ရုံဝင်ငွေ ဒေါ်လာ ၁ဝ ဘီလီယံရရှိစေခဲ့တဲ့ ပထမဆုံးဒါရိုက်တာ အဖြစ် Steven Spielberg မှတ်တမ်းဝင် နာမည်ကျော် ဒါရိုက်တာကြီး Steven Spielberg ဟာ သူ့ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ရုပ်ရှင်ဖြစ်တဲ့ ‘Ready Player One’ နဲ့ အောင်မြင်မှုကို ထပ်မံရရှိခဲ့ပြန်ပြီပဲ ဖြစ်ပါတယ်။ ဟောလိဝုဒ် ရုပ်ရှင်လောကရဲ့ အကြီးမားဆုံး ဂန္တဝင်ပညာရှင်တွေထဲမှာ ဒါရိုက်တာကြီး Spielberg ဟာ ကမ္ဘာတဝန်း ရုံဝင်ငွေ ဒေါ်လာ ၁ဝ ဘီလီယံ ရရှိစေခဲ့တဲ့ ပထမဆုံး ဒါရိုက်တာဖြစ်လာခဲ့ပြီး ရုပ်ရှင်မှတ်တမ်းသစ်တခုကို ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ရုံဝင်ငွေ အများဆုံးရှာဖွေပေးနိုင်တဲ့ ဒါရိုက်တာ ထိပ်တန်း ၁၀ ဦး စာရင်းမှာတောင် သူ့ရဲ့ အထင်ကြီးလေးစားလောက်ဖွယ် ပမာဏကို မှီနိုင်မယ့် ဒါရိုက်တာသိပ်မရှိပါဘူး။ သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ‘Ready Player One’ ရုပ်ရှင်ဟာ ရုံတင်ပြီး သီတင်း ၃ ပတ်အတွင်းမှာ ရုံဝင်ငွေ ဒေါ်လာ ၄၇၅ သန်းရရှိခဲ့တဲ့အတွက် အော်စကာ ၃ ဆုရဒါရိုက်တာကြီးဟာ အခုဆိုရင် သူ့ရဲ့ ရှည်လျားတဲ့ အနုပညာ သက်တမ်း တလျှောက်မှာ ဒေါ်လာ ၁၀ ဘီလီယံဝင်ငွေ ရရှိအောင်စွမ်းဆောင်နိုင်တဲ့ တဦးတည်းသော ဒါရိုက်တာ ဖြစ်လာခဲ့ပါပြီ။ သူ့စံချိန်နဲ့ အနီးစပ်ဆုံး ပုဂ္ဂိုလ်ကတော့ ‘Lord of the Rings’ နဲ့ ‘The Hobbit’ ရုပ်ရှင်တို့ရဲ့ ဒါရိုက်တာ Peter Jackson ဖြစ်ပြီး ရုံဝင်ငွေ ၆ ဒသမ ၅၂၀ ဘီလီယံရရှိစေခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာ ‘Transformers’ ရုပ်ရှင်ဒါရိုက်တာ Michael Bay က ဒေါ်လာ ၆ ဒသမ ၄၁၄ ဘီလီယံ၊ ‘Avatar’ ရုပ်ရှင်ဒါရိုက်တာ James Cameron က ဒေါ်လာ ၆ ဒသမ ၁၃၈ ဘီလီယံနဲ့ အသီးသီး ဆက်တိုက်ရပ်တည် နေပါတယ်။ ရုံဝင်ငွေအများဆုံးရရှိအောင်စွမ်းဆောင်ပေးနိုင်တဲ့ ဒါရိုက်တာ ၁၀ ဦးစာရင်းထဲမှာဆိုရင် ‘Harry Potter’ ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ David Yates (ဒေါ်လာ ၅ ဒသမ ၃၄၆ ဘီလီယံ)၊ ‘The Dark Knight’ ရုပ်ရှင် ဒါရိုက်တာ Christopher Nolan (ဒေါ်လာ ၄ ဒသမ ၇၄၉ ဘီလီယံ)၊ ‘Back to the Future’ ရုပ်ရှင် ဒါရိုက်တာ Robert Zemeckis (ဒေါ်လာ ၄ ဒသမ ၂၄၃ ဘီလီယံ)၊ ‘Edward Scissorhands’ ရုပ်ရှင်ဒါရိုက်တာ Tim Burton (ဒေါ်လာ ၄ ဒသမ ၀၇၅ ဘီလီယံ)၊ ‘Home Alone’ ရုပ်ရှင်ဒါရိုက်တာ Chris Columbus (ဒေါ်လာ ၄ ဒသမ ၀၆၀ ဘီလီယံ) နဲ့ ‘Alien’ ရုပ်ရှင်ဒါရိုက်တာ Ridley Scott (ဒေါ်လာ ၃ ဒသမ ၉၂၃ ဘီလီယံ) တို့က ဆက်တိုက်ဆိုသလိုပဲ အသီးသီးရပ်တည်နေပါတယ်။ ဒါရိုက်တာကြီး Spielberg ဟာ စာရင်းထိပ်ဆုံးမှာရပ်တည်နေတာ အံ့သြဖွယ်ရာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ထိပ်တန်းရုံ ဝင်ငွေ အများဆုံးရှာဖွေပေးနိုင်တဲ့ ဒါရိုက်တာအများစုဟာ နာမည်ကျော်ဒိတ်ဒိတ်ကြဲ ရုပ်ရှင် တခု ဒါမှမဟုတ်နှစ်ခုလောက် ၊ ဒါမှမဟုတ်ရင် နာမည်ကျော် ဇာတ်လမ်းတွဲရုပ်ရှင်မျိုးတွေနဲ့ နာမည်ကြီး သူတွေ ဖြစ်ကြပါတယ်။ ဒါရိုက်တာကြီး ဖန်တီးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာတော့ ‘Jaws’ ၊ ‘ET’ ၊ ‘Indiana Jones’ ၊ ‘Jurassic Park’, ‘Schindler’s List’, ‘The Color Purple’ နဲ့ ‘Saving Private Ryan’ တို့ဟာ တကယ့်အထင်ကရ ရုပ်ရှင်တွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် ဒါရိုက်တာကြီးဟာ အရှိန်လျှော့ သွားမယ့် ပုံတော့မပြသေးပါဘူး။ သူဟာ တေးသံစုံပြဇာတ်ရုပ်ရှင် ‘West Side Story’ နဲ့ မင်းသား Mark Rylance ပါဝင် ထားတဲ့ သမိုင်းနောက်ခံဒရမ်မာ ‘The Kidnapping of Edgardo Mortara’ တို့လိုမျိုး ရုပ်ရှင်တွေကို ဖန်တီး နေပါသေး တယ်။ ဒါ့အပြင် မကြာမီရိုက်ကူးဦးမယ့် Indiana Jones ရုပ်ရှင်ကိုလည်း သူကိုယ်တိုင်ကွပ်ကဲ ကြီးကြပ်ဦးမှာ ဖြစ်ပါတယ်။ contactmusic The post ရုံဝင်ငွေ ဒေါ်လာ ၁ဝ ဘီလီယံရရှိစေခဲ့တဲ့ ပထမဆုံးဒါရိုက်တာ အဖြစ် Steven Spielberg မှတ်တမ်းဝင် appeared first on ဧရာဝတီ.
Source : https://ift.tt/2J4ymwF
via IFTTT
No comments:
Post a Comment