Wednesday, April 25, 2018


အမှိုက်ပုံမီးကြောင့် ရန်ကုန်လေထု ညစ်ညမ်းနေ ၅ ရက်ကြာ မီး ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်သည့် ထိန်ပင် အမှိုက်ပုံမှ ထွက်ရှိသည့် မီးခိုးငွေ့များကြောင့် လေသင့်ပြီး မီးခိုးသွားရာ နေရာများတွင် ပုံမှန်ရှိသင့်သည့် လေထု အရည်အသွေးထက် ကျော်လွန်ပြီး ညစ်ညမ်းနေ ကြောင်း စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်း (ALARM) က ပြောသည်။ ဧပြီလ ၂၄ ရက်၌ ALARM အသင်းက ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ်ရှိ မီးလောင်နေသည့် ထိန်ပင် အမှိုက်ပုံနှင့် ပေ ၃၀၀ အကွာအဝေးသို့ သွားရောက်ကာ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီထိ လေထုအရည်အသွေး တိုင်းတာ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ALARM မှ Mobile Lab Technician ဦးစအောင်သက်ဦးက “ပုံမှန်ထက် ပတ်ဝန်းကျင်မှာ ရှိသင့်တဲ့ လေထု အရည် အသွေး ထက် ၄ ဆနဲ့ ၅ ဆကြား ပိုဆိုးနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ALARM သည် အများပြည်သူ ကျန်းမာရေးနှင့် သက်ဆိုင်သည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို အခမဲ့တိုင်းတာ ပေးနေ သည့် အသင်းတခု ဖြစ်ပြီး စီးပွားရေး လုပ်ငန်းများနှင့် အခြားပုဂ္ဂလိက ကိစ္စရပ်များ အတွက်လည်း အခကြေးငွေဖြင့် တိုင်းတာမှုများ ပြုလုပ်နေသည့် အသင်း ဖြစ်သည်။ ALARM က ပတ်ဝန်းကျင် လေထုအရည်အသွေး တိုင်းတာစက်ဖြင့် တိုင်းတာခဲ့ခြင်း ဖြစ်ပြီး လေထု ညစ်ညမ်းမှုသည် လေတိုက်သည့် ဦးတည်ချက်ပေါ် မူတည်ပြီး မီးခိုးငွေ့သွားရာ နေရာများတွင် ဖြစ်ပေါ်နိုင်ခြင်းကြောင့် လေထုညစ်ညမ်းမှု ဖြစ်နိုင်သည့် ဧရိယာများကို အတိအကျ ပြောဆိုနိုင်ခြင်း မရှိကြောင်း၊ တိုင်းတာခဲ့သည့် နေရာသည် အမှိုက်ပုံနှင့် နီး သည့် အကွာအဝေးနေရာတွင် တိုင်းတာခဲ့ခြင်းဖြစ်ကြောင်း ဦးစအောင်သက်ဦးက ဆိုသည်။ တိုင်းတာမှုအရ လေထုထဲတွင် နိုက်ထရိုဂျင် အောက်ဆိုဒ်၊ လေထုထဲတွင် ပါဝင်သည့် အမှုန်များ ဖြစ်သည့် Particulate Matter PM 10 နှင့် PM 2.5 ၊ ဆာလဖာဒိုင် အောက်ဆိုဒ်၊ ကာဗွန်ဒိုင် အောက်ဆိုဒ်၊ ကာဗွန်မို နောက် ဆိုဒ်၊ မီသိန်း၊ အပူချိန်၊ Volatile Organic Carbon ၊ လေတိုက်နှုန်း၊ လေတိုက်ရာ အရပ်၊ ဓာတ်ရောင်ခြည်၊ စိုထိုင်းဆ တို့ကို လေ့လာ တိုင်းတာ ခဲ့ရာ အသက်ရှူရာမှ အဆုတ်ထဲသို့ တိုက်ရိုက်ဝင်သွားနိုင်သည့် Particulate Matter PM 10 နှင့် PM 2.5 အမှုန်များ၊ မီးခိုးပြာ များဖြစ်သည့် ဆာလဖာဒိုင် အောက်ဆိုဒ်နှင့် နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်များ များပြား နေသည်ကို တွေ့ရသည်ဟု သိရသည်။ ဦးစအောင်သက်ဦးက “အသက်ရှုလမ်းကြောင်းထဲ တိုက်ရိုက်ဝင်သွားနိုင်တဲ့ အမှုန်အမွှားတွေ တွေ့ရတယ်။ လောင် ကျွမ်း နေတဲ့ အချိန်တွေ ဖြစ်နေတော့ လေထု ညစ်နေတယ်ခင်ဗျ။ ဒါကို အများပြည်သူအနေနဲ့ အကြာကြီး လေသင့်လို့ ကိုယ့်ဆီ လေကြောင်းကျလာရင် ၃နာရီထက် ပိုမရှုသင့်ဘူး။ ဆာလဖာကြောင့် မူးမေ့လဲတာ ဖြစ်နိုင်တယ်” ဟု ပြော သည်။ တိုင်းတာသည့် စက်သည် လေထုညစ်ညမ်းမှုကိုသာ တိုင်းတာနိုင်ပြီး လူကို အန္တရာယ်ဖြစ်စေသည့် ဓာတုဓာတ်ငွေ့ များ ပါမပါကို တိုင်းတာနိုင်ခြင်း မရှိကြောင်း၊ တိုင်းတာချက်များ အရ ညှော်နံ့များသည် ပလတ်စတစ်နှင့် အိမ်သုံးပစ္စည်း လောင်ကျွမ်းသည်မှ ထွက်ရှိသည့် မီးခိုးညှော်နံ့များ ဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။ ဧပြီလ ၂၄ရက် ညနေပိုင်းက ထိန်ပင်အမှိုက်ပုံမှ မီးခိုးငွေ့များသည် မီးလောင်ကျွမ်းရာ လှိုင်သာယာမြို့နယ် အပြင် အင်းစိန်၊ လှိုင်၊ ကမာရွတ်၊ အလုံ၊ ကြည့်မြင်တိုင်၊ ကျောက်တံတား၊ ဗဟန်း၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ ဒေါပုံနှင့် သာကေတမြို့နယ် များအထိပါ ပလတ်စတစ်ညှော်နံ့များ ရကြောင်း ထိုမြို့နယ်များတွင် နေထိုင်သူများက ပြောဆိုကြ သည်။ အင်းစိန်မြို့နယ်တွင် နေထိုင်သူ ဦးကိုကိုထွေးက “ကျနော်တို့ဆီမှာ မီးစလောင်တည်းက ညောှ်နံ့ရတာ။ ညဆို အိပ်လို့ တောင်မရဘူးဗျ။ ကျနော်က အင်းစိန် ဘိုကုန်းမှာ နေတယ်။ မနက်ရုံးလာတက်တယ် အလုံကို။ ရုံးထိပါ ညှော်နံ့က လိုက်လာ တယ်။ တော်တော် ဆိုးတယ်”ဟု ပြောသည်။ ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူ မမွန်မွန်ကလည်း ဧပြီလ ၂၄ရက် ညနေပိုင်းက ပလတ်စတစ်ညှော်နံ့များ ရသဖြင့် အိမ်အတွင်း၌ ဝါယာရှော့ ဖြစ်သည်ဟု ထင်ပြီး မိသားစုဝင်များက မီးများပိတ်ကာ လိုက်လံရှာဖွေခဲ့ကြောင်း ရပ်ကွက် အတွင်း နေထိုင်သူများလည်း ညှော်နံ့ရသည်ဟုဆိုကာ လမ်းမပေါ် ထွက်လာကြမှ ထိန်ပင်အမှိုက်ပုံ ညှော်နံ့ လွင့်လာ ခြင်းဖြစ်သည်ကို သိရှိရကြောင်း ပြောပြသည်။ ဦးစအောင်သက်ဦးက “လေက နာရီနဲ့အမျှ အရပ်လေးမျက်နှာ ဝေ့တိုက်နေတယ်။ လေအထက်မှာ ညှော်နံ့ မရတဲ့ နေရာမှာ နေပေးဖို့ ပြောချင်တယ်။ အမှိုက်ပုံ ဧရိယာထက်စာရင် လေကြောင်းကျတဲ့ နေရာက အန္တရာယ် ရှိတယ်။ အကြာကြီး နာရီပေါင်းများစွာ ရှုရင်မကောင်းဘူး။ အဓိက ကလေးတွေနဲ့ အသက်ကြီးသူတွေ အချိန်ကြာကြာ ရှုရင် မကောင်းဘူး” ဟု ပြောဆိုသည်။ လေဦးတည်ချက်ကြောင့် မီးခိုးညှော်နံ့များ မိမိ နေအိမ်များအနီး ရောက်လာပါ က ၃နာရီထက်ပိုပြီး ရှုရှိုက်ရန် မသင့် သဖြင့် နှာခေါင်းစည်းများ တပ်ထားသင့်ကြောင်း၊ ပြောင်းရွှေ့ရန် လွယ်ကူပါက မီးခိုးညှော်နံ့ မရတော့သည် အထိ အခြား တနေရာ သို့ ပြောင်းရွှေ့ နေထိုင်သင့်ကြောင်း သို့မဟုတ် လေတိုက်သည့်အရပ်နှင့် ဆန့်ကျင်ဘက်နေရာသို့ ခေတ္တ ရှောင်နေသင့်ကြောင်းလည်း ၎င်းက အကြံပြုသည်။ နှာခေါင်းစည်း (Mask) အသုံးပြုရာတွင်လည်း ထိန်ပင်အမှိုက်ပုံနှင့် ဝေးပြီး မီးခိုးညှော်နံ့ များများ မရသူများမှာ သာမန် တခါသုံးနှာ ခေါင်းစည်းများ အသုံးပြု၍ အဆင်ပြေသော်လည်း မီးခိုးညှော်နံ့များများ ရသူများမှာ ဓာတ်ငွေ့ ကာကွယ် သည့် နှာခေါင်းစည်းများကို အသုံးပြုသင့်သည်ဟုလည်း ဦးစအောင်သက်ဦးက ဆက်လက်ပြောဆိုသည်။ မီးခိုးညှော်နံ့များ အချိန်ကြာကြာ ရှုရှိုက်ခြင်းကြောင့် မူးမေ့လဲခြင်း၊ မျက်စိစပ်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်း ယားယံ ခြင်းနှင့် အရေပြားအဖုများ ထွက်ခြင်း ဖြစ်နိုင်သည်ဟုလည်း သိရသည်။ ဦးစသက်အောင်က “မီးခိုးသင့်တဲ့ များတဲ့ နေရာက Mask တပ်တာအပြင် မီးခိုးတိတ်တဲ့ အထိ ရှောင်နေတာ ပိုကောင်း မယ်။ လေထုညစ်ညမ်းမှုက ရက်တိုအတွင်းမှာ ရောဂါချက်ချင်း မပေါ်နိုင်ဘူး။ ရှုမိတဲ့ ပမာဏပေါ်မူတည်ပြီး နောက် ဆက် တွဲ ဖြစ်သင့်တဲ့ သဘောပါ။ ကျနော့်အမြင်ကတော့ များများမရှုမိအောင် ဂရုစိုက်ဖို့ လိုတယ်။ နည်းနည်းရှုမိတာ ပြဿနာ မရှိပေမယ့် များများ ရှုမိရင်တော့ ပြဿနာရှိပါတယ်”ဟု ပြောသည်။ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုမှ ထွက်သည့် မီးခိုးညှော်နံ့များကြောင့် လှိုင်သာယာမြို့နယ်အတွင်း လူ ၃၀ကျော် မူးမေ့ လဲပြီး ၁၆ ဦး လှိုင်သာယာ ဆေးရုံးကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူခဲ့ရသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်၏ သတင်း ထုတ်ပြန်ချက်အရ ထိန်ပင်သုသာန်အနီးရှိ အမှိုက်ပုံသည် ဧရိယာ စတုရန်း ဧက ၃၀၀ ခန့် ရှိပြီး ဧပြီလ၂၁ ရက် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် စတင်မီးလောင်ပြီး မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်း သတ် ယာဉ် ၁၆ စီး၊ မီးသတ်ရေသယ်ယာဉ် ၄ စီး၊ မီးသတ်အထောက်အကူပြုယာဉ် ၆ စီး၊ အုပ်ချုပ်မှုယာဉ် ၆ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ မိတ်ဖက်ယာဉ် ၄ စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၂၁၃ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦးတို့ဖြင့် မီးငြှိမ်းသတ် နေကြောင်းနှင့် လက်ရှိတွင် ဧက ၁၀၀ ခန့် မီးလောင်လျက် ရှိကြောင်း သိရသည်။ The post အမှိုက်ပုံမီးကြောင့် ရန်ကုန်လေထု ညစ်ညမ်းနေ appeared first on ဧရာဝတီ.
Source : https://ift.tt/2KbdsNM
via IFTTT

No comments:

Post a Comment