ဖြူးမြို့အနီး ၄ ရက်ဆက်တိုက် ငလျင် ၅ ကြိမ် လှုပ်ခတ်မှုဖြစ်ပေါ် ပဲခူးတိုင်း ဖြူးမြို့အနီး ပဲခူးရိုးမကို ဗဟိုပြုကာ ၄ ရက် ဆက်တိုက် ငလျင် ၅ ကြိမ် လှုပ်ခတ်ခဲ့မှုသည် ဇန်နဝါရီလ အတွင်း က ပဲခူးရိုးမ၌ လှုပ်ခတ်ခဲ့သည့့် အင်အားပြင်း ငလျင်၏ နောက်ဆက်တွဲ လှုပ်ရှားမှု အရှိန်ကြောင့် ဖြစ်ကြောင်း သိရသည်။ ဧပြီလ ၂၃ ရက်နှင့် ၂၂ ရက် တို့တွင် ဖြူးမြို့၏ အနောက် တောင်ဘက် ၂၉ မိုင် ခန့်အကွာတွင် ရစ်ချ်စတာ စကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင် လှုပ်ရှားသွားပြီး ဧပြီ ၂၂ ရက်၌ ဖြူးမြို့၏ အနောက် တောင်ဘက် ၂၃ မိုင် ခန့်အကွာတွင်လည်း ၄ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြား မှု ဦးစီး ဌာန(မိုး/ဇလ) က ထုတ်ပြန်ထားသည်။ ထို့ပြင် ဧပြီလ ၂၁ ရက်နေ့၌ ဖြူးမြို့၏ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာ၌ ရစ်ချ်စတာ စကေး ၅ ဒသမ ၂ နှင့် ဧပြီ ၂၀ ရက်တွင် ဖြူးမြို့ အနောက်တောင်ဘက် ၂၉ မိုင်ခန့်အကွာ၌ ၄ ဒသမ ၈ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။ ယခုရက်ပိုင်း ခပ်စိတ်စိတ် လှုပ်ခတ်နေသော ငလျင်များသည် ဇန်နဝါရီလ အတွင်းက ပဲခူးရိုးမ အတွင်း၌ လှုပ်ခတ်ခဲ့ သည့့် အင်အား ၆ ဒသမ ၀ အဆင့်ရှိ ငလျင်၏ နောက်ဆက်တွဲ လှုပ်သည့် ငလျင်များ ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ ငလျင်ကော်မတီ မှ နာယက ဒေါ်လှလှအောင်က “ပြတ်ရွေ့က (၆ ဒသမ ၀ အဆင့် လှုပ်ခဲ့တဲ့ ငလျင် ပြတ်ရွေ့) အင်မတန်ကို Active ဖြစ်နေတယ်။ နေ့တိုင်းလည်း လှုပ်နေတယ်ဆိုတော့ တချိန်ချိန်မှာ ပိုပြီးတော့ အင်အား ကြီးတဲ့ ငလျင်တခု လှုပ်နိုင်ဖို့ လည်း ရှိနိုင်တယ်လို့ ပြောလို့ ရသလို မလှုပ်ဘဲနဲ့လည်း သူ့ဘာသာသူ ရပ်သွားနိုင်တယ်။ ငလျင်ဆိုတာက ခန့်မှန်းလို့ မရဘူး။ ဒီတော့ နည်းနည်း သတိ ထားရမယ်လို့လောက်ပဲ ပြောလို့ရတာပေါ့” ဟု ဧရာဝတီ သို့ ပြောသည်။ အဆိုပါ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု မရှိကြောင်း ဖြူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး က ပြောသည်။ “ပဲခူးရိုးမတောထဲ လှုပ်တာဆိုတော့လေ။ အရင်ကလည်း ဆက်တိုက် ၁၃ကြိမ်လောက် လှုပ်ခဲ့တာ ဘာမှမဖြစ်တော့ လေ ထွေထွေထူးထူး ကြောက်လန့်နေတာမျိုးတော့ မရှိပါဘူး။ သိသိသာသာ လှုပ်သွားတာမျိုး မဟုတ်ဘဲ ကားလမ်းက ကား ဖြတ်ရင် လှုပ်သလောက်ပဲ ရှိတော့လေ။ ဆည်တွေကတော့ အေးဆေးပါပဲ စိုးရိမ်စရာ မရှိပါဘူး။ ဆည်မြောင်း အဖွဲ့တွေက ညွှန်မှူး အဆင့်လောက်ထိ လာစစ်ကြပါတယ်။ ဒီက အဖွဲ့တွေကလည်း လှုပ်တာနဲ့ စစ်ဆေးတာပေါ့။ နေရာ အနှံ့ လိုက်ကြည့် ပေါ့” ဟုလည်း ၎င်းက ပြောဆိုသည်။ ယခု ၄ ရက်ဆက်တိုက် လှုပ်ခတ်ခဲ့သော ငလျင်သည် ဖြူးမြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း မဟုတ်ဘဲ ဗဟိုပြုသည့် ပဲခူးရိုးမနှင့် နီးသောမြို့များ ဖြစ်သည့် ဖြူး၊ တောင်ငူ၊ နေပြည်တော်နှင့် အနီးအနားမြို့များတွင် လှုပ်ခါမှု အနည်း အကျဉ်းသာ ခံစားရ နိုင်ကြောင်း ဒေါ်လှလှအောင်က ပြောသည်။ “ဖြူးဆိုတာက လူသိများတယ် ပဲခူးရိုးမထဲကျတော့ ဘာနဲ့ပြောမလဲဆိုတာ မရှိဘူးလေ။ ထင်ရှားတဲ့ နေရာ၊ မြို့မရှိတဲ့ အခါ ကျတော့ ဖြူးကို သူတို့က ယူလိုက်တာ။ အနောက်တောင်ဘက် ကီလိုမီတာ အဝေးတွေမှာရှိတာ အဲဒါကို လတ္တီတွဒ် လောင်တီတွဒ်နဲ့ မြေပုံပေါ်တင်လိုက်ရင် ပဲခူးရိုးမထဲကို ရောက်သွားတယ်။ ဖြူးမှာ မဟုတ်ဘူး။ တခုရှိ တာ ကတော့ ပဲခူးရိုးမထဲမှာ လှုပ်ပေမယ့် အနီးနားပတ်ဝန်းကျင်တွေမှာ လှုပ်တာတွေ ခံစားရင် ခံစားရလိမ့်မယ်” ဟုလည်း ၎င်းက ပြောပြသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှ ယခုလ အတွင်း ငလျင် လှုပ်ခတ်ခဲ့သည့် အကြိမ်ရေ ၇၀ ရှိနေပြီဖြစ်ကာ ၂၀၁၇ ခုနှစ် အတွင်း တွင်မူ တနှစ်လုံး အကြိမ်ရေ ၇၀ ခန့် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မြေ ငလျင် စောင့်ကြည့်ရေး ဌာနမှ သိရသည်။ The post ဖြူးမြို့အနီး ၄ ရက်ဆက်တိုက် ငလျင် ၅ ကြိမ် လှုပ်ခတ်မှုဖြစ်ပေါ် appeared first on ဧရာဝတီ.
Source : https://ift.tt/2KabPjp
via IFTTT
No comments:
Post a Comment