မွန် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မေလဆန်းတွင် ကျင်းပမည် ကန့်သတ်ချက်များကြောင့် နှောင့်နှေးခဲ့ရသော မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မေလတွင် ၃ ရက် ဆက် ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ဧရာဝတီ သို့ ပြောသည်။ အဆိုပါ ဆွေးနွေးပွဲကို မွန်ပြည်နယ်၊ ရေးမြို့တွင် မေလ ၅ ရက်မှ ၇ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး တက်ရောက်သူ ၅၀၀ ကို ဖိတ်ကြားမည်ဖြစ်ကာ လေ့လာသူအဖြစ် အရေအတွက် ကန့်သတ်မှု မရှိ တက်ရောက်ခွင့်ပြုသွားမည် ဖြစ်ကြောင်း NMSP ဗဟိုကော် မတီဝင် နိုင်အောင်မငေး က ပြောသည်။ နိုင်အောင်မငေး က “နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရခြင်းက အခြေခံအားဖြင့် ကျနော်တို့ မွန်လူမျိုးတွေရဲ့ သဘောထားတွေကို စုစည်းနိုင်ဖို့ပါ။ ပြီးရင် UPDJC ကိုတင်ပြ မယ်။ အဲဒီကနေတဆင့် ပင်လုံညီလာခံမှာ အဆိုတင်ပြီး ဆွေးနွေး မယ်ပေါ့။ ဆွေးနွေးလို့ရလာမယ့် သဘောတူညီချက်တွေက ပြည်ထောင်စု သဘောတူညီချက်ရဲ့ အစိတ်အပိုင်း တခုအဖြစ် ပါဝင်လာနိုင်မယ်။ ဒါကြောင့် မွန် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပရတာပါ” ဟု ပြောသည်။ NMSP သည် ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အစိုးရနှင့် ရေးထိုးခဲ့သော်လည်း မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရန် တင်းကြပ်မှုများ ရှိသဖြင့် နှောင့်နှေးမှု ဖြစ်ခဲ့ရသည်။ ယခုအခါတွင် ထိုအခြေအနေများကို ကျော်လွန်နိုင်ခဲ့ပြီဖြစ်သည်။ ယခုနှစ် ဧပြီ ၂ ရက်နေ့ က မွန် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ ပါဝင်သော အစည်းအဝေး တရပ်ကို မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးတွင် ဦးကျော်တင့်ဆွေ က “အစိုးရသစ် လက်ထက်တွင် NCA လက်မှတ် ရေးထိုးလာတဲ့ မွန်ပြည်သစ်ပါတီရဲ့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အောင်အောင်မြင်မြင် ဖြစ်စေချင်ပါတယ်။ အစိုးရအပေါ် ယုံကြည်မှု နားလည်မှု အပြည့်ဖြင့် NCA တွင် လက်မှတ်ရေးထိုး ပါဝင်လာတဲ့ မွန်ပြည်သစ်ပါတီအတွက် အစစအရာရာ အဆင်ပြေ ချောမွေ့အောင် အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။ အခြားလိုအပ်ချက်များရှိလာပါကလည်း NRPC အနေနဲ့ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်” ဟု ပြောခဲ့သည်။ ဆွေးနွေးပွဲ ကျင်းပနိုင်ရေး အတွက် အစိုးရ၊ လက်နက်ကိုင်၊ နိုင်ငံရေးပါတီ စသည့် အစုအဖွဲ့များပါဝင်သော ကြီးကြပ်ရေး ကော်မတီ တရပ်ကို ဖွဲ့စည်းထားသည်။ ထိုကော်မတီ အစည်းအဝေးကို ဧပြီ ၂၀ ရက်တွင် ကျင်းပ၍ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပမည့် ပုံစံနှင့် ဖိတ်ကြားရမည့်သူများအရေးကို ဆွေးနွေးသွားကြမည်ဟု ဆိုသည်။ ကြီးကြပ်ရေး ကော်မတီဝင်လည်းဖြစ် NMSP ဗဟိုကော်မတီဝင်လည်းဖြစ်သူ နိုင်အောင်မငေး က “ဧပြီ ၂၀ ရက်နေ့မှာ ကြီးကြပ်ရေး ကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ပြန်ထိုင်မယ်။ ဘယ်သူတွေ ဖိတ်မယ်။ ဘယ်လိုကျင်းပမယ်။ ဘာတွေ ဆွေးနွေးမယ် ဆိုတာဆုံးဖြတ်ကြမယ်။ UPDJC က လမ်းညွန်ထားတဲ့ ကဏ္ဍတွေ ရှိတယ်လေ အဲဒါတွေကိုပဲ ဆွေးနွေးမှာပါ” ဟု ပြောသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်းစသည့် ကဏ္ဍကြီး ၅ ခုကို ဆွေးနွေးရန် ပြဌာန်းထားသည်။ ထို့ကြောင့် ရေးမြို့တွင် ကျင်းပမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ သယံဇာတ ပတ်ဝန်းကျင့် ထိန်းသိမ်းရေးစသည့် ကဏ္ဍကြီး ၄ ခုကို ဆွေးနွေး ကြမည် ဖြစ်ကြောင်း NMSP ဘက်က ပြောသည်။ မေ ၅ ရက်မှ ၇ ရက်ထိ ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် မွန် နိုင်ငံရေးပါတီ ၂ ပါတီအပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ ်(NLD) ရှိ မွန်လူမျိုးများ၊ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရှိ မွန်လူမျိုးများ၊ မွန်အရပ်ဖက် အဖွဲ့အစည်းများ၊ မွန်လူမှုရေး အဖွဲ့အစည်းများ၊ မြို့မိ မြို့ဖများစသည့် မွန်လူမျိုးများကို ဖိတ်ကြားသွားမည်ဟု NMSP ကဆိုသည်။ The post မွန် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မေလဆန်းတွင် ကျင်းပမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2JGJCRe
via IFTTT
No comments:
Post a Comment