Tuesday, April 3, 2018


ဖာပွန်ဒေသ ပဋိပက္ခ KNU နှင့် ညှိနှိုင်းရန် တပ်မတော်ဘက်က ရက်ရွှေ့ဆိုင်း မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNU/KNLA) တို့အကြား ဖြစ်ပွားနေသည့် ဖာပွန်ဒေသ ပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးရန် ချိန်းဆိုထားသော်လည်း တပ်မတော်ဘက်က တွေ့ဆုံပွဲကို ရွှေ့ဆိုင်း လိုက်သည်ဟု သတင်းရရှိသည်။ KNLA တပ်မဟာ (၅) နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်း တပ်မတော်က တပ်ရင်း အင်အားများဖြင့် ဝင်ရောက်ကာ လမ်းဖောက်သဖြင့် မတ်လ ပထမပတ်က တပ်မတော်နှင့် KNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့အထိ မြေပြင်တွင် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။ ထိုပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် KNU ၏ စစ်ဘက်ရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (MANT) သည် တပ်မတော်နှင့် ချိန်းဆိုထားသည့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ညောင်လေးပင်ခရိုင်ရှိ KNU တပ်မဟာ (၃) ဆက်ဆံရေး ရုံးသို့ မတ်လ ၂၈ ရက် အရောက် သွားခဲ့သည်ဟု KNU ၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက ပြောသည်။ တပ်မတော်နှင့် KNU/KNLA မှ တပ်မဟာအလိုက် ခေါင်းဆောင်များအကြား ဖာပွန်ပဋိပက္ခကို ညှိနှိုင်းရန်အတွက် မတ်လ ၂၉ နှင့် ၃၀ ရက်တို့တွင် KNU တပ်မဟာ (၃) ဆက်ဆံရေးရုံးတွင် တွေ့ဆုံရန် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ ၁၅ ကြိမ်မြောက် အစည်းအဝေး၌ သဘောတူထားပြီး ဖြစ်သည်။ သို့သော် ဆွေးနွေးရန် ရောက်လာသည့် MANT အဖွဲ့ထဲတွင် KNLA တပ်မဟာ (၅) ၏ တပ်မဟာမှူး ပါမလာဟုဆိုကာ တပ်မတော်ဘက်က တွေ့ဆုံပွဲကို ရွှေ့ဆိုင်းကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။ MANT သည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၇ ရက်က KNU ၏ ဗဟိုဌာနချုပ်နှင့် တပ်မဟာ ၇ ခုမှ ထိပ်တန်းခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ရှိလာပါက တပ်မတော်နှင့် တာဝန်ယူ ညှိနှိုင်းရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ MANT အနေဖြင့် တပ်မတော်နှင့် ချိန်းဆိုထားသည့် ပဲခူးတိုင်းဒေသကြီးသို့ လာရောက်ရခြင်းမှာ ဖာပွန်ဒေသအတွင်း ပဋိပက္ခများကြောင့် ဒေသခံများ အိုးအိမ်စွန့်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရခြင်းကို အဓိက ဆွေးနွေးရန်၊ KNU တပ်မဟာ (၅) နယ်မြေအတွင်း လမ်းဖောက်မည်ဟုဆိုကာ ဝင်ရောက်လာသည့် တပ်မတော်၊ တပ်ရင်းများ ပြန်လည်ထွက်ခွာပေးရန် ညှိနှိုင်းရေးအတွက် စီစဉ်ထားခဲ့သည်ဟု ပဒိုစောတာဒိုမှူးက ပြောသည်။ “ဒေသခံလူထုက တောက်လျှောက် ပြေးရင်းလွှားရင်း IDPs ဘဝနဲ့ နေခဲ့ရတာ။ ၂၀၁၂ အပစ်အခတ်ရပ်စဲရေး (Bilateral Agreement) ချုပ်ပြီးမှ အေးဆေး တည်ငြိမ်တာတွေ ပြန်ရတော့ သူတို့နေရပ်ကို ပြန်လာကြတာပေါ့ဗျာ။ အခုလို ထပ်ဖြစ်တော့ သူတို့မှာ ထိတ်လန့်စွာနဲ့ ထပ်ပြီး ပြေးကြရတော့ ကျနော်တို့ ပထမဦးစားပေး အနေနဲ့ လူတွေ ပြန်လာနိုင်ဖို့ ဆွေးနွေးမယ်” ဟု ပဒိုစောတာဒိုမှူးက ဆိုသည်။ ဖာပွန်ပဋိပက္ခကြောင့် လူသောမြို့နယ်ရှိ ကျေးရွာ ၁၆ ရွာမှ ဒေသခံ ၃၀၀၀ ကျော်မှာ မတ်လ ပထမပတ်မှစ၍ ယနေ့ထိ နေအိမ်များကို စွန့်ခွာပြီး တောထဲသို့ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်သည်။ တပ်မတော်၊ တပ်ဖွဲ့များ အင်အားဖြင့် ဝင်ရောက်လာပြီး KNLA နှင့် တိုက်ပွဲများ ဖြစ်သဖြင့် ဒေသခံများ ထွက်ပြေးသွားရခြင်း ဖြစ်ပြီး ၎င်းတို့မှာ ၂၀၁၀ ပြည့်နှစ်မတိုင်မီ ကာလများကလည်း တိုက်ပွဲများကြောင့် မကြာခဏ စစ်ဘေးရှောင်နေကြရသူများ ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ထွက်ပြေးနေသည့် ဒေသခံများ နေရပ်ပြန်လာနိုင်ရေးအတွက် တပ်မတော်တပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးသွားရန် လိုအပ်ပြီး တပ်မတော်က ၎င်းတို့၏ တပ်ဖွဲ့များကို ရိက္ခာထောက်ပံ့ရန် လမ်းကြောင်းအဖြစ် အသုံးပြုရေးအတွက် လမ်းဖောက်သည်ဆိုသည့် အကြောင်းပြချက်မှာလည်း ကျိုးကြောင်းဆီလျော်ခြင်း မရှိကြောင်း၊ တပ်မတော် တပ်ဖွဲ့ဝင်များ မရှိသည့် နေရာတွင် လမ်းလာဖောက်ပြီး အမည်ကိုလည်း စစ်ဆင်ရေး လမ်းကြောင်းဟု ခေါ်ဝေါ်ကြောင်း ပဒိုစောတာဒိုမှူးက ပြောသည်။ ထွက်ပြေးနေရသည့် ကျေးရွာ ၁၆ ရွာမှ အကြီးအကဲများကလည်း ၎င်းတို့၏ လူနေမှုဘဝကို စာနာသနားစေလိုကြောင်း၊ ၁၉၇၄ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်မတိုင်မီကာလအထိ တိုက်ပွဲများအကြားတွင် မိသားစု အစဉ်အဆက်အလိုက် အကြမ်းဖက် ခံခဲ့ရခြင်းများကြောင့် “ဗမာ့တပ်မတော်” ကို ယနေ့အထိ ကြောက်လန့်နေရကြောင်း၊ အိုးအိမ်နှင့် လယ်ယာများကို ၂၀၁၂ ခုနှစ်၊ အပစ်အခတ်ရပ်စဲရေး ကာလနောက်ပိုင်းမှ ပြန်လည်ထူထောင် ထားရသဖြင့် မိမိတို့ ဒေသခံမိသားစုဝင်များ ငြိမ်းချမ်းစွာ ရှင်သန်နိုင်ရေး အတွက် ဒေသတွင်း ဝင်ရောက်နေသည့် တပ်မတော်စခန်း ၁၇ ခုကို နောက်ဆုတ်ပေးရန်၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့ရှေ့မှ မားမားမတ်မတ်ရပ်တည်ပေးရန် တောင်းဆိုထားသည့် အသနားခံစာ တစောင်ကိုလည်း မတ်လ ၂၇ ရက်က နိုင်ငံတော်အတိုင်ပင်ခံထံသို့ ပေးပို့ထားသည်။ ဆက်လက်၍ ပဒိုစောတာဒိုမှူးက “တပ်တွေ ပြန်သွားမှပဲ လူထုက ပြန်လာရဲမှာ။ တပ်တွေပြန်ဖို့ဆိုတာကလည်း လမ်းမဖောက်မှပဲ ပြန်မယ်။ အဓိက ပြဿနာက လမ်းဖောက်ဖို့ဆိုတဲ့ အခြေခံက စတာ။ လမ်းဖောက်တာကလည်း ကားတစီးမှ မဝယ်နိုင်တဲ့ ပြည်သူလူထုကြား လမ်းဖောက်တာ ဖွံ့ဖြိုးရေးလည်း မမည်ဘူး။ ဒါကို ကျနော်တို့ ပြန်ညှိနှိုင်းရလိမ့်မယ်” ဟု ဆိုသည်။ KNU အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) ရေးထိုးပြီး ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၂ နှစ်တာအတွင်း တပ်မတော်နှင့် ယုံကြည်မှုပြန်လည် တည်ဆောက်ရန်လည်း လိုအပ်သည်ဟု ပဒိုစောတာဒိုမှူးက ပြောသည်။ လက်ရှိတွင် ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်း တပ်မတော်နှင့် KNLA တပ်ဖွဲ့ဝင်များမှာ ရှေ့တန်းတွင် စစ်ရေး တင်းမာ နေသည့် အခြေအနေရှိပြီး KNLA တပ်ဖွဲ့ဝင်များကို ပဋိပက္ခထပ်မံ မဖြစ်ပွားရန်၊ ထိန်းထိန်းသိမ်းသိမ်း နေရန် KNU ဗဟိုဌာနချုပ်မှ KNLA တပ်ဖွဲ့ဝင်များကို မှာကြားထားသည် ဟုလည်း သိရသည်။ ဖာပွန်ပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် တပ်မတော်နှင့် တွေ့ဆုံနိုင်ရန် ထပ်မံညှိနှိုင်းသွားမည်ဟုလည်း KNU ထံမှ သိရသည်။ တွေ့ဆုံပွဲ ရွှေ့ဆိုင်းလိုက်ရခြင်းနှင့် ပတ်သတ်၍ မေးမြန်းရန် ဧရာဝတီက တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပေ။ ဖလုံ-စဝေါ် အမျိုးသားတိုးတတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက KNU ခေါင်းဆောင်များက တွေ့ဆုံရန် သွားသော်လည်း တပ်မတော်ဘက်က အစည်းအဝေးကို ရွှေ့ဆိုင်းပြီး မဆွေးနွေးနိုင်ဟု ပြောဆိုခြင်းကို ကြားသိ ထားကြောင်း၊ အစိုးရ၊တပ်မတော်နှင့် KNU တို့အကြား ချုပ်ဆိုထားသည့် NCA စာချုပ်အရ ပဋိပက္ခဖြစ်လာပါက ညှိနှိုင်းရမည်ဖြစ်ပြီး ယခုမညှိနှိုင်းဘဲ ရွှေ့ဆိုင်းခြင်းမှာ အကြောင်းအရာ တခုခု လွဲနေပြီဟု ယူဆမိကြောင်း ပြောသည်။ ဦးမန်းအောင်ပြည်စိုးက “ကျနော်တို့ တိုင်းရင်းသားတွေကတော့ နိုင်ငံရေးလက်ဦးမှုရယူဖို့ ဖွံ့ဖြိုးရေးဆိုပြီး လမ်းဖောက်တာ ကို အကြောင်းပြတယ်လို့ပဲ ခံစားရတယ်။ ကျနော်တို့ တိုင်းရင်းသား နယ်မြေတွေကို ဝင်ဖို့ ဖွံ့ဖြိုးရေးအကြောင်းပြပြီး ဝင်တယ်လို့ပဲ ကျနော်မြင်တယ်။ ဒါဟာ မှန်လား မှားလား ဆိုတာ ကာကယံရှင်တွေ သိပါတယ်။ ကျနော်တို့ကတော့ ဒီလိုပဲ ခံစားရတယ်” ဟု ပြောသည်။ မတ်လ ၂၈ ရက်ကလည်း ကရင်အမျိုးသားများ သဟာရအသင်းက တပ်မတော်နှင့် KNU တို့အကြား ဖြစ်ပွားသည့် ပဋိပက္ခ များကြောင့် ဒေသခံ ပြည်သူလူထုမှာ ပြေးလွှားတိမ်းရှောင်ရင်း ဒုက္ခရောက်နေသဖြင့် လူထုကို သက်ညှာကာ NCA စာချုပ်ပါ အချက်များအတိုင်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားရန် သဘောထား ထုတ်ပြန်ထားသည်။ The post ဖာပွန်ဒေသ ပဋိပက္ခ KNU နှင့် ညှိနှိုင်းရန် တပ်မတော်ဘက်က ရက်ရွှေ့ဆိုင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2Jeg3pN
via IFTTT

No comments:

Post a Comment