အင်းဒင်ရွာ လူသတ်မှုဖော်ထုတ်သည့် သတင်းထောက်နှစ်ဦးကို ဆက်လက်ချုပ်နှောင် တပ်မတော်မှ ထုတ်ဖော်ဝန်ခံထားပြီး ဖြစ်သည့် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာ လူသတ်မှုအား ဖော်ထုတ် ရေးသားခဲ့သည့် Reuters (ရိုက်တာ) သတင်းထောက်နှစ်ဦးအား လွှတ်ပေးရန် လျှောက်ထားမှုအပေါ် ယနေ့ ဧပြီ ၁၁ ရက်နေ့ ရုံးချိန်းတွင် မြောက်ပိုင်းခရိုင်တရားရုံးက ပလပ်ခဲ့ပြီး အမှုအား ဆက်လက်စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ အမှုမှ တရားလိုပြသက်သေ ၁၇ ဦးအား စစ်ဆေးမေးမြန်းပြီးနောက် တရားစွဲဆိုမှုအပေါ် သက်သေထင်ရှား ပြနိုင်ခြင်း မရှိကြောင်း ယူဆသည့်အတွက် သတင်းထောက်နှစ်ဦးအား ပြန်လွှတ်ပေးရန် ရာဇဝတ်ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၃(၂) အရ ၎င်းတို့၏ ရှေ့နေများမှ ပြီးခဲ့သည့် အပတ်ရုံးချိန်းတွင် လျှောက်ထားတင်ပြခဲ့ခြင်း ဖြစ်သည်။ ကိုဝလုံးက “အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သူတွေကျတော့ ၁၀ နှစ် ထောင်ဒဏ်ချမှတ်ပြီးတော့ အဲဒီသတင်း ကို ဖော်ထုတ်ခဲ့တဲ့ ကျနော်တို့က ၁၄ နှစ်ကျခံရနိုင်တဲ့ပုဒ်မနဲ့ တရားစွဲခံထားရတယ်၊ အစိုးရကို ကျနော်မေးချင်ပါတယ်၊ ဘယ်မှာလဲအမှန်တရား၊ အမှန်တရားနဲ့ တရားမျှတမှုဆိုတာ ဘယ်မှာလဲ၊ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ဆိုတာ ဘယ်မှာလဲဆိုတာ ဒီနေရာကနေ မေးချင်ပါတယ်” ဟု ယနေ့ တရားရုံးမှအပြန်တွင် ပြောသည်။ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၃(၂) တွင် “စွဲဆိုချက်သည် အခြေအမြစ်မရှိကြောင်း ရာဇဝတ်တရားသူကြီးက ယူဆလျှင် ယင်းသို့ယူဆသည့်အကြောင်း ရေးမှတ်၍ အမှု၏ရှေ့ပိုင်း မည်သည့်အဆင့်၌မဆို တရားခံအား စွဲချက်မတင်မီလွှတ်ခြင်းကို ဤပုဒ်မပါ မည်သည့်အချက်ကမျှ တားမြစ်သည်ဟု မမှတ်ယူရ” ဟု ပြဌာန်းထားသည်။ အမှုတွင် တရားလိုပြသက်သေ ၂၅ ဦးရှိသည့်အနက် ဆက်လက်စစ်ဆေးရန် ၈ ဦးကျန်ရှိနေပြီး လာမည့် ဧပြီ ၂၀ ရက်နေ့ရုံးချိန်းတွင် တရားလိုပြသက်သေများ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းထောက်နှစ်ဦး၏ ရှေ့နေ ဦးခင်မောင်ဇော်က “ ကျနော်တို့သုံးသပ်ချက်အရ စိစစ်ဆေးပြီးတဲ့ ၁၇ ယောက် ထွက်ဆိုချက်အရ အမှုက ထင်ရှားမပေါ်ပေါက်ဘူးပေါ့၊ အခုလို ပယ်ချလိုက်တာကတော့ ကျနော်တို့နဲ့ တရားသူကြီး ယူဆချက် မတူလို့ပါပဲ”ဟု ပြောသည်။ သတင်းထောက်နှစ်ဦးထံမှ ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည့် ရခိုင်အရေး စာရွက်စာတမ်းများအား ပေးအပ်ခဲ့သည့် အမှတ် ၈ လုံခြုံရေးတပ်ဖွဲ့ခွဲမှ ဒုရဲမှူး မိုးရန်နိုင်နှင့် တပ်ကြပ်ကြီး ခင်မောင်လင်း တို့နှစ်ဦးမှာ တရားလိုပြသက်သေအဖြစ် ထွက်ဆိုပေးရန် ကျန်ရှိနေပြီး လာမည့်ရုံးချိန်းတွင် ၎င်းတို့ကို စစ်ဆေးဖွယ်ရှိကြောင်း သိရသည်။ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် ဖမ်းဆီးခဲ့သည့် အထောက်အထားဖြစ်သော သတင်းထောက်နှစ်ဦးထံမှ သိမ်းဆည်းရမိသည်ဆိုသည့် စာရွက်စာတမ်းပါ အချက်အလက်များမှာလည်း သတင်းစာများတွင် ဖော်ပြခဲ့ပြီးဖြစ်သည့် အချက်များဖြစ်သည်ကို သိရှိကြောင်းလည်း တရားလိုပြသက်သေ ရဲမှူးမင်းသန့်က ရုံးချိန်းတခုတွင် ထွက်ဆိုခဲ့သည်။ အမှုနှင့် ဆက်စပ်၍ အင်းဒင်ကျေးရွာအနီးတွင် ဖမ်းဆီးရမိထားသည့် ဘင်္ဂါလီ ၁၀ ဦးအား ဥပဒေမဲ့သတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့် တပ်မတော်မှ အရာရှိ ၄ ဦးနှင့် အခြားအဆင့်စစ်သည် ၃ ဦးတို့အား နယ်ဘက်အကျဉ်းထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဧပြီ ၁၀ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားသည်။ ၎င်းထုတ်ပြန်ချက်တွင် ပြစ်ဒဏ်ချမှတ်ခံရသည့် အရာရှိ ၄ ဦးအား ရှုတ်ချ၍ အမြဲတမ်း ထုတ်ပယ်ခဲ့ပြီး အခြား အဆင့်စစ်သည် ၃ ဦးကိုလည်း တပ်သားအဆင့်လျော့ချလိုက်ကြောင်း ဖော်ပြထားသည်။ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့အထိ တပ်မတော်မှ အရာရှိ၊ စစ်သည် ၂၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အမှတ်(၈) လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၁၃ ဦး၊ ဌာနဆိုင်ရာဝန်ထမ်း ၆ ဦးနှင့် အင်းဒင်ရွာသား ၆ ဦးတို့ကို စစ်ဆေးပြီးနောက် ဥပဒေမဲ့ပြစ်မှုကျူးလွန်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကျူးလွန်မှုတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အင်းဒင်ရွာသား ၆ ဦးတို့ကိုလည်း အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဧရာဝတီသတင်းဌာနသို့ ပြောကြားထားသည်။ Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည့် အင်းဒင်ရွာ၊ ပဲရုံသုဿန်တွင်ဖြစ်ပွားခဲ့သည့် လူ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအား ဖော်ထုတ်ရန် ကြိုးပမ်းနေစဉ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်း က နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ-၃(၁)(ဂ) ဖြင့် မင်္ဂလာဒုံမြို့နယ်အတွင်း ဖမ်းဆီးတရားစွဲဆို ခံထားရခြင်းဖြစ်သည်။ The post အင်းဒင်ရွာ လူသတ်မှုဖော်ထုတ်သည့် သတင်းထောက်နှစ်ဦးကို ဆက်လက်ချုပ်နှောင် appeared first on ဧရာဝတီ.
Source : https://ift.tt/2EBozvF
via IFTTT
No comments:
Post a Comment