ဒေါ်အောင်ဆန်းစုကြည် ပြောသော သူ၏ မျှော်လင့်ချက်အိပ်မက် ဒေါ်အောင်ဆန်းစုကြည်ကို တင်ဆောင်လာသည့် စစ်သုံးရဟတ်ယာဉ်က မြောင်းမြမြို့ မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်ခဲ့ပြီးနောက် ခဏအကြာတွင် ရဟတ်ယာဉ်ပေါ်မှ ဖြတ်လတ်တက်ကြွသော ခြေလှမ်းများဖြင့် ဒေါ်အောင်ဆန်းစုကြည် ဆင်းလာခဲ့သည်။ သူမကို မြင်တွေ့ရသည်မှာ အသက် ၇၃ နှစ်အရွယ် အဖွားအိုတယောက်ဟု လုံးဝထင်ရက်စရာ မရှိ။ လူငယ် တယောက် ပမာ တက်ကြွလန်းဆန်းနေသည်။ သူမအနေဖြင့်မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ မွေးရပ်မြေဖြစ်သည့် မြောင်းမြမြို့သို့ ၂၀၁၂ ခုနှစ်က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးရန် လာရောက်ခဲ့ပြီးနောက်ပိုင်း ၆ နှစ်အကြာတွင် မြောင်းမြသို့ ထပ်မံလာရောက်ခဲ့ခြင်း ဖြစ်သည်။ မြောင်းမြမြို့သူမြို့သားများကတော့ မြောင်းမြသူ ဒေါ်ခင်ကြည်၏ အငယ်ဆုံး သမီးထွေး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အစိုးရတရပ်ကို ဦးဆောင်နေသည့် သူမကို လမ်းဘေးဝဲယာများတွင် နိုင်ငံတော်အလံများ ဝှေ့ရမ်းလျှက် ဂုဏ်ယူဝမ်းမြောက်သည့် သွင်ပြင်များဖြင့် ကြိုဆိုနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မြောင်းမြမြို့သို့ ရဟတ်ယာဉ်ဖြင့် လာရောက်ပြီးနောက် မိခင် ဒေါ်ခင်ကြည် ကိုးကွယ်ဆည်းကပ်ခဲ့သည့် ဇေယျမေဒနီ ကျောင်းတိုက်သို့ သွားရောက်ကာ ဆရာတော်များကို ဖူးမျှော်ပြီးနောက် သူနာပြုသင်တန်းကျောင်း ဆောက်လုပ်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် ငြိမ်းချမ်းရေး စကားဝိုင်းပြုလုပ်သည့် အမှတ် ၁ အထက်တန်းကျောင်း၏ ပညာရတနာ ခန်းမသို့ ရောက်ရှိလာခဲ့သည်။ ငြိမ်းချမ်းရေးစကားဝိုင်းစသည်နှင့် ဒေါ်အောင်ဆန်းစုကြည်က ခန်းမအပြည့်ရောက်ရှိနေသည့် ဒေသခံ ပြည်သူများကို နှုတ်ခွန်းဆက်စကား ပြောကြားရင်း ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု ဆက်စပ်နေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် က “ကျမတို့ အားလုံးဝိုင်းစဉ်းစားပြီး စုပေါင်းအင်အားနဲ့လုပ်မှ အောင်မြင်မယ်လို့ ယုံကြည်တယ်။ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုတာ၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ မငြိမ်းချမ်းလို့ မရဘူး။ တစ်ခဏတော့ရမယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ ငြိမ်းချမ်းရေး မရှိရင် ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဆက်လက်ပြီးတော့ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ တည်တံ့ခိုင်မြဲနိုင်မှာ မဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲနဲ့လည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားလို့ မရဘူး” ဟု ပြောကြားခဲ့သည်။ အမှာစကားပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က စကားဝိုင်း တက်ရောက်လာသည့် ဧရာဝတီတိုင်းမှ ဒေသခံများနှင့် ဆွေးနွေးမှုစတင်ခဲ့ပြီး ပထမဦးစွာ ဖြူစင်မေတ္တာ လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ ဦးစိုးလှိုင်ဦးကို တက္ကသိုလ်မှ ရရှိခဲ့သည့် ဘွဲ့များက လက်တွေ့ဘဝကို အကျိုးပြု မပြု မေးမြန်းခဲ့သည်။ ဦးစိုးလှိုင်ဦးမှ အကျိုး မပြုပါကြောင်း ပြောကြားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံပညာရေးစနစ်၏ အားနည်းနေမှု အခြေအနေများကို ပြောဆိုဆွေးနွေးခဲ့သည်။ “တက္ကသိုလ်ဘွဲ့ဆိုတာ အဓိကမဟုတ်ပါဘူး။ ပညာရှာတယ်ဆိုတာ ကိုယ့်ဘဝကို ရင်ဆိုင်နိုင်ဖို့ ပညာရှာတာ။ ပညာဆိုတာ ကတော့ ဘယ်တော့မှအလဟဿတော့ လုံးဝမဟုတ်ပါဘူး။ ဒါပေမယ့် ပညာအဆင့်က မကောင်းတဲ့အခါ ကျတော့ ဒီဟာကို အသက်မွေးဝမ်းကျောင်းအတွက် သုံးဖို့ခက်ခဲတယ်။ ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီးတော့ လိုက်ဖို့ ခက်ခဲပါတယ်။ ဒါလည်း ကျမတို့ ပညာရေးဝန်ကြီးဌာနက သိရှိပါတယ်။ ဒီဟာကိုလည်း အဖက်ဖက်က ပြုပြင်ဖို့ကြိုးစားနေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ အစိုးရအဖွဲ့ခေါင်းဆောင် တယောက်အနေဖြင့် ပညာရေးစနစ်အားနည်းနေမှုကို ဝန်ခံခဲ့ပြီး ပြုပြင်ရန်ကြိုးပမ်း နေသည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ခြင်း ဖြစ်သည်။ တက်ရောက်လာသူများကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကာ မေးခွန်းများမေးမြန်း ဆွေးနွေးရင်း နိုင်ငံသားများအနေဖြင့် ကျန်းမာရေး ထိခိုက်စေသည့် ဆေးလိပ်နှင့် ကွမ်းယာများ မစားသုံးဖို့အခွန်မရှောင်ဘဲ အခွန်ဆောင်ကြဖို့ တိုက်တွန်း ပြောကြားခဲ့သည်။ “ကလေးသူငယ်တွေ ပညာသင်ရမယ့်အချိန်မှာ ဝမ်းစာရှာနေရတယ်ဆိုတာဟာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒါကိုလည်း ကျမတို့ အစိုးရအနေနဲ့ အလေးပေးပြီးတော့ ဖြေရှင်းဖို့ကြိုးစားနေပါတယ်။ ဒီကလေးလေးတွေက ကွမ်းယာတွေ ဆေးလိပ်တွေ လိုက်ရောင်းနေတယ်ဆိုတော့ ကျမအနေနဲ့လည်း ဆေးလိပ်မသောက်ပါနဲ့၊ ကွမ်းယာမစားပါနဲ့ လို့တော့ အားလုံးကို ပြောချင်ပါတယ်။ ဒါပေမယ့် ပြောတဲ့တချိန်တည်းမှာပဲ လက်တွေ့ကျကျ ကြည့်ရပါတယ်။ ဆေးလိပ်၊ ကွမ်းယာရောင်းပြီး အသက်ရှင်ရတဲ့သူတွေအတွက် ကျမတို့က အစားထိုးလုပ်ငန်းတွေ ရှာပေးဖို့ လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ အခွန်ဆောင်ခြင်းနှင့် ပတ်သတ်၍လည်း ဒေါ်အောင်ဆန်းစုကြည် က “တိုးတက်တဲ့ နိုင်ငံတွေအတွက် အခြေခံကိစ္စတစ်ခုက ဘာလဲဆိုတော့ အခွန်ငွေတွေ ရရှိခြင်းပဲ။ ပြည်သူတွေက ကိုယ်ဆောင်သင့်ဆောင်ထိုက်တဲ့ အခွန်ငွေတွေကိုဆောင်ကြပါ။ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ကိုယ်ဆောင်သင့်ဆောင်ထိုက်တဲ့ အခွန်ငွေတွေကို ဆောင်ကြပါ။ မရှောင်ကြပါနဲ့။ ဒီလိုအခွန် မပေးဘဲနဲ့ အစိုးရက ပြည်သူ့ကို အကျိုးဖြစ်စေမယ့် လုပ်ငန်းတွေ လုပ်ဖို့ဆိုတာဟာ မလွယ်ပါဘူး”ဟု သူက ဆိုသည်။ စကားဝိုင်းအတွင်း ဒေသခံများမှ တင်ပြလာသည့် အခက်အခဲများကို ဒေါ်အောင်ဆန်းစုကြည်မှ သက်ဆိုင်ရာ တာဝန်ရှိသည့် ဝန်ကြီးဌာနများအား တိုက်ရိုက်ဖြေကြားစေခြင်းဖြင့်လည်း ပွင့်လင်းမြင်သာမှုနှင့် ပြည်သူများမှ ၎င်းတို့၏ အခက်အခဲများကို မကြောက်မရွံ့ ဆက်လက်တင်ပြသွားနိုင်ရန် ချက်ချင်းဖြေရှင်းပေးခဲ့သည်။ မြောင်းမြဒေသအတွင်း သတ်မှတ်အချိန်ကျော်လွန်သည့်တိုင်အောင် ဆောက်လုပ်မှု မပြီးစီးသေးသည့် စာသင်ကျောင်းနှင့် စပ်လျဉ်းကာ အစိုးရနှင့် ဆက်စပ်လုပ်နေသည့် တင်ဒါရ ကုမ္ပဏီများနှင့် ပတ်သက်၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက် သွားရန်လည်း ပြောကြားခဲ့သည်။ တိုင်းပညာရေးဝန်ကြီး၏ ရှင်းလင်းတင်ပြမှု အပြီးတွင် နိုင်ငံတော် အတိုင်ပင်ခံက “ဒီကုမ္ပဏီတွေဟာ စာချုပ်ရဲ့ ပါတဲ့အတိုင်းမလုပ်ဘူးဆိုလို့ရှိရင် စည်းမျဉ်း စည်းကမ်း ဥပဒေအရ လုပ်သင့်တာကို လုပ်ပါ။ ဒါမျိုးတွေက အခုပြောသွားတာ ၂ နေရာဘဲပြောသွားပေမယ့်လည်း တတိုင်းလုံးမှာ အခြားနေရာတွေလဲ ရှိသေးလား မသိဘူး။ အဲဒါတွေ သုံးသပ်ပါ။ သုံးသပ်ပြီးတော့ ဗဟိုပညာရေးဝန်ကြီးဌာနကို တင်ပြပါ။ ကျမတို့ ဒီလိုဟာမျိုးတွေ မရှိအောင်လို့ အမြန်ဆုံး ကြိုးစားပါမယ်” ဟု ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ဧရာဝတီတိုင်းမှ ဒေသခံပြည်သူများနှင့် ဆွေးနွေးရင်း တရားသူကြီးများ တရားသူကြီး ပီသကြဖို့၊ လယ်သမားသားသမီးဖြစ်ရတာ ဂုဏ်ယူဖို့နှင့် လူငယ် အမျိုးသားများ ကျောင်းဆရာများအဖြစ် လုပ်ကိုင်ကြဖို့ တိုက်တွန်းပြောဆိုသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် က “တရားသူကြီးများဟာ တရားသူကြီးပီပီ မှန်မှန်ကန်ကန်လုပ်ရမယ်။ တရားမျှတမှုရဲ့ အဓိကရည်ရွယ်ချက်က ရပ်ရွာ တည်ငြိမ်အေးချမ်းဖို့၊ လူ့အဖွဲ့အစည်းထဲမှာ သဟဇာတရှိဖို့နဲ့ ပြည်သူတွေလုံခြုံဖို့။ အဲတော့ ဒဏ်ပေးဖို့၊ ဆော်မယ် ဆိုတဲ့စိတ်နဲ့ လုပ်လို့မဖြစ်ပါဘူး။ အကြင်နာတရားနဲ့ သုံးသပ်ဖို့ပါ။ တရားမျှတခြင်းဆိုတာ အင်မတန်မှ မြင့်မြတ်တဲ့ အတွေး အခေါ်ပါ။ ဒီမြင့်မြတ်တဲ့အတွေးအခေါ်နဲ့ ကိုက်ညီအောင်လို့ တရားရေးမဏ္ဍိုင်က စီမံခန့်ခွဲမှ ဒီနိုင်ငံဟာ အဆင်ပြေမှာပါ။ ငွေများ တရားနိုင်ဆိုတာ တရားဥပဒေစိုးမိုးရေးနဲ့ အင်မတန်မှ ဆန့်ကျင်တဲ့ အတွေးအခါ် ဖြစ်ပါတယ်” ဟု ပြောသည်။ ဆွေးနွေးမှုများ ပြီးဆုံးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်အွန်လိုင်းမှ မေးမြန်းသောမေးခွန်းများကို ဖြေကြားရာတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် – NCA တွင် တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးသည်မှာ တဦးနှင့်တဦး ယုံကြည်မှုမရှိ၍ဖြစ်ကြောင်း ထည့်သွင်းဖြေကြား ခဲ့သည်။ “ကျွန်မတို့အစိုးရက ငြိမ်းချမ်းရေး လိုချင်ပါတယ်။ တပ်မတော် ကလည်းလိုချင်မယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လိုချင်မယ်။ အထိခိုက်ဆုံးက ဒီတပ်မတော်သားတွေနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေထဲက ရဲဘော်တွေဟာ အထိခိုက်ဆုံးပဲ ဖြစ်ပါတယ်။ သူတို့မိသားစုတွေကလည်း ကိုယ့်ရဲ့ သားတွေ၊ မောင်တွေ၊ အဖေတွေ၊ ခင်ပွန်းသည်တွေကို ဆုံးရှုံးချင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့ ဒီငြိမ်းချမ်းရေးရဲ့ အစဖြစ်တဲ့ NCA ကို မထိုးကြတာလဲဆိုတော့ တစ်ဖက်က ကြည့်မယ်ဆိုရင် တယောက်နဲ့ တယောက် ယုံကြည်မှု မရှိလို့ဘဲ” ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်မှ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ပါဝင်နေကြသူများ အနေဖြင့် လက်နက်အားကိုးဖြင့်မဟုတ်ဘဲ ငြိမ်းချမ်းသည့် လမ်းစဉ်ဖြင့် သက်ဆိုင်ရာအစုအဖွဲ့များ၊ လူမျိုးများအတွက် မိမိတို့၏ လုံ့လ၊ ဝီရိယ၊ စေတနာ၊ ပညာနှင့် သတ္တိများကို အခြေခံကာ လုပ်ဆောင်ပေးနိုင်စွမ်းရှိသည်ကို မိမိတို့ကိုယ်မိမိတို့ ယုံကြည်မှုရှိရန် လိုကြောင်းနှင့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ရာတွင်လည်း မိမိကိုယ်ကိုယ် ယုံကြည်မှုရှိရန် အဓိကကျကြောင်း ထည့်သွင်းဖြေကြားခဲ့သည်။ နိုင်ငံတော်တိုး တက်ရေးအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သင့်သည့် အခြေအနေနှင့် စပ်လျဉ်း၍ ရထားတွဲဥပမာပေးကာ မေးထားသည့် မေးခွန်းအား ဖြေကြားရာတွင် လက်ရှိ မီးရထားဌာနရှိ မီးရထားများ၏ အခြေအနေမှာ ကောင်းမွန်မှု ရှိသင့်သလောက် မရှိကြောင်းနှင့် စနစ်တခုကို ပြောင်းလဲရာတွင်လဲ နေ့ချင်းညချင်း မဖြစ်နိုင်ကြောင်း မီးရထားကို ဥပမာပေး၍ လက်တွေ့ကျကျ ဖြေကြားခဲ့သည်။ “ကျမတို့ စနစ် တစ်ခုကို ပြောင်းဖို့ဆိုတာဟာ နေ့ချင်းညချင်းဖြစ်ဖို့တော့ မလွယ်ဘူး။ ဒါပေမယ့် တစ်ချိန် လုံးကြိုးစားနေရတယ်။ အခု နောက်ဆုံးပေါ် ဂျပန်မှာရှိတဲ့ ကျည်ဆံရထားလိုဟာမျိုး သွားဖို့ဆိုတာ ကျွန်မတို့ရဲ့ လမ်းဟောင်းကြီးပေါ်မှာ လာတင်လို့ မရဘူး။ ရထားလမ်း တွေလည်း ပြန်ပြင်ရမယ်။ စနစ်ကိုလည်း ပြန်ပြင်ရမယ်။ ခေါင်းတွဲရော၊ နောက်တွဲ တွေကိုရောပေါ့။ ပြီးတော့ ဒီဟာတွေကို မောင်းမယ့်သူတွေကိုလည်း သွန်သင်လေ့ကျင့်ပေးရတယ်။ အဲဒါတွေအားလုံး လုပ်ဖို့ ဆိုတာ ပိုက်ဆံလိုတယ်။ အဲဒီခေါင်းလေးတစ်ခု တည်း တပ်လိုက်ရုံနဲ့ မပြီးသွားဘူး” ဟု ဆိုသည်။ ငြိမ်းချမ်းရေးစကားဝိုင်း၏ နောက်ဆုံးမေးခွန်းကတော့ ရိုးရှင်းလှသည်။ ငြိမ်းချမ်းရေးကို မေးတာ မဟုတ်၊ မြန်မာ့ နိုင်ငံရေး အခြေအနေကိုလည်း မေးတာမဟုတ်၊ လက်ရှိ မြန်မာနိုင်ငံ၏ အထွဋ်အထိပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အဖြစ်ချင်ဆုံးကို ဆန္ဒကိုသိလိုကြောင်း မေးမြန်းခြင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေး လောကသို့ ၁၉၈၈ ခုနှစ် အသက် ၄၃ နှစ်အရွယ်တွင် ဝင်ရောက်ခဲ့ပြီး နိုင်ငံအတွက် ခက်ခဲမှု ဒုက္ခများစွာကို ရင်ဆိုင်ကာ နှစ်ပေါင်း ၃၀ ကြာ ဖြတ်သန်းဆောင်ရွက်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည် က သူမ၏ အဖြစ်ချင်ဆုံးဆန္ဒကို မြောင်းမြမြို့ ငြိမ်းချမ်းရေးစကားဝိုင်းတွင် ရိုးရှင်းစွာပင် ဖွင့်ဟပြောဆိုခဲ့သည်။ “ကျမဘဝမှာ ဘာအလိုချင်ဆုံးလဲဆိုတော့ ဘဝဆုံးတိုင် တာဝန်ကျေခဲ့တယ်ဆိုတဲ့ ကျေနပ်မှုနဲ့ပဲ ဆုံးသွားချင်တယ်။ အများကြီး ပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးရချင်တယ်။ တရားဥပဒေစိုးမိုးရေး ရချင်တယ်။ မြန်မာပြည်သူပြည်သားတွေ ပိုပြီးတော့ ကြိုးစားစေချင်တယ် စသည်ဖြင့်ပေါ့။ အားလုံးခြုံငုံပြီး တစ်ခုတည်းပြောရရင်တော့ ဖြစ်နိုင်မယ့် ကိစ္စတော့မဟုတ်ပါဘူး။ ဆန္ဒလို့ပြောတာထက် အိပ်မက်လို့ပြောရင်လည်း ရတာပေါ့။ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး တဦးချင်းတဦးချင်းဟာ တာဝန်သိစိတ် အပြည့်အ၀ ရှိစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ The post ဒေါ်အောင်ဆန်းစုကြည် ပြောသော သူ၏ မျှော်လင့်ချက်အိပ်မက် appeared first on ဧရာဝတီ.
Source : https://ift.tt/2qw33Dc
via IFTTT
No comments:
Post a Comment