Monday, April 9, 2018


ကျောက်မဲက ဒုက္ခသည်များ နေရပ်မပြန်ရဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်တွင် ခိုလှုံနေကြသော စစ်ရှောင် ၈၀၀ ကျော်မှာ ၎င်းတို့ ဒေသတွင် လက်နက်ကိုင် အဖွဲ့ အစည်းများ က လူသစ်စုဆောင်းခြင်းနှင့် ငွေကြေး တောင်းခံခြင်းများ ပြုလုပ်နေခြင်းကြောင့် နေရပ်ရင်းသို့ မပြန်ရဲကြဘဲ ဖြစ်နေကြောင်း သိရသည်။ အဆိုပါ ဒုက္ခသည်များမှာ ကျောက်မဲမြို့နယ် တော့ဖယ်ကျေးရွာ အနီးတဝိုက်တွင် ယခုနှစ် မတ်လ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့ အကြား ဖြစ်ပွားခဲ့သော RCSS နှင့် TNLA တို့၏ တိုက်ပွဲများကြောင့် တိမ်းရှောင်လာခဲ့ကြသူများ ဖြစ်ပြီး ယခုအခါ နေရပ်ရင်းသို့ ပြန်ရန် အခက်ကြုံနေကြရခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် က ပြောသည်။ စိုင်းထွန်းဉာဏ် က “သူတို့ကို လက်နက်ကိုင်တွေက ငွေတောင်း၊ လူတောင်း (လူသစ်စုဆောင်း) တာရှိတော့။ တချို့က မပြန်ချင်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါဒေသတွင် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ ကျောက်မဲနှင့် မန်တုံကြားတွင်လှုပ်ရှားနေသော ပြည်သူ့စစ် ၂ ဖွဲ့ တို့ လှုပ်ရှားနေလျှက် ရှိကြောင်း သိရသည်။ တိုက်ပွဲရှောင်များသည် ၎င်းတို့၏ ဒေသတွင် လက်နက်ကိုင်များ ရှိနေသေးခြင်း၊ လက်ဖက်ကို အဓိကလုပ်ကိုင် စားသောက် ကြရာမှာ လက်ဖက်ခူးချိန် ကုန်ခါးနီးသည့် အထိ ခူးနိုင်ခြင်းမရှိခြင်း၊ မိုင်းအန္တရာယ်များရှိခြင်း၊ နေအိမ်များ ပျက်စီး ဆုံးရှုံးခြင်း၊ လူများသေဆုံး ဒဏ်ရာ ရရှိခြင်းစသည့် အခြေအနေများကြောင့်လည်း နေရပ် ပြန်ရန် ကြောက်လန့် နေကြကြောင်း ကျောက်မဲမြို့ မှ ဇီဝိတဒါန လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း က ပြောသည်။ အဆိုပါ ကျေးရွာများ အနီးတွင် RCSS၊ TNLA နှင့် တပ်မတော် စစ်ကြောင်းများ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။ ဦးတင်မောင်သိန်း က “ရွာမှာထိခိုက် ဆုံးရှုံးတာများသွားတယ်။ သေကျေဒဏ်ရာရမှုရှိတယ်။ မီးလောင်တာ၊ ဗုံးဆံကျတာ၊ တိုက်ပွဲ ဖြစ်စဉ်မှာ သူတို့ရဲ့ ခြောက်ခြားမှုကို တခြားလူတွေ သိအောင် နားလည်အောင် ပြောပြဖို့ က ခက်တယ်။ သူတို့ ရှေ့မှာလက်တွေ့ မြင်လိုက်ရတော့ တော်တော် လန့်သွားကြတယ်။ အခုလက်ဖက်လည်း မခူးရတော့ ငွေမရှိဘူး။ လက်နက်ကိုင်တွေကလည်း လမ်းမှာရှိနေတယ်။ ဒါကြောင့် သူတို့ နေရပ်ပြန်ဖို့ တော်တော် ကြောက်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။ RCSS နှင့် TNLA တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မန်စံကျေးရွာမှ ဒေသခံ ၂၂ ဦး၊ တော့ဖယ်ကျေးရွာမှ ၄၃၀ ဦး၊ အုံးမွီးကျေးရွာမှ ၄၂၈ ဦးတို့ မတ် ၁၃ ရက်တွင် ကျောက်မဲမြို့ပေါ်သို့ တိုက်ပွဲရှောင်လာခဲ့ကြသည်။ အဆိုပါ တိုက်ပွဲရှောင်များသည် နေရပ်သို့ မပြန်ကြဘဲ ကျောက်မဲမြို့ပေါ်တွင် လမ်းခင်းသည့်၊ အုတ်ရိုက်၊ ဈေးရောင်း၊ လက်ဖက် ခူးစသည့် အလုပ်များကို လုပ်ကိုင် နေကြကြောင်း သိရသည်။ စိုင်းထွန်းဉာဏ် က“ရွာတရွာဆိုရင် အိမ် ၁၂ လုံးရှိတယ်။ ဒါပေမယ့် မီးရှို့ခံလိုက်ရတယ်။ နေစရာကို မရှိတော့တာ အခုလည်း အဲဒီဧရိယာမှာ လက်နက်ကိုင်တွေက နေနေတုန်း ဆိုတော့ သူတို့ မပြန်ရဲကြဘူး။ အခုကျောက်မဲမြို့ပေါ်မှာ ကြုံရာကျပန်း လုပ်ကိုင် စားသောက် နေကြတယ်” ဟု ပြောသည်။ နယ်မြေမတည်ငြိမ်မှုကြောင့် အဆိုပါဒေသတွင် ပျက်စီးဆုံးရှုံးမှု အခြေအနေ အတိအကျကို မကောက်နိုင်သေးဘဲ ဖြစ်နေကြောင်း အဖြစ်အပျက် အခြေအနေနှင့် ပတ်သက်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကိုတော့ တင်ပြထားကြောင်း စိုင်းထွန်းဉာဏ် က ပြောသည်။ RCSS နှင့် TNLA အကြားတိုက်ပွဲသည် လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ကြားက တိုက်ပွဲဖြစ်သော်လည်း လူမှုကွန်ရက်နှင့် အဖွဲ့အစည်းများ အကြား လူမျိုးရေးပဋိပက္ခ အဖြစ် သွေးထိုးလှုံ့ဆော်မှုများ လုပ်နေခြင်းကြောင့် လူမျိုးရေး ပဋိပက္ခ အသွင်ဆောင်လာမည်ကို စိုးရိမ်မိကြောင်း ဦးတင်မောင်သိန်းက ဆိုသည်။ အဆိုပါ လက်နက်ကိုင် ၂ ဖွဲ့တို့သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်မှ စတင်၍ ရှမ်းပြည် နယ်မြောက်ပိုင်းတွင် နယ်မြေ အငြင်းပွားကာ တိုက်ပွဲများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်ပြီး ယခုချိန်ထိ စေ့စပ် ညှိနှိုင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ The post ကျောက်မဲက ဒုက္ခသည်များ နေရပ်မပြန်ရဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2qjhSJj
via IFTTT

No comments:

Post a Comment