မြန်မာ့ ရိုးရာ သင်္ကြန် သရုပ်ဖော် ပန်းချီများ ရေးဆွဲသော ဆရာကြီး ဦးဘကြည် မြန်မာလူမျိုးတို့သည် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းချိန် ပွဲတော်ကို စည်စည်ကားကား ကျင်းပ ကြသည်။ ယဉ်ကျေးသော လူမျိုးတိုင်း နှစ်ဟောင်းကုန် နှစ်သစ်ကို ကြိုဆိုကြစမြဲပင်။ မိုးလေး တဖြောက်နှစ်ဖြောက် ရွာချပြီး အတန်ကြာလျှင် ပန်းပိတောက်တို့သည် ဝေဆာစွာ အားကုန် ပွင့်ကြသည်။ သူနှင့်အတူ ငုဝါ၊ ပျဉ်းမ၊ စိန်ပန်း တို့သည်လည်း လိုက်၍ ပွင့်တတ်ကြလေသည်။ ထိုအချိန်တွင် ပန်းချီဆရာ စိတ်ကူး ကြည်နူးလာ၏။ ပန်းချီဆရာကြီး ဦးဘကြည်သည် ထိုကြည်နူးစိတ်ဖြင့် ကျေးလက်သင်္ကြန် ပိတောက်ရိပ်ဝယ် ရေပက် ကစားနေသော ကလေးလူကြီး မကျန် ပါဝင် ဆင်နွှဲဟန်ကို မြန်မာ့ ကောက်ကြောင်းဟန်ဖြင့် ပျော်ရွှင်စရာ သင်္ကြန်ပွဲအတွင်း ရွှင်လန်း တက်ကြွ မြူးတူးဟန် ပေါ်လွင်အောင် ရေးဆွဲခဲ့ပါသည်။ ကဗျာဆရာကြီး မင်သုဝဏ် ၏ အမှတ်တရ စာ နှင့် ပန်းချီ မောင်ငွေထွန်း ရေးဆွဲသော ဆရာကြီး ဦးဘကြည် ပုံတူ(ဓာတ်ပုံ – ပန်းချီ ဦးဘကြည် ဘဝ နှင့် သူ့လက်ရာ စာအုပ်) ဆရာကြီး ဦးဘကြည်သည် ရေးဆွဲ၍ မရိုးနိုင်သော သင်္ကြန် သရုပ်ဖော် ပန်းချီကားကို ခေတ်နည်းဖြင့် ရေးဆွဲသူ ဖြစ်သည်။ ပန်းချီကားကို ယဉ်ကျေးမှု ဓလေ့စရိုက် ပေါ်နိုင်သမျှပေါ်အောင် ဖွဲ့စည်း ရေးဆွဲသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော်တွင် မည်သည့်လူမျိုး ဘာသာမဆို ဝင်ရောက် ဆင်နွှဲနိုင်ပါသည်။ လူငယ်၊ လူကြီး၊ မောင်မယ်တို့ မမောနိုင်မပန်းနိုင် ရေသဘင်ပွဲကြီးတွင် ပျော်ရွှင်စွာ ကစားကြသည်။ ထိုကဲ့သို့သော သင်္ကြန်ပွဲတော်၊ ကျေးလက် ရေကစားပွဲတော်ကို ခံစားပြီး ရှင်သန် နွဲ့နှောင်းသော ကောက်ကြောင်းဖြင့် တမျိုး၊ သဘာဝ ပန်းချီသရုပ်ဖော် ပန်းချီဖြင့် တမျိုး ကျေးလက် ပျော်ရွှင်စရာ မြန်မာ့ ယဉ်ကျေးမှု သင်္ကြန်ကို ဖော်ကြူးခဲ့ သော၊ ငြိမ်းချမ်းစွာ ပျော်ရွှင် လန်းဆန်းသည့် မြန်မာ့ လူမှုဘဝကို ရေးဆွဲခဲ့သော ဆရာကြီး ဦးဘကြည်အား ဂါရဝ ပြု လိုက် ရပါသည်။ ဆရာကြီး ဦးဘကြည်သည် ယခုလို သင်္ကြန်ကာလတွင်ပင် ကွယ်လွန်ခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ် ဧပြီလ ၁၅ ရက် အသက် ၈၈ နှစ် အရွယ်က ကွယ်လွန်ခဲ့သည် ဖြစ်၍ ယခုဆိုပါလျှင် ကွယ်လွန်ခြင်း ၁၈ နှစ် ပြည့်မြောက်ပြီ ဖြစ်ပါသည်။ ဆရာကြီး ဦးဘကြည် ၏ မြန်မာ့ ဓလေ့ သရုပ်ဖော်ပန်းချီ လက်ရာ(ဓာတ်ပုံ – ပန်းချီ ဦးဘကြည် ဘဝ နှင့် သူ့လက်ရာ စာအုပ်) ဆရာကြီးသည် မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် အဘ ဦးဘိုဆင်၊ အမိ ဒေါ်အေးမေ တို့မှ ၁၉၂၁ ခုနှစ် ဇူလိုင်လ ၁၆ ရက် တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၄ ဦးတွင် ဒုတိယမြောက် သား ဖြစ်ပါသည်။ ငယ်စဉ်က ကျိုက်ထိုမြို့ အလယ်တန်းကျောင်းမှ ၇တန်း အောင်မြင်ပြီး ပဲခူးမြို့ အထက်ကျောင်းမှ ၁၀ တန်း အောင်မြင် သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် ဆက်တက်ရာ အိုင်၊ အက်စ်၊ စီ တန်း အောင်မြင်ခဲ့သည်။ ရန်ကုန် ယူတီတီစီ ဆရာဖြစ် ကောလိပ်မှ အလယ်တန်း ဆရာဖြစ် လက်မှတ် ရရှိခဲ့သည်။ ဆရာကြီး ဦးဘကြည်သည် ၁၉၃၉ ခုနှစ်က မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်သည့် ပန်းချီနှင့် တူရိယာ ကျောင်းတွင် ပန်းချီ နည်းပြဆရာ အဖြစ် အမှုထမ်းသည်။ ကျောင်းအုပ်မှာ ပန်းချီဆရာကြီး ဦးစံဝင်း ဖြစ်ပါသည်။ ၁၉၄၂ ခုနှစ် ဂျပန်ခေတ် ပြန်ကြားရေး ဝန်ကြီးဌာန၌ ပန်းချီပညာဌာ နမှူးအဖြစ် လည်းကောင်း၊ ၁၉၄၄ ခုနှစ်တွင် ဖွင့် လှစ် သော ပန်းချီသိပ္ပံ ကျောင်းတွင် ပန်းချီကထိက အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်သည်။ ပန်းချီသိပ္ပံ ကျောင်း အုပ် ကြီး မှာ ဘိလပ်ပြန် ပန်းချီဆရာကြီး ဦးဘဉာဏ် ဖြစ်ပါသည်။ ကြယ်ငါးပွင့် သင်္ဘောလိုင်း ပြက္ခဒိန်တွင် ပုံနှိပ်ဖော်ပြထားသော ဆရာကြီး ဦးဘကြည် ၏ မြန်မာ့ ရိုးရာ သင်္ကြန် သရုပ်ဖော် ပန်းချီ(ဓာတ်ပုံ – ပန်းချီ ဦးဘကြည် ဘဝ နှင့် သူ့လက်ရာ စာအုပ်) ၁၉၄၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပညာရေး မဟာဌာန (ယခု ပညာရေး တက္ကသိုလ်) တွင် လက်ထောက် ကထိက (ပန်းချီ) အဖြစ် အမှုထမ်းသည်။ ဂျပန်ခေတ် ဝါဒဖြန့်ချိရေး ပိုစတာများတွင်လည်း ဆရာကြီးက ရေးဆွဲခဲ့သေးသည်။ ၁၉၄၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ ပန်းချီပညာတော်သင် အဖြစ် ရွေးချယ်ခံရသည်။ ပါရီ အမျိုးသား ပန်းချီသိပ္ပံ တွင် တနှစ် ပညာ ဆည်းပူးခွင့် ရခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယား ပန်းချီ အကယ်ဒမီတွင် တနှစ် ပန်းချီပညာ ဆည်းပူးခဲ့ပါသည်။ ထိုနှစ်မှာပင် ပင်ဆယ်လ်ဗေးနီးယား ပန်းချီသိပ္ပံတွင် ပန်းချီ မဟာဝိဇ္ဇာတန်း တက်ခွင့်ရသည်။ ၁၉၅၉ ခုနှစ်တွင် ဆရာကြီးကို လန်ဒန် တော်ဝင်အသင်းကြီး က ရာသက်ပန် အဖွဲ့ဝင်အဖြစ် F.R.S.A ဘွဲ့ ချီးမြှင့်ခဲ့ သည်။ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းများ၌ ကာတွန်းနှင့် ခေါင်းစီး ဒီဇိုင်းများ ရေးဆွဲခဲ့သည်။ ဂျပန်ခေတ်တွင် စာနယ်ဇင်း ပန်းချီ၊ ပြဇာတ် ပန်းချီ လောကတို့၌ ထင်ရှားခဲ့သည်။ ဆရာကြီး ဦးဘကြည်သည် စစ်ကြိုခေတ်ကပင် နာမည်ကျော်ကြား လူသိများသော ပန်းချီဆရာကြီး ဖြစ်ပါသည် ဆရာကြီး ဦးဘကြည် ၏ မြန်မာ့ ဓလေ့ သရုပ်ဖော်ပန်းချီ လက်ရာ(ဓာတ်ပုံ – ပန်းချီ ဦးဘကြည် ဘဝ နှင့် သူ့လက်ရာ စာအုပ်) နောက်ပိုင်းတွင် ရှုမဝ၊ သွေးသောက်၊ မြဝတီ၊ ကလေးဂျာနယ်၊ စာပေဗိမာန် မဂ္ဂဇင်း၊ တေဇ၊ ရွှေသွေး၊ ပန်မဂ္ဂဇင်း စသည်တို့တွင် ပန်းချီ သရုပ်ဖော်များ ရေးဆွဲခဲ့သည်။ မြန်မာ့ရိုးရာ ပန်းချီပညာကို ပြန်လည် ဖော်ထုတ်၍ “ခေတ်မီမီ တီထွင် ဆန်းသစ်ရေး သို့” ဟူသော ကြွေးကြော်သံဖြင့် မြန်မာပြည်လုံး ဆိုင်ရာ ပန်းချီပြပွဲကြီးကို ၁၉၅၁ ခုနှစ်က ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ ဆရာကြီး ဦးဘကြည်သည် မြန်မာ့ ပန်းချီမှုသစ် အတွက် ရှေ့ပြေးလက်ရာ ပန်းချီကားများကို ရေးဆွဲတင်ပြနိုင်ခဲ့သည်။ ဆရာကြီး၏ တီထွင်ဆန်းသစ်သော လက်ရာများကို ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းထုတ် “ရုပ်စုံ ဗုဒ္ဓ သာသနာဝင်” စာအုပ် တွင်လည်း တွေ့ရပါသည်။ ရုပ်စုံ ဗုဒ္ဓ သာသနာဝင် စာအုပ် နိဒါန်းတွင် “မြန်မာ့ရိုးရာ ပန်းချီပညာ သက်သက်ဖြင့် ရုပ်လုံး ဖော်ထားခြင်း ဖြစ်ပါသည်” ဟု ဆိုထားပါသည်။ ဗုဒ္ဓ ဘာသာဝင် စာအုပ် ရေးဆွဲရန် ဥပုသ် စောင့်တည်ခြင်း၊ သက်သတ်လွတ် စားခြင်း၊ တရား ဘာဝနာ ပွားများခြင်းများ လုပ်ခဲ့ပြီး ဘုန်းကြီးကျောင်းတွင် တလကိုးသီတင်း နေထိုင်၍ အာရုံယူ ရေးဆွဲခဲ့သည်ဟု ဆိုပါသည်။ ဗုဒ္ဓဝင် စာအုပ်အဖြစ် အောင်ခြင်းရှစ်ပါး သရုပ်ဖော် ပန်းချီကားများလည်း ရေးဆွဲခဲ့သည်။ ဆရာကြီး၏ ဆီဆေး ပန်းချီကားကြီးများကို ရွှေတိဂုံ ဘုရား၊ ဗိုလ်တထောင် ဘုရား၊ အမျိုးသား ပြတိုက်၊ စာပေဗိမာန်၊ ဆေးသုတေသန၊ ကြယ်ငါးပွင့်သဘောၤ ကော်ပိုရေးရှင်း၊ ဗုဒ္ဓဂယာ၊ ဟော်လန်ပြတိုက်၊ ဘေကျင်း ပြတိုက်၊ တပ်ရှ်ကင့် ပြတိုက်တို့တွင် တွေ့နိုင်ပြီး ထိုင်းဘုရင်၊ တရုတ် ဥက္ကဋ္ဌကြီး မော်စီတုန်း၊ ဆူကာနို တို့ ထံတွင်လည်း ဆရာကြီး၏ ပန်းချီ လက်ရာများ ရှိကြောင်း သိရပါသည်။ ဆရာကြီး ဦးဘကြည် ၏ မြန်မာ့ ဓလေ့ သရုပ်ဖော်ပန်းချီ လက်ရာ(ဓာတ်ပုံ – ပန်းချီ ဦးဘကြည် ဘဝ နှင့် သူ့လက်ရာ စာအုပ်) ၁၉၅၇ ခုနှစ်က ရေးဆွဲခဲ့သော ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ရှိ စတုရန်းပေ ၃၀၀၀ ရှိသော နံရံ ပန်းချီကားကြီးသည်လည်း ဆရာကြီး၏ ကမ္ဘာကျော် လက်ရာဖြစ်ပါသည်။ ယခုမူ ဖျက်ဆီးလိုက်ကြပြီ ဖြစ်၍ မရှိတော့ပါ။ ဆရာကြီးသည် ယဉ်ကျေးမှု ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များ အစည်းအရုံး (ဗဟို) နာယကကြီး အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ဖွင့်လှစ်နိုင်ရေး အကြံဉာဏ်ကောင်းများ ပေးခြင်း၊ သင်ရိုးညွှန်းတမ်း များ ရေးဆွဲရာတွင် ပါဝင်လမ်းညွှန်မှု ပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ၁၉၅၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန် ပန်းချီပန်းပု ကျောင်းကြီးအတွက် ဆရာရွေးချယ်ရေး၊ သင်ရိုး ရေးဆွဲရေး များ ပါဝင် ကူညီခဲ့သည့်အပြင် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ အမှတ်သင်္ကေတ ဖြစ်သော ကိန္နရီ အကရုပ် ဒီဇိုင်းကို ရေးဆွဲ ပေးခဲ့သူလည်း ဖြစ်ပါသည်။ ဆရာကြီးသည် မြန်မာတို့၏ ဓလေ့ဘာသာ ပျော်ရွှင်မှု သရုပ်ဖော် ရေးဆွဲရာတွင် လက်ရာမြောက်သူ ဖြစ်ပြီး မြန်မာ့ ရိုးရာ ပန်းချီကို သုတေသနပြု၍ ခေတ်အမြင်ဖြင့် တီထွင် ဆန်းသစ်ရာတွင် အထူး အောင်မြင်ခဲ့သူ ဖြစ်ပါသည်။ ။ ဤဆောင်းပါးကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၅ ရက်တွင် ကျရောက်မည့် ဆရာကြီး ဦးဘကြည် ကွယ်လွန်ခြင်း ၁၈ နှစ်ပြည့် အမှတ်တရ အဖြစ် ရေးသား ဖော်ပြခြင်း ဖြစ်ပါသည်။ စာရေးသူ ပန်းချီယဉ်မင်းပိုက်သည် ဆရာကြီး ဦးဘကြည် ၏ သားတပည့်ရင်း ဖြစ်ပြီး ပညာရေး ဌာနမှ ထုတ်ဝေသော မူလတန်း ကျောင်းသုံး သင်ပုံးကြီး ဖတ်စာအုပ် ၏ ဗျည်း အက္ခရာ သရုပ်ဖော်ပုံများကို ရေးဆွဲ ပေးခဲ့သော ပန်းချီဆရာ လည်း ဖြစ်ပါသည်။ The post မြန်မာ့ ရိုးရာ သင်္ကြန် သရုပ်ဖော် ပန်းချီများ ရေးဆွဲသော ဆရာကြီး ဦးဘကြည် appeared first on ဧရာဝတီ.
Source : https://ift.tt/2Hvapza
via IFTTT
No comments:
Post a Comment