တီဗွီ ဝယ်မယ့်သူများ အတွက် အကြံပြုချက် လက်ရှိ တီဗွီဈေးကွက် အတွင်းမှာတော့ 4K ရုပ်ထွက်နဲ့ မော်ဒယ်ဆိုတာ အကောင်းဆုံးလို့ ဆိုနိုင်မှာပါ။ ကြော်ငြာတွေမှာ လည်း ရုပ်ထွက် ပြတ်သားမှု အကောင်းဆုံး လို့ ဆိုကြပါတယ်။ ဒါကလည်း Pixel ဆိုတဲ့ ရုပ်ထွက်စနစ် ဖွဲ့စည်းမှုမှာ အသေးစိတ် ဖွဲ့စည်း ဖန်တီးထားလို့ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း 4K ရုပ်ထွက်နဲ့ တီဗွီက အကောင်းဆုံး ဟုတ်ပါရဲ့ လား။ လေ့လာကြည့်ရအောင်ပါ။ 4K မော်ဒယ်ထက် HDR ရုပ်ထွက် တီဗွီကိုပဲ ဝယ်ယူဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့် လဲ ဆိုတော့….၊ 4K တီဗွီဆိုတာ … တီဗွီတွေရဲ့ ရုပ်ထွက်တွေကို အရင်ဆုံး Standard Definition ဆိုပြီး သတ်မှတ်တယ်၊ နောက်တော့ သူ့ထက် ရုပ်ထွက် ပိုကြည်တဲ့ High Definition (HD) တွေ ထွက်လာတယ်၊ ပြီးတော့ အခု လက်ရှိ ရနိုင်နေတဲ့ 4K ပေါ့။ 4K ကို Ultra HD လို့လည်း ခေါ်နိုင်ပါတယ်။ HD တီဗွီတလုံးရဲ့ Pixel ဖွဲ့စည်းမှုက ပုံမှန် 1080p ရှိပါတယ်။ 4K မှာကျတော့ 2160p ထိရှိလာ ပါတယ်။ ဘာကြောင့် 4K တီဗွီတွေကို အကောင်းဆုံး မဟုတ်ဘူးလို့ ပြောရတာလဲ တီဗွီ ထုတ်လုပ်သူတွေကတော့ 4K တီဗွီဆိုပြီး စာလုံးလှလှ ရိုက်နှိပ် ရောင်းချပါလိမ့်မယ်။ HD ထက်လည်း ပိုကောင်းမယ် ဆိုတဲ့ သဘောပေါ့။ တကယ်တမ်း Pixel ဖွဲ့စည်းမှု အရ 4K မော်ဒယ်တွက HD မော်ဒယ်တွေထက် ရုပ်ထွက် ၄ ဆလောက် ပိုကောင်းသင့်ပါတယ်။ ဒါပေမယ့် တကယ်ရော ၄ ဆလောက် ပိုကောင်းပါရဲ့လား။ တီဗွီတွေရဲ့ မျက်နှာပြင် အရွယ်ကတော့ ကြီးမားလာတာ အမှန်ပါ။ ဒီနေရာမှာ 4K တွေရဲ့ အားနည်းချက် တခုက အစကတည်းက 4K ရုပ်ထွက် ဖြစ်အောင် ရိုက်ကူးထားတဲ့ ရုပ်သံတွေကိုပဲ အကောင်းဆုံး၊ အကြည်လင်ဆုံး ကြည့်နိုင်ပေမယ့် 4K ရုပ်ထွက်နဲ့ မဟုတ်တဲ့ ရုပ်သံတွေ ဆိုရင် ရုပ်ထွက်က မကောင်းတော့ ခြင်း ပါပဲ။ လက်ရှိ ရုပ်သံ ထုတ်လုပ်မှု အပိုင်းမှာလည်း HD တွေပဲ များလို့၊ ရုပ်သံလိုင်းတွေ ကနေ ထုတ်လွှင့်မှုကလည်း HD တွေပဲ များလို့ 4K တီဗွီတွေနဲ့ ရုပ်သံတွေ အံမဝင်တာ ဖြစ်လာပါတယ်။ 4K တီဗွီတွေ မဝယ်သေးနဲ့ဦး သင့် အနေနဲ့ လတ်တလောအချိန်မှာ တီဗွီအသစ် ဝယ်မယ် စဉ်းစားနေရင် ခေတ်မီအောင် 4K တီဗွီဝယ်မယ်လို့ တွေးကောင်း တွေးနေပါလိမ့်မယ်။ ထုတ်လုပ်မှု စရိတ်မှာလည်း သက်သာလာလို့ အခုဆိုရင် 4K တီဗွီတလုံးကို ဒေါ်လာ ၅၀၀ (မြန်မာငွေ ကျပ် ၇ သိန်းဝန်းကျင်) နဲ့ ရနိုင်နေပါပြီ။ ဒီလို 4K တွေတောင် ဈေးကျနေချိန် HD တီဗွီတွေကတော့ ပိုလို့တောင် ဈေးချိုလာပါတယ်။ ဒီတော့ ဈေးနှုန်းချင်း ဆိုရင်လည်း HD တွေက ပိုချိုမယ်၊ ရုပ်ထွက်ကလည်း လက်ရှိ ရုပ်သံတွေ အနေအထားနဲ့ အံဝင်နေတယ်။ ဒီတော့ 4K မော်ဒယ်တွေ မဝယ်ပဲ ခဏနေပါဦး။ ဘာကြောင့် HDR မော်ဒယ်တွေကို ရွေးဖို့ ပြောတာလဲ HDR ဆိုတာ High-dynamic Range ကို ပြောတာပါ။ သူက မျက်နှာပြင်ကျယ် ပုံစံနဲ့ တီဗွီတွေ၊ အလင်းရော အမှောင် အချိုးအဆလည်း မျှတတယ်၊ ရုပ်ထွက်လည်း ကောင်းတယ်။ HDR တွေမှာ Wide-color Gamut (WCG) ဆိုတဲ့ စနစ်လည်း ပါသေးတယ်။ သူက အရောင်စုံ ပြသပေးနိုင်အောင် ဖန်တီးပေးတဲ့ စနစ်။ မူရင်း ရုပ်သံမှာ ပါရှိတဲ့ အရောင်ထက် ပိုမို စိုပြေပြီး ကြည့်ကောင်းအောင် တီဗွီကနေ အလိုအလျောက် ဖြည့်စွက် ပြသပေးတဲ့ စနစ်ပါ။ ပြောရရင် 4K မော်ဒယ်တွေနဲ့ HDR မော်ဒယ်တွေရဲ့ ရုပ်ထွက်က သိပ်မကွာပါဘူး။ HDR သည်သာ လက်ရှိ ရွေးချယ်ဖို့ အကောင်းဆုံး မော်ဒယ် 4K နဲ့ HDR စနစ် ပေါင်းစပ် ဖန်တီးထားတဲ့ မော်ဒယ်တွေလည်း ဈေးကွက် ဝင်နေပါတယ်။ ပျမ်းမျှ ဒေါ်လာ ၂၀၀၀ လောက်ထိ တန်ဖိုးရှိနေလို့ ဈေးကြီးလွန်းပါတယ်။ HDR စနစ်သုံး မော်ဒယ်တွေကတော့ လွယ်လွယ်လည်း ရနိုင်သလို ဈေးလည်း ချိုပါတယ်။ တကယ်လို့ HDR စနစ်နဲ့ မော်ဒယ်ကို ဝယ်မယ် ဆိုရင်တော့ တီဗွီရဲ့ Pixel သိပ်သည်းနှုန်းကို ထည့် မစဉ်းစားပါနဲ့တော့။ 1080p နှုန်းပဲ ရှိတဲ့ HD မော်ဒယ် ဖြစ်နေရင်တောင် HDR စနစ်ပါရင် သင့်အတွက် အဆင်ပြေနေပါပြီ။ ဈေးလည်း ချိုချိုရမယ်၊ ရုပ်သံစနစ်တွေနဲ့ လည်း အံဝင်မယ်၊ ရုပ်ထွက်ကောင်းကောင်း၊ ကြည်ကြည်လည်း ကြည့်နိုင်ပါလိမ့်မယ်။ 4K ဆိုတဲ့ စာလုံးနဲ့ မော်ဒယ်တွေကို သိပ်ပြီး ခေါင်းထဲ မထည့်ပါနဲ့ဦး။ HDR မော်ဒယ်တွေကပဲ လက်ရှိ တီဗွီလောကမှာ အကောင်းဆုံး ဖြစ်နေမယ့် မော်ဒယ်တွေ ဖြစ်တဲ့ အကြောင်း လေ့လာတင်ပြလိုက်ပါတယ်။ ။ Ref: www.businessinsider.com The post တီဗွီ ဝယ်မယ့်သူများ အတွက် အကြံပြုချက် appeared first on ဧရာဝတီ.
Source : https://ift.tt/2HHwQDL
via IFTTT
No comments:
Post a Comment