အောင်မြင်ကို အချိန်အတော်ကြာ ထိန်းထားနိုင်သူ “စိုင်းစိုင်းခမ်းလှိုင်” ယနေ့၊ ဧပြီလ ၁၀ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ၃၉ နှစ်ပြည့် မွေးနေ့ပါ။ နှစ်စဉ် ဧပြီလ ၁၀ ရက်နေ့ ရောက်တိုင်း စိုင်းစိုင်းခမ်းလှိုင်ရဲ့မွေးနေ့ကို ပရိသတ်များက သတိတယ ရှိကြပြီး စိုင်းစိုင်းကလည်း သူ့ရဲ့ မွေးနေ့ အမှတ်တရ Birthday Show ကို နှစ်တိုင်း မပျက်မကွက် ကျင်းပလာခဲ့တာ ဆယ်နှစ်ကျော်လာခဲ့ပါပြီ။ ဒီနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့မှာလည်း ထုံးစံအတိုင်း ပရိသတ်နဲ့အတူ ဖြတ်သန်းဖို့ ဒီနေ့ည ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ သီချင်းတွေနဲ့ သီဆိုဖျော်ဖြေသွားဦးမှာပါ။ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ သူရဲ့ “ချောကလက်ရောင် ရေခဲမြစ်” တေးစီးရီးက စလို့ အခုနောက်ဆုံး ထွက်ရှိထားတဲ့ “SAI SAI IS SAI SAI” အထိ ပရိသတ်အားပေးမှု လျော့မသွားတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။ ဂီတဘက်မှာ ထူးချွန်သူ တဦး ဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း ကြိုးစားနေသူ တဦးဖြစ်ပြီး သရုပ်ဆောင်ပိုင်းနဲ့ ပတ်သတ်လို့ ပရိသတ် တချို့က စိုင်းစိုင်းကို သရုပ်ဆောင်မှုအပိုင်းမှာ လိုအပ်မှုတွေ ရှိနေသေးတယ်လို့ ဝေဖန်အကြံပြု ထားပါတယ်။ အဆိုတော် ၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် (ဓာတ်ပုံ – ဧရာဝတီ) သရုပ်ဆောင်မှုမှာ လိုအပ်ချက်တွေများနေတယ်လို့ ပြည်တွင်း ပရိသတ်တွေက ဝေဖန်ကြပေမယ့် စိုင်းစိုင်းခမ်းလှိုင်နဲ့ ထိုင်းမင်းသမီးတို့ ပါဝင်ထားပြီး ထိုင်းဒါရိုက်တာ ရိုက်ကူးတဲ့ “From Bangkok To Mandalay” ရုပ်ရှင်ဇာတ်ကားကို ထိုင်းနိုင်ငံမှာ ပြသခဲ့စဉ်က ထိုင်းလူမျိုး ပရိသတ်တွေက စိုင်းစိုင်းကို ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ စိုင်းစိုင်း ကိုယ်တိုင်လည်း ဂီတဘက်မှာ ထူးချွန်ဆုပေါင်းများစွာကို ရရှိနေထားပေမယ့် သရုပ်ဆောင်နဲ့ ပတ်သတ်ပြီး ကိုယ့်ကိုကိုယ် အားမရ သေးကြောင်း ပြောပြီး သရုပ်ဆောင်ထူးချွန်ဆုကိုလည်း ရချင်သေးကြောင်း ပြောထားဖူးပါတယ်။ သီချင်းဆိုမှု၊ သရုပ်ဆောင်ပိုင်းအပြင် စိုင်းစိုင်းခမ်းလှိုင်က “SAI အမှတ်တံဆိပ်” နဲ့ အလှကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချနေတဲ့ စီးပွားရေးလုပ်ငန်းရှင် တဦးလည်း ဖြစ်ပါတယ်။ “SAI” အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ထားတဲ့ နှုတ်ခမ်းနီဆိုရင် ယနေ့ခေတ် မိန်းကလေးတိုင်းနီးပါး ဝယ်ယူသုံးစွဲကြပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က စာရေးတဲ့အလုပ်ကို ခုံမင်ပြီး လုံးချင်းဝတ္ထု နှစ်အုပ် ထုတ်ဝေခဲ့ဖူးပါတယ်။ “ဖူးစာ မှင်ကျဲ၏ မကျဲ၏” နဲ့ “စက္ကူငှက်” စတဲ့ ဝတ္ထုတို့ကို ကိုယ်တိုင် ရေးသားထုတ်ဝေခဲ့ပြီး ဂျာနယ်၊ မဂ္ဂဇင်းတွေမှာလည်း အလျဉ်းသင့်သလို ဝတ္ထုတို ကဗျာတို့ကို ရေးသားလေ့ရှိတဲ့ စာရေးဆရာ တယောက် ဖြစ်ပါတယ်။ အဆိုတော် ၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် (ဓာတ်ပုံ – ဧရာဝတီ) Facebook ပေါ်မှာလည်း ပရိသတ်များနဲ့ အခြား Troller များက စနောက် ကျီစယ်ခြင်းကို အများဆုံးခံရတဲ့ အနုပညာရှင် တဦးဖြစ်ပြီး ဒီလိုခံရတိုင်းလည်း အကောင်းဆုံး ပြန်လည်တုန့်ပြန်နိုင်စွမ်းရှိသူတဦး ဖြစ်ပါတယ်။ Facebook ဆိုရှယ်မီဒီယာမှာ Follower အများဆုံး အနုပညာရှင်တယောက်ဖြစ်တဲ့ အပြင့် စိုင်းစိုင်းရဲ့ Music Video သီချင်းတွေမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့ မော်ဒယ်အသစ်တွေကလည်း အဲဒီကနေပဲ အားပေး ဝန်းရံခြင်း ခံရတဲ့ အနုပညာရှင်များ ဖြစ်လာကြပါတယ်။ အချစ်သီချင်းတွေကို ကိုယ်တိုင်ရေးစပ်ပြီး သီဆိုဖျော်ဖြေလေ့ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အချစ်ရေးကတော့ ယခုတိုင် လူပျိုကြီးတယောက် ဖြစ်နေဆဲပါပဲ။ ။ The post အောင်မြင်ကို အချိန်အတော်ကြာ ထိန်းထားနိုင်သူ “စိုင်းစိုင်းခမ်းလှိုင်” appeared first on ဧရာဝတီ.
Source : https://ift.tt/2IHRvUS
via IFTTT
No comments:
Post a Comment