ပြန်လွတ်လာသည့် နိုင်/ကျဉ်းများကို AAPP ကူညီမှုများပေးမည် နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး လွတ်ငြိမ်း သက်သာခွင့်ဖြင့် အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာကြ သော အကျဉ်းသားများထဲမှ နိုင်ငံရေး အကျဉ်းသား (နိုင်/ကျဉ်း)များကို ခရီးစရိတ်နှင့် အခြားလိုအပ်ချက်များ ကူညီ ပေးသွား မည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ပြောသည်။ သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၈ ခုနှစ် ဧပြီ ၁၇ ရက်က အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျ ခံနေကြရ သည့် နိုင်ငံသား အကျဉ်းသား/သူ ၈၄၉၀ နှင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၅၁ ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်း သက်သာခွင့် ပေးလိုက်သည်ဟု နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ ယင်းထဲမှ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က သတ်မှတ်ထားသော နိုင်ငံရေး အကျဉ်းသား ၃၆ ဦး ပါဝင်ခဲ့သည့် အတွက် ၎င်းတို့ကို လမ်းခရီးစရိတ် ၁ ဦးလျှင် ၅ သောင်းကျပ်စီ ထောက်ပံ့ ပေးသွား မည် ဖြစ်သည့် အပြင် အခြား လိုအပ်ချက်များကိုလည်း ကူညီပေးသွားမည်ဟု AAPP တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည် က ပြောသည်။ ဦးဘိုကြည်က “နယ်တွေကို ပြန်ဖို့ အကူအညီ လိုအပ်သူများကို ခရီးစရိတ်အဖြစ် ၁ ယောက်ကို ၅ သောင်းကျပ် အကူ အညီ ပေးပါမယ်။ တခြား လိုအပ်ချက်များ ရှိခဲ့လို့ အခက်အခဲရှိသူများကို တတ်နိုင်သလောက် အကူအညီပေးပါမယ်။ မနေ့က အင်းစိန်ထောင်က လွတ်လာသူများကိုတော့ တယောက်ကို ၅ သောင်းကျပ်စီ ကူညီပေးထားပြီးပါပြီ” ဟု လည်း ပြောပြသည်။ လက်ရှိတွင် AAPP က သမ္မတ လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွတ်မြောက်လာသည့် နိုင်/ကျဉ်း ၃၆ ဦးတွင် အင်းစိန် ထောင်မှ လွတ်လာသော အကျဉ်းသား ၈ ဦးအား ၁ ဦးလျှင် လမ်းစရိတ် ၅ သောင်းကျပ်စီ ထောက်ပံ့ ပေးထားကြောင်း ၎င်းက ဆက်လက် ပြောသည်။ ထို ၈ ဦးမှာ အောင်မျိုးသူ၊ မင်းမင်းထွန်း၊ စောဂေးသမူ၊ စောဝါးလေး(ခ) စောတင်ဝင်း၊ စိုင်းတင်မင်းထွန်း၊ ဇော်သက်အောင်၊ ဇော်မင်းသန်း(ခ) ကျော်စိုး၊ စိုင်းလုံ(ခ)လုံးထည်တို့ ဖြစ်သည်ဟု ဆိုသည်။ AAPP ၏ စာရင်းအရ ပြစ်ဒဏ် ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား ၅၃ ဦးရှိရာမှ ၃၆ ဦးသာ လွတ်မြောက်လာပြီး ၁၈ ဦး ကျန်ရှိနေသေးကြောင်း ထို့ပြင် အကျဉ်းထောင် အသီးသီးတွင်းမှ တရား ရင်ဆိုင်နေရသူ ၇၄ ဦး ရှိနေသလို အကျဉ်းထောင် ပြင်ပမှ တရား ရင်ဆိုင်နေရသူ ဦးရေ ၁၂၀ ရှိနေသေးကြောင်း ဦးဘိုကြည်က ပြောသည်။ AAPP က နိုင်ငံရေး အကျဉ်းသားကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် မည်သူမဆို၊ မည်သည့် အကြောင်းကြောင့်ဖြစ်စေ လွတ် လပ်မှု၊ တရား မျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသား အားလုံးပါဝင်သည့် နိုင်ငံသား အခွင့်အရေးတို့ အတွက် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည် ပါဝင် ခြင်း၊ ဆက်စပ် ပတ်သက် ခြင်းတို့ကြောင့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်း အရ ဖြစ်စေ၊ တရားမကြောင်း အရ ဖြစ်စေ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ် ချမှတ်ခံရသူများ အားလုံးကိုလည်းကောင်း နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ် ကြောင်း ဖော်ပြထားသည်။ လွတ်ငြိမ်းသက်သာခွင့်တွင် မပါဝင်သော လက်ကျန် နိုင်ငံရေး အကျဉ်းသားများ အတွက်ကိုလည်း ထပ်မံစဉ်းစားပေး ရန် တချို့သော နိုင်ငံရေး အကျဉ်းသားဟောင်းများ အတွက် မှတ်ပုံတင်နှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လိုင်စင် များကို ပြန်လည် ထုတ်ယူခွင့်ပြု ပေးရန်နှင့် အလုပ် ခေါ်စာများတွင် နိုင်ငံရေး ပြစ်မှုများဖြင့် ပြစ်ဒဏ် ကျခံရသူများ မပါဝင်စေရ ဆိုသော စကားစုကို ဖြုတ်ပေးရန် စသည့် အခြေအနေများအပေါ် ညွန်ကြားချက် ထုတ်ပြန်ပေးရန်လည်း AAPP က မေတ္တာ ရပ်ခံထားသည်။ AAPP က သတ်မှတ်ထားသည့် နိုင်/ကျဉ်း စာရင်း ၃၆ ဦးတွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ခေါင်းဆောင်ဟောင်းလည်းဖြစ် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) ဗဟို ကော်မတီဝင် လည်း ဖြစ်သူ ရဲဘော် သံချောင်း (ခ) ဗိုလ်မှူးကြီး စဝ်ခွန်ကျော် ပါဝင်ခဲ့ သည်။ အလားတူ တပ်မတော် အစိုးရ လက်ထက်က လျှို့ဝှက်သတင်း ပေါက်ကြားမှုဖြင့် သေဒဏ်ကျခံနေရသူ ဗိုလ်မှူးဝင်းနိုင် ကျော် လည်း ပါဝင်လာခဲ့သည်။ ရဲဘော် သံချောင်း(ခ) ဗိုလ်မှူးကြီး စဝ်ခွန်ကျော်ကို AAPP က နိုင်/ကျဉ်း စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း အတွက် ဝေဖန် ခဲ့ကြသည့်အပေါ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ နှင့် ပတ်သက်ပြီး အဖမ်းခံရသူများအား နိုင်/ကျဉ်းအဖြစ် သတ်မှတ်ထားပြီး ကိုသံချောင်းကို မိခင်အဖွဲ့အစည်း RCSS/SSA ဟု စာရင်း ထည့်သွင်းထားကြောင်း ပြန်လည် ရှင်းလင်း ထားသည်။ ထို့နောက် ကိုသံချောင်း အနေနှင့် ABSDF မြောက်ပိုင်း၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များသည် သီးခြားစီဖြစ်ကြောင်း၊ ယင်း ဖြစ်ရပ်များနှင့်ပတ်သက်ပြီး အရေးယူခြင်း မယူခြင်းသည် ပါဝင် ပတ်သက်သူများနှင့် တိုက်ရိုက်သက်ဆိုင်ပြီး ဥပဒေကြောင်းအရ ဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ AAPP အနေနှင့် မည်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးမဆို ဆန့်ကျင် ကန့်ကွက် သွားမည် ဖြစ်ကြောင်းလည်း ပြန်လည် တုံ့ပြန်ထားသည်။ The post ပြန်လွတ်လာသည့် နိုင်/ကျဉ်းများကို AAPP ကူညီမှုများပေးမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2qFzY9h
via IFTTT
No comments:
Post a Comment