မြန်မာနိုင်ငံတွင် ချစ်ကြည်ရေး ဘောလုံးပွဲများ ကစားမည့် လိဒ်ယူနိုက်တက် အသင်း အင်္ဂလန်နိုင်ငံ၏ ချန်ပီယံရှစ် ကလပ်အသင်းတသင်းဖြစ်သော လိဒ်ယူနိုက်တက် (Leeds United) ဘောလုံး အသင်းသည် မြန်မာနိုင်ငံတွင် မေလအတွင်း ကျင်းပမည့် AYA Bank Tour 2018 ပွဲတွင် Myanmar National League All Star ဘောလုံး အသင်း၊ မြန်မာ လက်ရွေးစင် ဘောလုံး အသင်းတို့နှင့် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ချစ်ကြည်ရေး ကစားပွဲများ ကစားသွားမည် ဖြစ်သည်။ လိဒ်ယူနိုက်တက် အသင်းသည် မေလ ၉ ရက်နေ့တွင် MNL All Stars အသင်းနှင့် ရန်ကုန်ရှိ သုဝဏ္ဏဘောလုံးကွင်းတွင် ကစားမည် ဖြစ်ပြီး မေလ ၁၁ ရက်နေ့တွင် မြန်မာလက်ရွေးစင်အသင်းနှင့် မန္တလေးရှိ မန္တလာသီရိ အားကစားကွင်း တွင် ကစားမည် ဟု ဆိုသည်။ မြန်မာ့ လက်ရွေးစင် အသင်း MNL ညွန့်ပေါင်း အသင်းတို့နှင့် ကစားမည့် လိဒ်ယူနိုက်တက် အသင်းသည် တချိန်က အင်္ဂလန် ပရီးမီးယားလိဂ်တွင် အသင်းကြီးများကို ဒုက္ခပေးလေ့ရှိသော အသင်း တသင်းအဖြစ် မြန်မာ ပရိတ်သတ်များအကြား အသိများခဲ့ပြီး AYA Bank Tour 2018 ပွဲတွင်လည်း အင်္ဂလန် ချန်ပီယံရှစ်ပွဲတွင် ပါဝင်ကစားနေသည့် အဓိက ကစားသမား အချို့ ပါဝင်မည်ဖြစ်ကြောင်း မြန်မာ ဘောလုံး အဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ AYA Bank Tour 2018 ပွဲစဉ်များ လာရောက်ကစားမည့် လိဒ်ယူနိုက်တက် အသင်းပွဲစဉ်များအတွက် ကွင်းဝင်ကြေးများမှာ ၄၀၀၀ ကျပ်၊ ၃၀၀၀ ကျပ်၊ ၂၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။ လိဒ်ယူနိုက်တက် အသင်းပိုင်ရှင် အင်ဒရီယာ ရာဒရစ်ဇန်နီ (Andrea Radrizzani) သည် အာရှတွင် စီးပွားရေး လုပ်ကိုင်နေသည်မှာ နှစ် အတန်ကြာပြီ ဖြစ်သည်။ Leeds United အသင်းပိုင်ရှင် Mr. Andrea Radrizzani အတူတွေ့ရသည့် ဦးဇော်ဇော် /MNLMNL သူ၏ အားကစား ကြော်ငြာလုပ်ငန်းဖြစ်သော MP & Silva ၏ ရှယ်ယာ အများစုကို ၂၀၁၆ ခုနှစ် မေလက တရုတ်လုပ်ငန်း တခုသို့ ရောင်းချခဲ့သည်။ ၂၀၁၆ ခုနှစ် နွေရာသီတွင် တရုတ်လုပ်ငန်း Suning Group က Inter Milan အသင်းကို ဝယ်ယူလိုက် ချိန်က ၎င်းသည် ထိုလုပ်ငန်း အတွက် အကြံပေး အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ဇန်နဝါရီလ နှောင်းပိုင်းက သူ့ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့် အတူ တွေ့ရသည်။ သူနှင့် ဦးဇော်ဇော်တို့၏ ဓာတ်ပုံကို Instagram တွင် တင်ပြီး “ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ Myanmar National League ဥက္ကဋ္ဌနှင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ နှင့် တွေ့ဆုံခြင်း” ဟု ရေးသားထားသည်ကို တွေ့ရသည်။ လိဒ်ယူနိုက်တက် အသင်း၏ ပုံရိပ် ပြည်ပတွင် တိုးတက်လာပါက ချစ်ကြည်ရေးပွဲများ ကစားခြင်းသည် ကျိုးကြောင်း ဆီလျှော်မှု ရှိသည်။ ထိုအပြင် ကလပ်အတွင်း အသင်း ကူးပြောင်းကြေးများ အတွက် ငွေရရှိမည် ဆိုပါက ပိုမို၍ပင် ကောင်းမွန်ပေသည်။ လိဒ်ယူနိုက်တက် ပါဝင်ကစားနေသည့် အင်္ဂလန် ချန်ပီယံရှစ် ပြိုင်ပွဲသည် အသင်းပေါင်း ၂၄ သင်း ပါဝင်ပြီး လိဒ်ယူနိုက်တက် သည် ၂၀၁၈ ခုနှစ် ရာသီတွင် ပွဲပေါင်း ၄၄ ပွဲကစားထားပြီး ရမှတ် ၅၇ မှတ်ဖြင့် အမှတ်ပေးဇယား၏ အဆင့် ၁၂ တွင် ရပ်တည်လျှက်ရှိသည်။ လိဒ်ယူနိုက်တက်သည် လက်ကျန်ပွဲစဉ်များအဖြစ် ဧပြီ ၂၁ ရက်နေ့တွင် ဘန်စလေ၊ ဧပြီ ၂၈ ရက်နေ့တွင် နောဝစ်ချ် စီးတီး၊ မေလ ၆ ရက်နေ့တွင် QPR အသင်းတို့နှင့် ပွဲစဉ်များ အပြီး မေလ ၇ ရက်နေ့တွင် မန်ချက်စတာမြို့မှ တဆင့် မြန်မာနိုင်ငံသို့ ထွက်ခွာလာမည် ဖြစ်ကြောင်းသိရသည်။ The post မြန်မာနိုင်ငံတွင် ချစ်ကြည်ရေး ဘောလုံးပွဲများ ကစားမည့် လိဒ်ယူနိုက်တက် အသင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2HjLf9O
via IFTTT
No comments:
Post a Comment