လုပ်ငန်းခွင်က ငြင်းပယ်ခြင်းအလှ ၉ ချက် လုပ်ငန်းခွင် ဝင်တယ်၊ ဝန်ထမ်း တယောက် ဖြစ်ပြီ ဆိုကတည်းက ပေးလာသမျှ အလုပ်တိုင်းကို ခေါင်းငြိမ့်ပြီး လက်ခံ လုပ်ပေးဖို့ လိုအပ်ပါ သလား။ တကယ်တော့ ဒီနေ့ခေတ် ဝန်ထမ်းလောကမှာ ဝန်ထမ်းတွေရဲ့ လုပ်ပိုင်ခွင့်တွေ၊ ရပိုင်ခွင့်တွေ ရှိနေပြီ ဖြစ်လို့ အထက်က ပြောလာ၊ ခိုင်းလာသမျှကို ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုပြီး လက်ခံနေဖို့ မလိုပါဘူး။ အခု ပြောမယ့် အကြောင်းအရာ ၉ ခုက သင့် အနေနဲ့ နိုး ဆိုပြီး ငြင်းသင့် တာတွေပါ။ (၁) အကျိုး မရှိမယ့် အလုပ်တာဝန်မျိုး – IBM ကုမ္ပဏီရဲ့ အုပ်ချုပ်သူ ကက်သရင်းဒီဗာရိုင်း (Catherine De Vrye) ရေးသားတဲ့ လုပ်ငန်းခွင်ထဲက တန်ဖိုးအကြီးဆုံး စကား ၇ ခွန်း ဆိုတဲ့ စာအုပ်ထဲမှာ “ကျမတို့ အမြဲတမ်း လုပ်ငန်းခွင် ဝင်နေရမှာ ပါ၊ တာဝန်တွေ ယူနေရမှာပါ၊ ဒါပေမယ့် အကျိုး မရှိနိုင်မယ့် တာဝန်တခု အတွက် အချိန်ကုန် မခံတာ အကောင်းဆုံးပါ” လို့ ရေးသားထားပါတယ်။ သင့် အနေနဲ့လည်း အချိန်သာကုန်သွားမယ်၊ အကျိုး မရှိနိုင်ဘူး၊ သင့် အနေနဲ့ မစွမ်းနိုင်ဘူး ယူဆတဲ့ အလုပ်တာဝန်မျိုးကို ငြင်းပယ်လိုက်ပါ။ (၂) ဦးတည်ချက်နဲ့ တာဝန်ယူရမှု သေချာ မပြောတဲ့ တာဝန်ပေးတာမျိုး – သင့်ကို အထက်ကနေ တာဝန် တခု ပေးအပ်တယ်။ ဒါပေမယ့် အဆိုပါ တာဝန်မှာ သင်ဟာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ရမှာပါလဲ။ ခေါင်းဆောင်လား၊ နောက်လိုက်လား၊ စသဖြင့် ပေါ့၊ ပြီးတော့ အဆိုပါ တာဝန်နဲ့ ပတ်သတ်ပြီး အောင်မြင်ရင် ဘယ်လိုခံစားခွင့် ရှိမယ်၊ မအောင်မြင်ရင် ဘယ်လို ဆုပေး၊ ဒဏ်ပေးစနစ် ရှိမယ်။ ဆုပေး၊ ဒဏ်ပေး မရှိရင်တောင် နောက်ဆက်တွဲ သင့်ကို အမြင် မကြည်တာတွေ ဖြစ်လာနိုင်၊ မလာနိုင် သေချာ မသိရတဲ့ တာဝန်မျိုး ပေးလာရင် လက်မခံပါနဲ့။ ငြင်းပယ်လိုက်ပါ။ (၃) မလိုလားအပ်တဲ့ အစည်းအဝေးခေါ်ဆိုမှုတွေ – Harvard Business Review ရဲ့ လေ့လာချက်တွေ အရ ကုမ္ပဏီ အစည်းအဝေး ကျင်းပခေါ်ဆိုမှု ၇၁ ရာခိုင်နှုန်းလောက်က အလုပ် မတွင်ဘူး၊ ထိရောက်မှု မရှိဘဲ အစည်းအဝေး အချိန်သာ ကုန်သွားတတ်တယ် လို့ ဆိုပါတယ်။ ဒီတော့ အပတ်စဉ် ဆိုတာမျိုး၊ နေ့စဉ် ဆိုတာမျိုး ထိရောက်မှု မရှိနိုင်တဲ့ အစည်းအဝေး ခေါ်ဆိုမှုတွေကို ငြင်းပယ်လိုက်ပါ။ မိမိ အလုပ်ထဲမှာပဲ အချိန်ပြည့် တာဝန်ယူဖို့ပဲ စဉ်းစားလိုက်ပါ။ (၄) အချိန်ပြည့် ပြန်ကြားပေးဖို့ ခိုင်းတာတွေ – လူမှုကွန်ရက်တွေ အသုံးများလာတဲ့ ခေတ်ထဲမှာ ကုမ္ပဏီတိုင်းက Website တွေ ထောင်ထားတယ်၊ Facebook Page တွေလိုရောပေါ့။ ဒီနေရာမှာ မိမိ တာဝန်ယူရတဲ့ အပိုင်းနဲ့ ပတ်သတ်ပြီး အလုပ်ချိန် ပြင်ပမှာတောင် ဖောက်သည်က တစုံတရာ မေးလာခဲ့ရင် အချိန်ပြည့် ဖြေကြားပေးဖို့ အထက်က တာဝန်ပေးလာ တတ်ပါတယ်။ ဒါဟာ အလုပ်ချိန် ပြင်ပမှာပါ ဝန်ပိစေတာ ဖြစ်လို့ ဒီလို တာဝန်မျိုးကိုလည်း ငြင်းပယ်လိုက်ပါ။ (၅) တာဝန်အပိုပေးအပ်လာခြင်း – သင့် အနေနဲ့ လက်ထောက် စာရင်းကိုင်တဦး ဆိုပါစို့၊ တာဝန်ခံ လက်မှတ်ထိုးရမယ့် မန်နေဂျာ နေရာမျိုးကို အစားဝင် လက်မှတ်ထိုးဖို့ ဆိုတာမျိုး တာဝန်ပေးအပ်လာရင် ငြင်းပယ်လိုက်ပါ။ သင့် အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ (၆) လုံလောက်တဲ့ အလုပ်ချိန် မပေးခြင်း – ကုမ္ပဏီရဲ့ ဦးတည်ချက် တခုခု ရှိလာမယ်၊ ဥပမာ ကုမ္ပဏီထုတ် ကုန်ပစ္စည်း ၁ ထောင်ကို ၁ ပတ် အတွင်း ကုန်အောင် ရောင်းချနိုင်ရမယ် ဆိုတာမျိုး ပေါ့။ ဒါပေမယ့် ပုံမှန် အရ တရက်ကို ကုန်ပစ္စည်း ၁၀၀ ပဲ ရောင်းချနေရတယ်၊ ဒါဆိုရင် ၁ ပတ် အတွက် ၇၀၀ ပဲ ရောင်းရမယ်၊ သင့်ကို ၁ ပတ် အတွင်း ၁ ထောင် ကုန်အောင် ရောင်းခိုင်းလာပြီ ဆိုရင်တော့ တခြား ဝန်ထမ်း အကူပေးမှာလား၊ ဝန်ဆောင်မှုတွေ၊ အပိုဆုကြေးတွေ၊ ဈေးကွက် အနေအထား ဖြစ်နိုင်မှုတွေကို ထည့်တွက်ပါ။ ယေဘုယျ အနေနဲ့တော့ ဒီလို လုံလောက်တဲ့ အချိန်မပေးပဲ ခိုင်းစေလာမှုကို ငြင်းပယ်လိုက်ပါ။ (၇) အကြောင်းအရင်း သေချာမသိပဲ ထောက်ခံချက် ရေးခိုင်းခြင်း – လူပုဂ္ဂိုလ် အကြောင်းလည်း ဖြစ်နိုင်သလို ကုမ္ပဏီထုတ် ကုန်ပစ္စည်း အကြောင်းလဲ ဖြစ်နိုင်ပါတယ်။ သင် သေသေချာချာ မသိတဲ့ အကြောင်းအရာ တခုကို ထောက်ခံချက် ရေးခိုင်းလာမယ် ဆိုရင် ငြင်းပယ် လိုက်ပါ။ (၈) အလုပ်ချိန် အပိုခိုင်းစေလာခြင်း – Overtime ဆိုတဲ့ အပိုချိန်ကိုမှ နောက်ကျလွန်းမယ့် အလုပ်ချိန်မျိုး တာဝန်ယူစေတာ တွေ၊ OT ကြေး ကောင်းကောင်း၊ သေသေချာချာ သတ်သတ်မှတ်မှတ် မရှိဘဲ ခိုင်းစေတာတွေ၊ ဒီနေ့ ဒီအလုပ်ပြီးမှ အိမ်ပြန်ဖို့ ဆိုတဲ့ အပြီး ခိုင်းစေတာမျိုး တွေကို ငြင်းပယ်လိုက်ပါ။ (၉) အခြားသူနဲ့ သင့်တော်ပါလျက်နဲ့ မိမိကို တာဝန်ပေးအပ်လာခြင်း – အကြောင်းချင်းရာ တခုခု မရှိဘဲနဲ့၊ ဒီလို သင့်တော်သူ ရှိပါလျက်နဲ့ သင့်ကို တာဝန်ပေး မလာသင့်ပါဘူး။ တကယ်တမ်း ကျွမ်းကျင်သူ တယောက်က လုပ်သွားမယ် ဆိုရင် သင့်လောက်လည်း အချိန်မပေးရဘဲ အလုပ်ပြီးသွား ပါလိမ့်မယ်။ ဒီတော့ ကိုယ်လည်း မကျွမ်းကျင်ဘူး၊ တခြား ကျွမ်းကျင်သူလည်း ရှိနေပါလျက်နဲ့ သင့်ကို အလုပ်တာဝန် တခုခု ပေးလာရင်တော့ ငြင်းပယ်လိုက်တာ အကောင်းဆုံးပါ။ ။ Ref: www.businessinsider.com The post လုပ်ငန်းခွင်က ငြင်းပယ်ခြင်းအလှ ၉ ချက် appeared first on ဧရာဝတီ.
Source : https://ift.tt/2vQFj2M
via IFTTT
No comments:
Post a Comment