစားရသမျှကို သူပါဝင် ခံစားချင်မှာ အမှန်ပါပဲ။ သင် ဝမ်းနည်းရင် သူက အားပေးပါလိမ့် မယ်၊ သင် ပျော်နေရင် သူလိုက်ပျော်ပါ လိမ့်မယ်။ သင် အကူအညီ လိုချိန် သူ ရှိနေပေးပါလိမ့်မယ်။ ဒါဟာ သင့်ကို ချစ်နေတဲ့ အတွက်ကြောင့်ပါ။ (၅) အကြောင်းချင်းရာ အသေးလေးတွေကိုတောင် မှတ်ထားတတ်တယ် – သင့် မွေးနေ့၊ သင် သွားတတ်တဲ့ နေရာတွေ၊ သင့် အကြိုက်တွေကို မဆိုထားပါနဲ့၊ သူနဲ့ ပတ်သက် ပြောဆိုသမျှတွေထဲမှာ သင့်ဆီကနေ အလွယ်တမ်း ပြောဖြစ်လိုက်တဲ့ စကားလေးတွေ၊ အကြောင်းအရာ လေးတွေကိုတောင် သူ မှတ်ထားပါလိမ့်မယ်။ ဥပမာ ဘာမှ မရည်ရွယ်ပဲ သင်တို့ နှစ်ယောက် စကားပြောဖြစ်ရင်း ‘နောက်လထဲမှာ လုပ်အားပေး တခု သွားမယ်၊ အမြဲတမ်း အလုပ်မဟုတ်တဲ့ အကြောင်း တခုကို ပြောဖြစ်လိုက်တယ်’ ဆိုပါစို့၊ တလ ဆိုတဲ့ ရက်ပေါင်း ၃၀ လောက် အချိန်ထိ သူ မေ့မှာ မဟုတ်ပါဘူး။ သင်နဲ့ အတူ ပရဟတိ လိုက်ဖို့၊ သွားဖို့ သူ မှတ်ထား၊ ကြိုးစားတာမျိုးတွေ လုပ်ပါလိမ့်မယ်။ ဒီလိုပဲ အရာရာတိုင်း ကိစ္စအသေးလေးတွေ က အစ သူ မှတ်ထားပါလိမ့်မယ်။ (၆) သူ့ဘဝရဲ့ အရေးတကြီး တန်ဖိုးထားရသူတွေနဲ့ တွေ့ပေးလိမ့်မယ် – ချစ်သူတွေ မဟုတ်ပေမယ့် သင့်ကို တဖက်သတ် ချစ်နေသူက သူ့ မိသားစု အသိုင်းအဝိုင်းအတွင်းကို ခေါ်ပါလိမ့်မယ်။ ဥပမာ မွေးနေ့ပွဲတို့၊ အလှူတို့လို အကြောင်းပြချက် တွေနဲ့ အတူ အဆိုပါ ပွဲမှာလည်း သူ့မိဘ၊ မောင်နှမ၊ သူငယ်ချင်း စတဲ့ သူ့ဘဝရဲ့ တန်ဖိုးထားရသူတွေနဲ့ မိတ်ဆက်ပေးဖို့ သူ ကြိုးစားပါလိမ့်မယ်။ အကြောင်းကတော့ သင့်ကို သူ ချစ်နေသလို ဘ၀ လက်တွဲဖော် အဖြစ် တန်ဖိုးထား ရွေးချယ် ခံစားနေလို့ ဖြစ်ပါတယ်။ (၇) အနာဂါတ်အကြောင်းကို ပြောလာလိမ့်မယ် – ဘာရယ် မဟုတ်ပဲ သင်နဲ့ စကားပြောနေချိန် သူ ဘယ်လို မိသားစု ဘဝကို ပိုင်ဆိုင်ချင်တယ်၊ နောက်ဆိုရင် ဘယ်မှာ နေမယ်၊ ဘယ်လို စီးပွားရေး လုပ်ချင်တယ် ဆိုတာကနေ သင်နဲ့ ဆင်တူတဲ့ အိမ်ထောင်ဖက် တယောက် လိုချင်မိတယ် ဆိုတဲ့ အကြောင်းတွေပါ ရိပ်ဖမ်းသံဖမ်း ပြောလာနိုင်ပါတယ်။ သေချာတာ ကတော့ သူ့ ဘဝထဲမှာ သင့်ကို လက်တွဲဖော် အဖြစ် ရွေးချယ် ထားပြီးသား ဖြစ်နေလို့ သူ့ရဲ့ အနာဂါတ်ကို စဉ်းစားထားပြီးသား ပုံစံချ ရည်ရွယ်ထားတာမျိုး ရှိနေတတ်ပါတယ်။ Ref: www.businessinsider.com The post တဖက်လူက သင့်ကို ချစ်နေပြီ ဆိုတာ သိနိုင်မယ့် အချက် ၇ ချက် appeared first on ဧရာဝတီ.
Source : https://ift.tt/2qVtXFA
via IFTTT
No comments:
Post a Comment