အင်းဒင်၊ ရိုက်တာ၊ မိုးရန်နိုင်နဲ့ ပြည်ထဲရေး ရိုက်တာသတင်းထောက်နှစ်ယောက် တရားစွဲခံထားရတဲ့ အမှုမှာ ဒုရဲမှူး မိုးရန်နိုင်ရဲ့ထွက်ဆိုချက်ကြောင့် ဖြစ်လာတဲ့ ရိုက်ခတ်မှု၊ သူမိသားစုတွေကို နေပြည်တော် ရဲတပ်ဖွဲ့ ဝန်ထမ်းအိမ်ရာကနေ ပြောင်းရွှေ့ခိုင်းတဲ့ဖြစ်စဉ် တွေနဲ့ပတ်သက်ပြီး ကျနော် အမြင်တွေကို (လူမှုကွန်ရက်ပေါ်) ရေးခဲ့တယ်။ ထုံးစံအတိုင်း ကြိုက်သူလည်းရှိ၊ မကြိုက်သူလည်းရှိ၊ အရင်ဝေဖန်ခဲ့သူတွေက ထောက်ခံ၊ အရင် ထောက်ခံသူတွေက ဝေဖန်တာလည်း တွေ့ရ။ မျှော်လင့်ထားပြီးသားဖြစ်လို့ မထူးဆန်းပါဘူး။ သို့သော် ဝေဖန်ရေးသားတဲ့ ကွန်မန့်တွေကို ဖတ်လိုက်တဲ့အခါ အင်းဒင်ရွာဖြစ်စဉ်၊ ရိုက်တာ သတင်းထောက်တွေကို ဖမ်းဆီးမှု၊ ဒုရဲမှူး မိုးရန်နောင် ထွက်ဆိုချက်တွေ အားလုံးကို ဖြစ်စဉ်တခုတည်းလို့ မြင်ပြီးရေးတာ၊ အစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ခွဲခြားပြောတာတွေ တွေ့ရတယ်။ တကယ်တော့ အဲဒီလို သုံးသပ်ပြောဆိုနေတာတွေဟာ မှားနေတယ်လို့ မြင်ပါတယ်။ အင်းဒင်ရွာဖြစ်စဉ် တချို့က ရိုက်တာသတင်းထောက်နှစ်ယောက်က အင်းဒင်ရွာလူသတ်မှုဖြစ်စဉ်ကို ရေးတာဟာ နိုင်ငံတော်ကို သစ္စာဖောက်တာ၊ ဒီလူတွေဟာ အမျိုးသားရေးသစ္စာဖောက်စသည်ဖြင့် ပြောတာကို တွေ့ရတယ်။ အင်းဒင်ရွာဖြစ်စဉ်ဟာ လူသတ်မှုပဲ။ ဒါဟာ နိုင်ငံတော် လျှို့ဝှက်ချက် မဟုတ်ဘူး။ လူသတ်မှုကို နိုင်ငံ တော်လျှို့ဝှက်ချက်၊ နိုင်ငံတော်အကျိုးစီးပွားလို့ ယူဆပြီး ကာကွယ်ရင် ကျနော်တို့က နာဇီ ဂျာမနီခေတ်က ဂျူးတွေကို လူမျိုးတုံး သတ်ဖြတ်တာကို ဝိုင်းဖုံးဖိပေးတဲ့သူတွေ ဖြစ်ကုန်မှာပေါ့။ အင်းဒင်ဖြစ်စဉ်အပေါ် တပ်မတော်ရဲ့ တုန့်ပြန်ဆောင်ရွက်မှုနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မှတ်ချက်တွေကို ကြည့်ရင် တပ်မတော်အနေနဲ့ ဒီလိုဖြစ်စဉ်မျိုးကို လက်မခံဘူးဆိုတာ ထင်ထင် ရှားရှားတွေ့နိုင်တယ်။ တကယ်တော့ ဒီလို တုန့်ပြန်ဆောင်ရွက်တာဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာနဲ့ ကချင်ပြည်နယ်မှာ အလားတူ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို အရေးယူခဲ့တဲ့ ဖြစ်စဉ်နှစ်ခု ရှိခဲ့ပြီးပြီ။ ဒါကို ကြည့်ရင် တပ်မတော်ဘက်တော့ ဒီလို လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို နိုင်ငံတော် လျှို့ဝှက်ချက်လို့ သဘောမထားဘူး။ စစ်ဆေးတွေ့ရှိရင် ထိထိရောက်ရောက် အရေးယူမယ်ဆိုတဲ့ မူဝါဒချမှတ်ထားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီနေရာမှာ ရိုက်တာသတင်းထောက်နှစ်ယောက်အနေနဲ့ ဒီသတင်းကို ရေးသင့်၊ မသင့်ဆိုတဲ့ ပြဿနာပေါ်လာတယ်။ ကျနော်ကတော့ ဒါဟာ ဥပဒေကြောင်းဆိုင်ရာ ပြဿနာမဟုတ်ဘူး။ ကျင့်ဝတ် နဲ့ သတင်းအတတ်ပညာဆိုင်ရာ ပြဿနာသာဖြစ်တယ်လို့ မြင်ပါတယ်။ အင်းဒင်ရွာဖြစ်စဉ်နဲ့ ပတ်သက်ရင် ရိုက်တာ သတင်းထောက်များအနေနဲ့ လုပ်နိုင်တာသုံးခု ရှိတယ်။ ၁။ ဒီဖြစ်စဉ်ဟာ လူထုသိသင့်တဲ့ သတင်းဖြစ်တယ်။ ဒါ့ကြောင့် သတင်းသမားတယောက်အနေနဲ့ ဖော်ပြဖိုု့ တာဝန်ရှိတယ်။ ၂။ ဒီသတင်းဖြစ်စဉ်ကို တာဝန်ရှိသူတွေကို အရင်အသိပေးမယ်၊ တာဝန်ရှိသူတွေက လိုအပ်တဲ့ အရေးယူဆောင်ရွက်မှု မရှိရင် လူထုသိအောင် သတင်းရေးသားဖြန့်ချိမယ်။ ၃။ ဒီသတင်းကို မဖော်ပြဘူး။ တကယ့် သတင်းသမားတယောက်ဆိုရင် အဲဒီသုံးချက်ထဲက နည်းလမ်း ၁ နဲ့ ၂ တခုခုကိုပဲ ရွေးမှာ သေချာပါတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့ သတင်းသမားတယောက်က နည်းလမ်း ၃ ကိုတော့ ရွေးမှာ မဟုတ်ဘူး။ သူ့အထက် အယ်ဒီတာက အဲဒီလိုလုပ်ခိုင်းရင်တောင် ဒီအလုပ်ကနေ နုတ်ထွက်သွားမှာ သေချာပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘင်္ဂလီတွေ အသတ်ခံရတာတော့ ရေးတယ်။ ဟိန္ဒူတွေ၊ ရခိုင်တိုင်းရင်းသားတွေ အသတ်ခံရတာတော့ မရေးဘူးဆိုတဲ့ ဝေဖန်မှုလည်း ရှိတယ်။ သတင်းသမားတယောက်က ဘယ် သတင်းရေးမယ်ဆိုုတာ သူ့ရဲ့ ရွေးချယ်မှုပဲ။ ဒါ့ကြောင့် ကျနော်က ဒီပြဿနာဟာ ကျင့်ဝတ်နဲ့ အတတ်ပညာဆိုင်ရာ ပြဿနာလို့ ပြောတာဖြစ်ပါတယ်။ ဒီတော့ အကောင်းဆုံးနည်းလမ်းက ရိုက်တာသတင်းထောက်ကို မရေးလို့ အပြစ်တင်နေမယ့်အစား ကျန်တဲ့သတင်းတွေကို ကိုယ့်ဘက်က အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြနိုင်အောင်ကြိုးစားဖိုု့ပဲ လိုပါတယ်။ ရိုက်တာသတင်းထောက် ရိုက်တာသတင်းထောက် နှစ်ယောက် ဖမ်းဆီးခံရတာကို အင်းဒင်ရွာလူသတ်မှုဖြစ်စဉ်ရေးလို့ ဆိုပြီး သုံးသပ်နေတာ မှားပါတယ်။ ရဲတပ်ဖွဲ့က သူတို့ကို အမှုဖွင့်ခဲ့တာက သူတို့လက်ထဲမှာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အစီရင်ခံစာတွေလို့ လျှို့ဝှက် စာရွက်စာတမ်းတွေ တွေ့ရှိလို့ဆိုတဲ့ အချက်ပေါ် မူတည်ပြီး နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ မေးခွန်းတွေပေါ်လာတာက အဲဒီစာရွက်စာတမ်းတွေကို သူတို့ လက်ထဲကို ဘယ်လို ရောက်လာသလဲ၊ သူတို့က အဲဒီစာရွက်စာတမ်းတွေကို ဘယ်လိုအသုံးပြုသလဲဆိုတဲ့ အချက်ပဲ။ တရားခံဘက် ရှေ့နေတွေက ဦးတည်လျှောက်လဲနေတာက အဲဒီနှစ်ချက်ပဲ။ အခု ဒုရဲမှူး မိုးရန်နိုင် က ဒီစာရွက်စာတမ်းတွေကို ရိုက်တာသတင်းထောက်နှစ်ယောက် လက်ထဲကို ရောက်အောင် ချိန်းဆိုပြီး ပေးခဲ့တယ်။ သတင်းထောက်တွေ အပြန်မှာ စောင့်ပြီး ဖမ်းနိုင်အောင် ကြိုတင်စီစဉ်ထားတယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့တယ်။ အဲဒါဟာ ရိုက်တာသတင်းထောက်နှစ်ယောက်ကို နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ နဲ့ တရားစွဲသင့်၊ မသင့် ဆိုတဲ့ မေးခွန်းအတွက် ထည့်စဉ်းစားရမယ့် အဓိက အချက်ဖြစ်သွားတာပဲ။ အခုုအချိန်မှာတော့ ရဲတပ်ဖွဲ့အနေနဲ့ ဒီသတင်းထောက်နှစ်ယောက် အင်းဒင်ရွာဖြစ်စဉ် သတင်းရေးခွင့်မရအောင် အမှုဆင်ဖမ်းဆီးတယ်ဆိုတဲ့ ပြောဆိုချက်တွေက အားကောင်းနေတယ်။ ရဲတပ်ဖွဲ့အနေနဲ့ ဒီအချက်ကို ချေပဖို့ အရေးကြီးပါတယ်။ ဒုရဲမှူး မိုးရန်နိုင် အစိုးရ သတင်းထုတ်ပြန်ချက်မှာ ရိုက်တာသတင်းထောက်နှစ်ယောက်ကို လျှို့ဝှက် စာရွက်စာတမ်း တွေပေးတဲ့အတွက် ဒုရဲမှူး မိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်း တို့နှစ်ယောက်ကိုလည်း မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ၊ ရဲစည်းကမ်း ထိမ်းသိမ်းရေး ဥပဒေတွေနဲ့ အရေးယူမယ်ဆိုပြီး ဖော်ပြခဲ့တယ်။ ဒါပေမယ့် ပြဿနာက ၁။ သူ့ကို ဖမ်းဆီးထားတာ လေးလကျော်ပြီ၊ ဘယ်ဥပဒေနဲ့ အရေးယူနေသလဲဆိုတာ သတင်း ထုတ်ပြန်ပေးမှုမရှိဘူး။ မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘူး။ အဲဒါကရော ဥပဒေနဲ့ ညီလား။ ၂။ သူ့အနေနဲ့ အင်းဒင်ရွာဖြစ်စဉ်အကြောင်း သတင်းထောက်တွေ ပြောပြခဲ့တယ်ဆိုရင် သူ့ကို ပြစ်မှုကျူးလွန်တယ်လို့ ပြောလို့ရမလား။ ၃။ ရိုက်တာသတင်းထောက်တွေကို လျှို့ဝှက်စာရွက်စာတမ်းတွေ ပေးတယ်ဆိုရင် ဘယ်အချိန်မှာ ပေးတာလဲ။ သေချာတာကတော့ အဖမ်းခံရတဲ့နေ့က ရိုက်တာသတင်းထောက်နှစ်ယောက်လက်ကို လျှို့ဝှက်စာရွက်စာတမ်းတွေပေးတာ သူတို့ မဟုတ်ဘူးလို့ ဒုရဲမှူး မိုးရန်နိုင်က ထွက်ဆိုထားတယ်။ တရားလိုဘက်က ဒီထွက်ဆိုချက်ကို ချေပဖို့ပဲ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ လိုင်းခန်းပြဿနာ ဒုရဲမှူး မိုးရန်နိုင် တရားရုံးမှာ ထွက်ဆိုချက်ပေးပြီး နောက်တနေ့မှာ သူ့မိသားစုတွေကို နေပြည်တော် ရဲတပ်ဖွဲ့ ဝန်ထမ်းအိမ်ရာကနေ ချက်ခြင်းရွှေ့ပြောင်းခိုင်းတယ်။ ရဲတပ်ဖွဲ့ဘက်က တပ်ပြောင်း ရွှေ့သွားပြီးဖြစ်တဲ့အတွက် အရင်ထဲက ရွှေ့ခိုင်းထားတာပါလို့ အကြောင်းပြတယ်။ ဒါပေမယ့် ၁။ ဒီအကြောင်းပြချက်ကို အများစုက လက်မခံဘူး၊ မယုံဘူး။ ၂။ တကယ်လို့ မူလထဲက ဒီနေ့မှာ ပြောင်းခိုင်းဖို့ စီစဉ်ထားတယ်ဆိုရင်တောင် ဒုရဲမှူး မိုးရန်နိုင်ရဲ့ ထွက်ဆိုချက်ကြောင့်ဖြစ်တယ်လို့ လူတွေ အထင်မမှားစေဖို့အတွက် ရက်ရွှေ့ဖို့၊ ပိုပြီး အဆင်ပြေ အောင် လုပ်ပေးဖို့ဆိုတဲ့ အသိတရားလောက်တော့ တာဝန်ရှိသူတွေဆီမှာ ရှိသင့်တယ်။ အစိုးရနဲ့ ပြည်ထဲရေး ရိုက်တာအမှုကြောင်းရေးတဲ့အခါ အစိုးရဆိုတဲ့ စကားသုံးလို့ဆိုပြီး အင်န်အယ်ဒီ ပါတီထောက်ခံသူ တချို့ အပြစ်တင်တယ်။ ပြည်ထဲရေးက အစိုးရအောက်မှာ မဟုတ်ဘူး။ ရိုက်တာ သတင်းထောက်တွေကိစ္စမှာ သမ္မတ ဦးထင်ကျော်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မဆိုင်ဘူးလို့ ဆိုတယ်။ ဒါပေမယ့် ၁။ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေဆိုတာ သမ္မတက လက်မှတ်ထိုးခွင့်ပြုမှ တရားစွဲလို့ ရတယ်။ သမ္မတဆိုတာ နိုင်ငံတော်အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲဖြစ်တယ်။ သမ္မတက ခွင့်ပြုပြီးရင် ဒါဟာ အစိုးရအဖွဲ့ရဲ့ တရားစွဲဆိုမှုဖြစ်သွားပြီ။ ယူနီတီဂျာနယ်ကို တရားစွဲခဲ့ဖြစ်စဉ်ကို ပြန်လေ့လာပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်တွင်း၊ပြည်ပ ကန့်ကွက်တဲ့အခါ သမ္မတနဲ့ အစိုးရ အဖွဲ့ကိုပဲ ဦးတည်ပြီး ကန့်ကွက်ခဲ့တာ၊ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ၂။ သမ္မတ မရှိလို့ ဒုသမ္မတ ဦးမြင့်ဆွေက သမ္မတကိုယ်စား လက်မှတ်ထိုးတယ်။ ဒါကို သမ္မတ လက်မခံဘူးဆိုရင် သူခရီးစဉ်က ပြန်ရောက်တဲ့အချိန်မှာ ပယ်ဖျက်လို့ ရတယ်။ ဒါပေမယ့် အဲဒီလို မလုပ်ခဲ့ဘူး။ ၃။ ဒီဖမ်းဆီးတဲ့ကိစ္စကို အစိုးရ မီဒီယာတွေမှာ ဖော်ပြခဲ့တယ်။ ရခိုင်ပြည်နယ် အကြံပေးအဖွဲ့ဝင် အမေရိကန်သံတမန် ဘီလ်ရစ်ချတ်ဆင် နုတ်ထွက်တဲ့ကိစ္စဟာ ရိုက်တာ သတင်းထောက်နှစ် ယောက်ကို လွှတ်ခိုင်းတဲ့ကိစ္စကြောင့် ဆိုတာ အစိုးရ သတင်းထုတ်ပြန်ချက်တွေမှာရော၊ ဘီလ်ရစ်ချက်ဆင်ရဲ့ အင်တာဗျူးတွေမှာရော ပါတယ်။ ဒ့ါကြောင့် ရိုက်တာသတင်းထောက်နှစ်ယောက်ဖမ်းဆီးမှုမှာ အစိုးရအဖွဲ့အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်ကို သဘောတူတယ်ဆိုတာ ထင်ရှားတယ်။ ရိုက်တာသတင်းထောက်တွေရဲ့ အမှုကိစ္စဟာ ဥပဒေကြောင်းအရရော၊ ပြည်သူ့ဆက်ဆံရေး ရှုထောင့် အရရော ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။ မဆိုင်တာတွေဆွဲထည့်ပြီး ဖြေရှင်းနေရင်တော့ အစိုုးရ၊ ပြည်ထဲရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အားလုံးရဲ့ ပုံရိပ်ကို ထိခိုက်မှာပဲ။ ဒါကတော့ ကျနော့်သုံးသပ်ချက်ပါ။ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။ ထပ်ရေးဖို့လည်း မရှိတော့ဘူး။ ပိတ်ကားပေါ်က ဇာတ်သိမ်းခန်းကိုပဲ စောင့်ကြည့်တော့မယ်။ (စာရေးသူသည် ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးလည်း ဖြစ်ခဲ့ပြီး စင်ကာပူနိုင်ငံ အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျူမှာ လေ့လာဆည်းပူး သုတေသနလုပ်ခဲ့သည်။ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်အား ပြန်လည်ဖော်ပြပါသည်။) The post အင်းဒင်၊ ရိုက်တာ၊ မိုးရန်နိုင်နဲ့ ပြည်ထဲရေး appeared first on ဧရာဝတီ.
Source : https://ift.tt/2qTzX0X
via IFTTT
No comments:
Post a Comment