Tuesday, April 3, 2018


အာဆာနှင့် မပတ်သက်ရန် မြောက်ပိုင်းမဟာမိတ်ကို တရုတ် သတိပေး ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နိုင်ငံနယ်စပ် အနီးတွင် အခြေစိုက်သော မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များကို ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် တရုတ်အစိုးရက သတိပေးခဲ့ကြောင်း နယ်စပ် သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ ပါဝင်သောအဖွဲ့ ဖြစ်ပြီး ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) ဟုလည်း သိကြသည်။ “အာဆာ ARSA က တရုတ်နိုင်ငံ ဇင်ကျန်း ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသက ဝီဂါ Uighur မွတ်ဆလင် အကြမ်းဖက်သမားတွေနဲ့ ကွန်ရက် ပြုလုပ်ထားခဲ့တယ်။ ဒါကြောင့် တရုတ်နိုင်ငံက မြောက်ပိုင်းအဖွဲ့ကို အာဆာနဲ့ ကွန်ရက် မပြုလုပ်ဖို့ သို့မဟုတ် အာဆာနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်” ဟု ပန်ဆန်းတွင် မတ်လ ၂၆ ရက်မှ ၂၈ ရက်နေ့ အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့သည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုမှ ခေါင်းဆောင် တဦးက ပြောသည်။ ပြီးခဲ့သည့် နှစ်အတွင်းတွင် အာဆာက ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရှိရဲတပ်ဖွဲ့ စခန်းများနှင့် တပ်မတော် စခန်း များ ကိုတိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး ပေါ်ပေါက်စေခဲ့ပြီး သိန်းနှင့် ချီသော ရိုဟင်ဂျာမွတ်ဆလင်များ ဒေသတွင်းမှ ထွက်ပြေးခဲ့ကြရသည်။ ထို့ကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံကို စီးပွားရေး ဒဏ်ခတ် အရေးယူ ဆောင်ရွက်နေချိန်၌ တရုတ်နှင့် ရုရှား အစိုးရများက မြန်မာအစိုးရဘက်မှ ရပ်တည်ပေးခဲ့သည်ကို တရုတ်အစိုးရက အသိပေးကြောင်း မြောက်ပိုင်း မဟာမိတ် အဖွဲ့၏ အစည်းအဝေးသို့ တက်ရောက်ခဲ့သူတဦးက ပြောသည်။ တပ်မတော်နှင့် အစိုးရက အာဆာကို အကြမ်းဖက် အဖွဲ့ အစည်းတခုအဖြစ် သတ်မှတ်ခဲ့သည်။ သတိပေးချက်နှင့် ပတ်သက်၍ တရုတ်အစိုးရက ယေဘုယျအားဖြင့် တရုတ်နယ်စပ်အခြေစိုက် မြောက်ပိုင်းမဟာမိတ် အဖွဲ့ကို ရည်ညွှန်းခဲ့သော်လည်း အဖွဲ့ဝင် ဖြစ်သည့် ရက္ခိုင် တပ်မတော်(AA) သို့ တိုက်ရိုက် သတင်းစကားပေးပို့ခြင်း ဖြစ်နိုင်သည်ဟု တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် အချို့ က ဆိုသည်။ AA သည် ရခိုင်ပြည်နယ်ကို အခြေခံသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်သော်လည်း လိုင်ဇာနှင့် ကိုးကန့် ဒေသကဲ့သို့သော တရုတ်နယ်စပ် တလျှောက်တွင် အခြေစိုက်သည်။ ၎င်း၏ တပ်ဖွဲ့များက အခါအားလျော်စွာ ရခိုင် ပြည်နယ်ရှိ စခန်းများသို့ ပြန်၍ တပ်မတော်နှင့် ထိတွေ့တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။ AA နှင့် ARSA အဖွဲ့တို့ကြား ဆက်စပ်မည်ကို တရုတ်၏ စိုးရိမ်ချက်သည် ကိုယ်ပိုင်လား။ မြန်မာအစိုးရ သို့မဟုတ် မြန်မာ့တပ်မတော်၏ ကိုယ်စား စိုးရိမ်ချက်လား ဟူသည် မကွဲပြားလှချေ။ သတင်းများအရ ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာမွတ်ဆလင်များက တဖက်နှင့် တဖက် ထောက်ခံခြင်းမရှိပါ။ သူတို့တွင် အသိုင်းအဝိုင်း ၂ ခုကြား၌ ပဋိပက္ခတခု ကာလရှည်ကြာစွာ ရှိခဲ့သောကြောင့် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) က လတ်တလောထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အပေါ် တရုတ်နိုင်ငံ၏ မည်သည့် သတိပေးချက်ကိုမျှ ရည်ညွှန်းဖော်ပြထားခြင်းမရှိဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပင်လုံ ငြိမ်းချမ်းရေးညီလာခံတို့ကိုသာ အလေးပေး ဖော်ပြထားပြီး ကချင်၊ ပလောင်၊ ကိုးကန့်နှင့် ရခိုင်တပ်ဖွဲ့များအပေါ် တပ်မတော်၏ တိုက်ခိုက်မှုများကို ဝေဖန် ရှုတ်ချထားသည်။ အဆိုပါ ကြေညာချက်တွင် FPNCC က အကယ်၍ အစိုးရကသာ နောက်တကြိမ်ပြုလုပ်သည့် ပင်လုံငြိမ်းချမ်းရေးညီလာခံ တွင် ပါဝင်ရန် ဖိတ်ခေါ်လာပြီး တရုတ်နိုင်ငံက ညီလာခံသို့ သွားရောက်ရန်နှင့် ပြန်လာရန် ၎င်းတို့၏ လုံခြုံရေးကို အာမခံချက်ပေးခဲ့လျှင် လက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပန်ဆန်းအစည်းအဝေးအပြီး နောက်တရက်ဖြစ်သည့် မတ်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Hong Liang က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားသော ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်နေရာချထားရေးအစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။ ARSA ၏ နောက်ထပ် တိုက်ခိုင်မှုများကို ကာကွယ်တားဆီးရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့များက မည်သို့ စီစဉ်ထားသည်ဆိုခြင်းနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။ The post အာဆာနှင့် မပတ်သက်ရန် မြောက်ပိုင်းမဟာမိတ်ကို တရုတ် သတိပေး appeared first on ဧရာဝတီ.
Source : https://ift.tt/2IsnwR4
via IFTTT

No comments:

Post a Comment