တောမီးသင့်၍ အဘိုးအိုသုံးဦး မီးလောင်သေဆုံးခဲ့သော ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ရှိ ထာဝရဘိုးဘွားရိပ်သာတွင် နေထိုင်သော အဘိုးအဘွားများအတွက် နေထိုင်သွားလာရေးနှင့် လူနေဆောင်အတွက် အခက်အခဲမှာ ရှိနေပြီး အကူအညီ အထောက်အပံ့များ လိုအပ်လက်ရှိကြောင်းသိရသည်။ အဘိုးအဘွားများ၏ ကျန်းမာရေး နေထိုင်ရေးအခက်အခဲများနှင့် ပတ်သက်၍ ထာဝရဘိုးဘွားရိပ်သာ တာဝန်ခံ ဆရာတော်က “ဘိုးဘွားတွေက အရင်တုန်းကတော ၃၁ ယောက်ရှိပါတယ်။ အခုလက်ကျန်ဘိုးဘွားကတော့ ၂၇ ယောက် ရှိပါတယ်။ ကျန်းမာရေးပိုင်း လိုအပ်တာက ကိုယ်ဘိုးဘွားတွေကဂီလာနဘိုးဘွားတွေဖြစ်တဲ့အတွက် လေဖြန်းတာတို့ ရောဂါပေါင်းစုံဖြစ်တဲ့အတွက် ဆေးရုံဆေးခန်းသွားတဲ့အခါတိုင်း ခက်ခဲမှုရှိပါတယ်။ ဘယ်လိုခက်ခဲလဲဆိုတော့ လမ်းမကောင်းတဲ့ အတွက် ဦးဇင်းတို့သွားတဲ့အခါ မိုးတွင်းရောက်ရင် လှည်းနဲ့သွားရပါတယ်။ လှည်းနဲ့သွားပြီး တစ်ခါတလေတော့ ဦးဇင်းတို့ ထမ်းသွားရတာမျိုးလည်း ရှိပါတယ်။ ကျန်းမာရေးပိုင်းကတော့ အဲဒီလိုခက်ခဲမှု ရှိပါတယ်။ အဘိုးအဘွားတွေကို ဦးဇင်းတို့ လက်ခံတဲ့အခါလည်း အသက်တို့ လူမျိုးတို့ ခွဲခြားမှုမရှိပါဘူး။ အဓိကဦးဇင်းတို့ လက်ခံတာက ဂီလာနဘိုးဘွားတွေနဲ့အစွန့်ပစ်ခံဘိုးဘွားတွေကို အဓိက လက်ခံပါတယ်” ဟု ဆိုသည်။ အဆိုပါထာဝရဘိုးဘွားရိပ်သာမှာ မတ် ၂၆ ရက် ညနေပိုင်းက တောမီးသင့်၍ ထာဝရဘိုးဘွားရိပ်သာရှိ အဘိုးအဘွားအိပ်ဆောင်များကို မီးကူးစက်လောင်ကျွမ်းခဲ့ရာ အဘိုးများအိပ်စက်နေထိုင်သည့် (30x20) သက်ငယ်မိုးထရံကာ၊ အိပ်ဆောင်နှစ်ဆောင် မီးလောင်ကျွမ်းဆုံးရှုံးခဲ့သည့်အပြင် အဆောင်တွင်းရှိ လေဖြတ်နေသောအဘိုး ၃ဦးမှာလည်း မီးလောင်ကျွမ်းသေဆုံးမှု ဖြစ်ပွားခဲ့သည်။ ထို့ပြင် မီးလောက်ဒဏ်ရာသင့်၍ ဆွာဆေးရုံတွင် ဆေးကုသမှုခံယူနေသော အဘိုးတစ်ဦးမှာ ရောဂါဖြင့် ဆေးရုံ၌ထပ်မံသေဆုံးခဲ့ရာ အဘိုးအိုလေးဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထာဝရဘိုးဘွားရိပ်သာတွင် ဂီလာနနှင့် စွန့်ပစ်ခံဘိုးဘွား ၃၀ဦး လက်ခံစောင့်ရှောက်ပေးလျက်ရှိရာ မီးလောင်၍ အဘိုးလေးဦးသေဆုံးပြီးနောက် အဘိုး ၉ ဦး၊ အဘွား ၁၈ ဦး စုစုပေါင်း၂၅ ဦးအား စောင့်ရှောက်ပေးလျက်ရှိကြောင်း ထာဝရဘိုးဘွားရိပ်သာမှာ မြို့နှင့်အလှမ်းဝေးသောနေရာတွင် ရှိနေသောကြောင့် အဘိုးအဘွားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအခက်အခဲများ၊ အဆောင်မှာ မီးလောင်ဆုံးရှုံး၍ အဘိုးအဘွားများ၏ နေထိုင်ရေး အခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊ မီးလောင်ပြီးနောက် အဘွားများအား သက်ငယ်မိုး၊ ထရံကာအဆောင်ဖြင့် ယာယီထားရှိနေရကြောင်း သိရသည်။ "အဆောက်အအုံပိုင်းတော့ နည်းနည်းတော့ အခက်အခဲရှိတယ်။ ဦးဇင်းတို့က အဖွားဆောင်ကို အဘိုးတွေကို ယာယီထားပေးရပါတယ်။ ကျန်းမာရေးပိုင်းအရဆိုရင်တော့ ဌာနဆိုင်ရာကလာပီးတော့ အကူအညီပေးတာ ရှိပါတယ်။ ကျန်းမာရေးပိုင်းဆိုင်ရာတော့ သိပ်ပီးအခက်အခဲမရှိဘူးပေါ့။ အဓိကကတော့ အဆောက်အဦးနဲ့ အသုံးအဆောင်ပစ္စည်း တွေ အဲဒါတွေ အခက်အခဲ ရှိပါတယ်” ဟု တာဝန်ခံ ဆရာတော်ဦးပညာနန္ဒက ဆက်လက်မိန့်ကြားသည်။ ဆွာမြို့ရှိထာဝရဘိုးဘွားရိပ်သာအား YGW (အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတ အသင်း) မှ ဆရာတော်များက ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး ဆွာမြို့ရှိ ကိုရီးယား- မြန်မာအထပ်သားစက်ရုံမြောက်ဘက်လမ်းမှ တစ်ဆင့် အနောက်ဘက်သို့မြေသားလမ်းအတိုင်း လေးမိုင်ခန့်ထပ်သွားရကြောင်း သိရသည်။
Source : https://ift.tt/2Gv0B6X
via IFTTT
No comments:
Post a Comment