ယခုနှစ် သင်္ကြန်ကာလ မှုခင်းဖြစ်ပွားမှုနှုန်း လျော့ကျ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ယခုနှစ် သင်္ကြန်အကြိုနေ့မှစတင်၍ သင်္ကြန်အတက်နေ့ ၄ ရက်ကာလ အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတွင် ပြစ်မှုပေါင်း ၈၄ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၆ ဦး ရှိခဲ့ပြီး ယခင်နှစ်ထက် ဖြစ်ပွားမှု လျော့ကျခဲ့ကြောင်း သိရသည်။ ချင်းနှင့် ကယားပြည်နယ် မှလွဲ၍ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတွင် သင်္ကြန်ကာလအတွင်း လူသတ်မှု ၉ မှု၊ ယာဉ် တိုက်မှု ၁၈ မှု၊ ခိုက်ရန်ဖြစ်ပွားမှု ၄၄ မှု၊ ခါးပိုက်နှိုက်မှု ၄ မှု၊ ခိုးမှု ၃ မှု၊ ရေနစ်သေဆုံးမှု ၆ မှု စုစုပေါင်း ၈၄ မှုဖြစ်ပွားခဲ့ရာ လူသတ်မှုကြောင့် ၉ ဦး၊ ယာဉ်တိုက်မှုကြောင့် ၉ ဦးနှင့် ရေနစ်သေဆုံးမှုကြောင့် ၈ ဦး စုစုပေါင်း ၂၆ ဦး သေဆုံးပြီး ၁၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၁၈ ခုနှစ်တွင် သင်္ကြန်ပွဲတော်နှင့် ပတ်သက်မှုမရှိဘဲ သီးခြားအနေဖြင့် တနိုင်ငံလုံး အတိုင်းအတာအရ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး တွင် လူသတ်မှု ၁၃ မှု၊ ယာဉ်တိုက်မှု ၃၃၂ မှု၊ ခိုက်ရန်ဖြစ်ပွားမှု ၉၆ မှု၊ ရေနစ်သေဆုံးမှုအပါအဝင် သေမှုသေခင်း ၁၁၈ မှု၊ ခိုးမှု ၃၆ မှု စုစုပေါင်း ၅၉၅ မှု ဖြစ်ပွားခဲ့ပြီး ၂၅၉ ဦး သေဆုံးခဲ့ကာ ၇၆၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်းက ပြစ်မှုပေါင်း ၁၂၀၀ ဖြစ်ပွားခဲ့ပြီး သေဆုံး ၂၈၅ ဦး၊ ဒဏ်ရာရရှိသူ ၁၀၇၃ ဦး၊ သင်္ကြန်ပွဲတော်နှင့် မပတ်သက်သော သင်္ကြန်ကာလအတွင်း ပြစ်မှုပေါင်း ၉၉၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံး ၂၆၉ ဦးနှင့် ၈၇၉ ဦး ဒဏ်ရာရှိခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သင်္ကြန်နှင့်ပတ်သက်သော မှုခင်း လျော့နည်းစေရန်အ တွက် အလေးထား ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုနှစ် ရန်ကုန်မြို့တော် သင်္ကြန်ပွဲတော်တွင် လာရောက်ရေကစားကြသည့် ပြည်သူများအနေဖြင့် ပိုမိုစည်းကမ်းရှိလာခဲ့ ခြင်း၊ တိုင်းရဲတပ်ဖွဲ့အနေဖြင့် မိတ်ဖက်လုံခြုံရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယခင်နှစ်ကထက် စည်းကမ်းစနစ်တကျရှိခဲ့ပြီး ပိုမိုစည်ကားခဲ့ကြောင်း၊ သင်္ကြန်ကာလ ဖြစ်ပွားသောမှုခင်းများလည်း လျော့ နည်းကျဆင်းသွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ The post ယခုနှစ် သင်္ကြန်ကာလ မှုခင်းဖြစ်ပွားမှုနှုန်း လျော့ကျ appeared first on ဧရာဝတီ.
Source : https://ift.tt/2HaLfop
via IFTTT
No comments:
Post a Comment