Monday, April 2, 2018


“ပေါကား မဟုတ်ကြောင်း ဖန်တီးမှုနဲ့ပဲ သက်သေပြဖို့ လိုတယ်”ဆိုတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး လတ်တလော Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖြစ်ပေါ်နေတဲ့ “မြန်မာပေါကား တိုက်ဖျက်ရေး”၊ “ပေါကား တိုက်ဖျက်ရေး” ၊ “ထောက်ခံ ကြိုဆိုရေး” အစရှိတဲ့ အဖွဲ့များအပေါ် လူငယ် မျိုးဆက်သစ် ဒါရိုက်တာ တဦးဖြစ်တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဧရာဝတီကို အခုလို ပြောပါတယ်။ “ပရိသတ်ကတော့ ကားတိုင်းကိုပြောတာ မဟုတ်ဘူးပေါ့။ ပေါကားဆိုပြီး ခြုံငုံပြီး ပြောတယ် ဆိုပေမယ့်လည်း ကိုယ်တကယ် မပေါဘူး။ ကိုယ့်ရုပ်ရှင်က တကယ်ကို စေတနာပါပါ အဆင့်အတန်းရှိရှိ အရည်အသွေး ကောင်းကောင်း ရိုက်ထားတယ်ဆိုရင် ထွက်လာတဲ့အဖြေနဲ့ သက်သေပြလို့ရတယ်လို့ ယုံကြည်ပါတယ်” “အဲဒီ အချက်ကြီးပေါ်မှာ အငြင်းအခုံ လုပ်နေမယ့်အစား မပေါရင်လည်း မပေါကြောင်းကို တကယ်ကို အလုပ်နဲ့ သက်သေပြလိုက်မယ်ဆိုရင် ပရိသတ်ရဲ့ယုံကြည်မှုလည်း ကိုယ့်ဆီရောက်လာမှာပေါ့နော်။ အဲဒီကိစ္စကတော့ အလုပ်နဲ့ သက်သေပြတာနဲ့တင် ဖြေရှင်းပြီးသားဖြစ်သွားမှာပါ” လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဧရာဝတီကိုပြောပါတယ်။ ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ မကြာသေးမီ အချိန်က ၂၀၁၇ ခုနှစ်အတွက် ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီ ပေးပွဲမှာ သူရိုက်ကူးထားတဲ့ “ည” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ တဆုဆု ရလိမ့်မယ်လို့ ပရိသတ်ရဲ့ ထင်ကြေးပေးခံရမှုကို ရရှိခဲ့သော်လည်း အကယ်ဒမီ ဆန်ကာတင် စာရင်းဝင်အဖြစ်တောင် မပါရှိခဲ့ဘဲ လွဲချော်သွားခဲ့ပါတယ်။ အဆိုပါ အကြောင်းအရာနဲ့ ပတ်သတ်လို့်လည်း “ဒီနှစ်က ကျနော်တို့ အကယ်ဒမီ မရတာကတော့ ကံနဲ့လည်း ဆိုင်တာပေါ့။ အကြောင်းကြောင်း အချက်တွေ မတိုက်ဆိုင်လို့ မရပေမယ့် နောက်နှစ်တွေမှာ တကယ်ကောင်းမွန်သော အရည်အသွေး၊ နည်းပညာ၊ အတတ်ပညာ၊ အနုပညာနဲ့လုပ်ထားတဲ့ ရုပ်ရှင် ကားတွေကိုလည်း တကယ် ကောင်းကောင်းမွန်မွန်လေး သုံးသပ် ပြီးတော့ ဆုပေးစေချင်ပါတယ်” လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဆိုပါတယ်။ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက သူ့ရဲ့ရည်မှန်းချက်မှာ အကယ်ဒမီ ရရှိရေး မဟုတ်ဘဲ ကောင်းမွန်တဲ့ အနုပညာ အရည်အသွေးနဲ့ ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ဂုဏ်ယူဝံ့ကြွားစွာ ပြသနိုင်ဖို့အတွက် အဓိက ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ရဲ့ ရည်မှန်းချက်ကြီးကတော့ အကယ်ဒမီ ရရှိရေး မဟုတ်ပါဘူး။ ကျနော်တို့ ရည်မှန်းချက်က ကျနော်တို့ လုပ်ချင်တဲ့ အနုပညာ အရည်အသွေးလေးကို ကောင်းကောင်းမွန်မွန်လေး ရုပ်ရှင်တကားကို ပရိသတ်လက်ထဲ “ဒါ ကျနော်တို့ ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကား”ဆိုပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြနိုင်ဖို့ကသာ ကျနော်တို့ ရည်ရွယ်ချက်ဖြစ်တဲ့အတွက် အဲ့ဒီရည်ရွယ်ချက်ကိုပဲ ဦးတည်ပြီးလုပ်သွားမှာပါ”လို့ ထူးပိုင်ဇော်ဦးက ပြောပါတယ်။ မကြာခင် အချိန်မှာလည်း ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ ဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ ထွန်းအိန္ဒြာဗို၊ ဖွေးဖွေး၊ မင်းသားကြီးတဦး ၊မင်းသမီးကြီးတဦးနဲ့ သရုပ်ဆောင်အသစ် ၄ ယောက်တို့နှင့်အတူ Suspense Horror ရုပ်ရှင် ဇာတ်ကားတကား ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒါ့အပြင် ထူးပိုင်ဇော်ဦးက စာရေးဆရာမဂျူးရဲ့ နာမည်ကြီး ဝတ္တုတပုဒ်ဖြစ်တဲ့ “လရဲ့အောက်ဘက် မိုင်အဝေးမှာ” ဆိုတဲ့ ဝတ္တုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ရိုက်ကူးမှာဖြစ်ပြီး အဲဒီဇာတ်ကား အတွက် လိုအပ်တဲ့ သရုပ်ဆောင် အသစ် များလည်း ခေါ်ယူလျက်ရှိပါတယ်။ ဆက်စပ် သတင်းလင့်ခ် – ပထမဆုံးအကြိမ် အကယ်ဒမီပေးပွဲ တက်ရောက်ဖို့အတွက် ရင်ခုန်နေတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး The post “ပေါကား မဟုတ်ကြောင်း ဖန်တီးမှုနဲ့ပဲ သက်သေပြဖို့ လိုတယ်”ဆိုတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး appeared first on ဧရာဝတီ.
Source : https://ift.tt/2GstrF2
via IFTTT

No comments:

Post a Comment