ပညာရေးပိုင်းတွင် ရင်းနှီးမြှုပ်နှံကြရန် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကို ဖိတ်ခေါ် ပညာရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က သတ်မှတ်သည့် သင်ရိုးညွှန်းတမ်းသို့မဟုတ် နိုင်ငံတကာ သင်ရိုး ညွှန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကကျောင်းများအဖြစ် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကို ဖိတ်ခေါ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အမိန့်ကြော်ငြာစာကိုဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ကျွမ်းကျင်လုပ်သားနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် အတွက်နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားနိုင်မည့် စာသင်ကျောင်းများ ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးမှုများ ရှိနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)မှ သိရသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်) ဒုညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော် က”ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ အများကြီးတန်းစီနေတယ်။ လာရောက်ဆွေးနွေးတာတွေလည်းရှိပါတယ်” ဟု ပြောကြားထားသည်။ စင်ကာပူ၊ ဂျပန်၊ ဥရောပနိုင်ငံများနှင့် နယူးဇီလန် နိုင်ငံများမှ မြန်မာ့ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် စိတ်ဝင်စားလျက် ရှိနေကြောင်း ၎င်းကပြောသည်။ ထိုသို့လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာလျှင် စက်မှု လက်မှု လုပ်ငန်းများတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ယခုထက်ပို၍တိုးလာမည်ဖြစ်ကြောင်း ပြောသည်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သော အခြေခံပုဂ္ဂလိက စာသင်ကျောင်း၊ နည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေး ပုဂ္ဂလိကကျောင်း၊ အဆင့်မြင့် ပညာပုဂ္ဂလိကကျောင်း၊ ဘာသာရပ်သင် ပုဂ္ဂလိကကျောင်း၊ ဝန်ကြီးဌာနက အခါအားလျော်စွာသတ်မှတ်သည့် ပုဂ္ဂလိကကျောင်းများ၌ ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ယင်းပုဂ္ဂလိကကျောင်းများကိုဖွဲ့စည်းရာတွင် တည်ထောင်သူ၏ မတည်ငွေရင်းပေါ် အခြေခံ၍ဖွဲ့စည်းဆောင်ရွက်နိုင်ပြီး မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံသား အဖွဲ့အစည်းတခုခု သို့မဟုတ် မြန်မာနိုင်ငံသား အဖွဲ့အစည်းများက မတည်ငွေရင်း ရာခိုင်နှုန်း အပြည့်ဖြင့် ပြုလုပ်သော ပုဂ္ဂလိကကျောင်း၊ မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံသားအဖွဲ့အစည်းတခုခုသို့မဟုတ် မြန်မာနိုင်ငံသား အဖွဲ့အစည်းများ သို့မဟုတ် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းနှင့် နိုင်ငံခြားသားသို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းတခုခုသို့မဟုတ် နိုင်ငံခြားအဖွဲ့ အစည်းများ သို့မဟုတ် နိုင်ငံခြား အစိုးရအဖွဲ့ အစည်းက မတည်ငွေရင်း ဖက်စပ်ပြုလုပ်သော ပုဂ္ဂလိကကျောင်း အဖြစ်ပြုလုပ်နိုင်သည်။ ထို့အပြင် နိုင်ငံခြားသားများ သို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် နိုင်ငံခြားအဖွဲ့ အစည်းများသို့မဟုတ် နိုင်ငံခြား အစိုးရအဖွဲ့အစည်းက မတည်ငွေရင်း ရာခိုင်နှုန်း အပြည့်ဖြင့် ပြုလုပ်သည့် ပုဂ္ဂလိက ကျောင်းများကို ရင်းနှီးမြှုပ်နှံနိုင်သည်။ ထိုသို့ ရင်းနှီးမြှုပ်နှံမည့် ကျောင်းများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ထားရှိသည့် အမိန့်ကြော်ငြာစာများနှင့် အမျိုးသားပညာရေးဥပဒေ (၂၀၁၄) တို့နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပုဂ္ဂလိက ပညာရေး ဥပဒေမူကြမ်းကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှစတင်၍ ရေးဆွဲခဲ့ပြီးလက်ရှိအချိန်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရှေ့နေချုပ်ရုံး အစရှိသည်တို့မှ သဘောထားမှတ်ချက် တောင်းခံကာယင်းသဘောထားမှတ်ချက်များ ပြန်လည်ပြင်ဆင်သောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံပညာရေး သုတေသန ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ဧရာဝတီသို့ ပြောကြားသည်။ ပုဂ္ဂလိကကျောင်းနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းပညာနှင့် သက်မွေးပညာလေ့ကျင့်ရေးနှင့် သက်ဆိုင်သောဥပဒေ၊ အဆင့်မြင့်ပညာရေးနှင့် သက်ဆိုင်သော ဥပဒေတို့ ပြဋ္ဌာန်းခြင်းမပြုမီ အချိန်အထိ အကျိုးသက်ရောက်ပြီး အဆိုပါဥပဒေများ ပြဋ္ဌာန်းပြီးသည့်အခါ ရင်းနှီးမြှုပ်နှံသူသည် သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီလိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်းသိရသည်။ The post ပညာရေးပိုင်းတွင် ရင်းနှီးမြှုပ်နှံကြရန် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကို ဖိတ်ခေါ် appeared first on ဧရာဝတီ.
Source : https://ift.tt/2qVDwUj
via IFTTT
No comments:
Post a Comment