ရန်ကုန် ပြည်သူများ သင်္ကြန်ကာလ သွားလာရေး လွယ်ကူစေဖို့ ၂၀၁၈ ခုနှစ် အများပြည်သူ ရုံးပိတ်ရက် သင်္ကြန်ကာလအတွင်းမှာ သယ်ယူပို့ဆောင်ရေး အနေနဲ့ ရန်ကုန်မြို့အပါအဝင် နယ်မြို့တွေကို သွားလာရ အဆင်ပြေစေဖို့ ရထား၊ ကား၊ ရေလမ်းကြောင်းတွေကို လုံးဝ ရပ်နားထားတာ မဟုတ်ဘဲ ပုံမှန် ထက် အစီးရေ လျှော့ပြီးတော့သာ ပြေးဆွဲပေးမယ်လို့ သိရပါတယ်။ ရန်ကုန် ဘတ်စ်ကား ဝန်ဆောင်မှု (YBS) ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး အတွက် YBS ယာဉ်လိုင်းတွေ အနေနဲ့ ပုံမှန် ယာဉ်လိုင်း ၉၀ ကျော်ကနေ ယာဉ် အစီး ရေ ၄ ထောင်ကျော်နဲ့ ပြေးဆွဲပေးနေရာကနေ သင်္ကြန်ကာလ အတွင်းမှာ ယာဉ်လိုင်းပေါင်း ၆၁ လိုင်းက ယာဉ် အစီးရေ ၇၆၉ စီး ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) က ပြောပါတယ်။ သင်္ကြန်ကာလအတွင်း ပြေးဆွဲပေးမယ့် ယာဉ်လိုင်းတွေ အနေနဲ့ အများပိုင် ကုမ္ပဏီများကနေ ပုံမှန်ပြေးဆွဲ ပေးနေတဲ့ ယာဉ် အစီးရေထက် ၂၀ ရာခိုင်နှုန်း ၃၀ ရာခိုင်နှုန်းခန့်သာ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ သင်္ကြန်အတွင်း ပြေးဆွဲမယ့် ယာဉ်လိုင်းတွေ အနေနဲ့ YUPT ကုမ္ပဏီ လက်အောက်က YBS နံပါတ် ၄၊ ၇၊ ၈၊ ၁၀၊ ၁၁၊ ၁၇၊ ၂၉၊ ၄၀၊ ၈၄ စတဲ့ ယာဉ်လိုင်းတွေ ပြေးဆွဲပေးမှာဖြစ်ပြီး YBPC ကုမ္ပဏီက YBS ၃၇၊ ၈၇၊ ၈၉ တို့ ပြေးဆွဲ ပေးသွား မှာ ဖြစ်ပါတယ်။ Trans Link ကုမ္ပဏီ လက်အောက်က YBS ၂၇၊ ၇၆ ၊ BDL ကုမ္ပဏီက YBS ၁၂၊ ၁၄၊၃၈၊ ၂၅၊ ၃၀ တို့နဲ့ လည်းကောင်း Power 11 ကုမ္ပဏီက YBS ၂၁၊ ၂၂၊ ၃၉၊ ၄၁၊ GYCT ကုမ္ပဏီ အောက်တွင် YBS ၆၊ ၁၉၊ ၃၉၊ ၅၇၊ ၆၀၊၂၃၊ ၄၀ တို့ ပြေးဆွဲ ပေးသွားမှာပါ။ YBS ၉၀ မီနီဘတ်စ်များ ကတော့ သင်္ကြန်တွင်း ၄ ရက်လုံး ပြေးဆွဲပေးမယ်လို့ သိရပါတယ်။ ခေတ်သစ် ဘုရင့်နောင် အများပိုင် ကုမ္ပဏီအောက်ရှိ YBS နံပါတ် ၁၅၊ ၁၈၊၂၁၊၃၅၊ ၅၂၊ ၅၃၊ ၅၄၊၆၁၊ ၆၈၊ ၆၉၊ ၇၅ တို့ လည်း ပြေးဆွဲ သွားမှာဖြစ်ပြီး RCBT ကုမ္ပဏီအောက်ရှိ YBS ၄၄၊ ၆၆၊ ၆၇၊ ၇၁၊ ၇၄၊၇၇၊ ၇၉၊ ၉၁ တို့လည်း ထွက်ရှိပေး မှာ ဖြစ်ပါတယ်။ သင်္ကြန်ကာလအတွင်း စည်းကမ်းဖောက်တဲ့ ယာဉ်းမောင်းတွေနဲ့ ယာဉ်စီးခ ပိုမို ကောက်ခံတဲ့ ယာဉ်လိုင်းတွေကိုလည်း အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းကို YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောပါတယ်။ အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်မြင့်ကတော့ “သင်္ကြန်ဆို ရက်တိုင်း အပြင်မထွက်ပေမယ့် ၄ ရက်မှာ ၁ ရက်၊ ၂ ရက် လောက် တော့ ကလေးတွေကို မြို့ထဲ လိုက်ပြတယ်။ ကားခတွေက ပုံမှန်အားဖြင့် နှစ်တိုင်း ဈေးတက်တာပဲ နှစ်တိုင်း လည်း အရေးယူ မယ်ပြောတာပဲ။ ဒါပေမယ့် မထူးပါဘူး။ ကျမတို့ ဆီကနေ မြို့ထဲကို ကျပ်၂၀၀ တန်တဲ့ ခရီးဆိုရင် ကျပ် ၅၀၀ ၊ ၁ ထောင် လောက်တော့ ပေးရတာပဲ” လို့ ပြောဆိုပါတယ်။ Yangon Water Bus ရေကြောင်း Yangon Water Bus ရေကြောင်း ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတခုဖြစ်တဲ့ ရေကြောင်း ခရီးစဉ် Yangon Water Bus ကလည်း သင်္ကြန် ပွဲတော် ကာလတွေမှာ ရပ်နားထားခြင်း မရှိဘဲ ပြေးဆွဲ ပေးသွားမယ်လို့ သိရပါတယ်။ ပြေးဆွဲပေးသွားမယ့် ခရီးစဉ်ကတော့ ဗိုလ်တထောင်- အင်းစိန် ခရီးစဉ်ကို မနက် ၂ ခေါက် ညနေ ၂ ခေါက် ပုံမှန် ဈေး နှုန်း၊ ပုံမှန် အချိန်များ အတိုင်း ပြေးဆွဲပေးသွားမှာ ဖြစ်ပြီး သင်္ကြန်အကြိုနေ့ အထူး အစီစဉ်အနေနဲ့ သန်လျင်-ကျောက် တန်း ဘုရား ဖူး နေ့ချင်းပြန် ခရီးစဉ်ကို ပြေးဆွဲပေးဖို့ စီစဉ်နေတယ်လို့ Yangon Water Bus ပြေးဆွဲနေတဲ့ တင့်တင့် မြန်မာ ကုမ္ပဏီက ပြောပါတယ်။ သင်္ကြန် ရေပက်ခံ ထွက်မယ့်သူတွေ အနေနဲ့ Yangon Water Bus နဲ့လည်း လည်ပတ် သွားလာနိုင်ပြီး အပျော်ခရီး အဖြစ်လည်း သွားလာနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန် မြို့ပတ်ရထား ရန်ကုန် မြို့ပတ်ရထား ရန်ကုန်မြို့နေ ပြည်သူများ အသုံးပြုနေကြတဲ့ မြို့ပတ်ရထားကိုတော့ အရင် တရက်ကို အခေါက်ရေ အစုန်/အဆန် ၂၂၀ ပြေးဆွဲ နေရာကနေ အခေါက်ရေ လျှော့ပြီး သင်္ကြန်ကာလ အတွင်းမှာ ၈၁ ခေါက် ပြေးဆွဲသွားမယ်လို့ မြန်မာ့ မီးရထားက သိရပါတယ်။ မြန်မာ့မီးရထား တိုင်းအမှတ် ၇ မန်နေဂျာဦးဇော်လွင်က “ရန်ကုန်မြို့တွင်း မြို့ပတ်ရထားကတော့ သင်္ကြန်တွင်းမှာ အခေါက်ရေ လျှော့သွားမှာ ဖြစ်တယ်။ အချိန်တွေကတော့ ရထားအလိုက် သက်ဆိုင်ရာ ဘူတာရုံတွေမှာ ကြေညာ ပေး ထားမှာဖြစ်တယ်။ အစီးရေကတော့ တွဲဆိုင်း ၈ ဆိုင်းနဲ့ ပြေးဆွဲပြီး ကျန်တဲ့ တွဲဆိုင်း ရထားကြီးတွေ RBE ရထားတွေက နားမှာဖြစ်တယ်” လို့ ပြောပါတယ်။ မြို့ပတ် ရထားတွေတော့ သင်္ကြန်ပြီးချိန်မှာ ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမှာ ဖြစ်ပြီး ရထားချိန်တွေကို သက်ဆိုင်ရာ ဘူ တာရုံတွေမှာ ကြေညာ ပေးထားမှာ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။ ရန်ကုန်-မန္တလေး အထူးရထား ရန်ကုန်- မန္တလေး အထူးရထားများကိုတော့ အစီးရေ ၆ စီးနဲ့ တိုးချဲ့ ပြေးဆွဲပေးသွားမှာ ဖြစ်သလို ဧပြီ ၁၂ ရက်မှာ လည်း ခရီးသွားတွေ အဆင်ပြေစေဖို့ အထူးရထား ၁ စီး တိုးချဲ့ ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ ဦးဇော်လွင်က ဆိုပါတယ်။ “ကျနော်တို့ မြန်မာ့ မီးရထားရဲ့ ဝန်ဆောင်မှု ပေးတာကတော့ သင်္ကြန်မှာ အထူးရထားတွေ ပြေးဆွဲပေးတာ ဖြစ်ပါ တယ်။ ကားလက်မှတ် မရလို့ ရထားဘက်ကို တိုးလာတဲ့ အတွက် သွားလာလို့ လာလို့ အဆင်ပြေအောင် ကျနော်တို့ လုပ်ထားတာ ဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။ အထူးရထားများကို သင်္ကြန်တွင်း ဧပြီလ ၁၃၊ ၁၄ နှင့် ၁၆ ရက်တွေမှာ ပြေးဆွဲမှာဖြစ်ပြီး သင်္ကြန်အပြီး နှစ်ဆန်း ၂ ရက် (ဧပြီလ ၁၈ရက်) မှာ ရထားများကို ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ အထူး ရထားများကို ရန်ကုန် ဘူတာကြီးကနေ ညနေ ၄ နာရီအချိန်ကနေ စတင် ထွက်ခွာမည် ဖြစ်ပြီး နောက် နေ့ မနက် ၆ နာရီအချိန်ခန့် မန္တလေး ဘူတာသို့ ရောက်ရှိမှာ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် မန္တလေး ဘူတာကြီးကနေ မနက် ၆ နာရီ ၁၅ မိနစ်တွင် ပြန်လည် ထွက်ခွာလာမှာ ဖြစ်ပြီး နောက်နေ့ မနက် ၈ နာရီ ၂၀ မိနစ် အချိန်ခန့် ရန်ကုန် ဘူတာကြီးသို့ ပြန်လည် ရောက်ရှိမှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားက သိရပါ တယ်။ ဆက်လက်ပြီး “အထူးရထားက ဧပြီ ၁၀၊ ၁၁၊ ၁၂ နဲ့ ၁၃ ရက်တွေမှာတော့ ပုံမှန် ၁ စီးစီ ပြေးဆွဲပေးမှာ ဖြစ်တယ်။ ဒီနေ့ ၁၂ ရက်မှာ နောက် ၁ စီး ထပ်တိုးလိုက်တယ်။ လက်မှတ် နှုန်းထားတွေကတော့ အရင်တိုင်းပဲ။ ရန်ကုန်-မန္တလေး အထူး ရထား ကို သင်္ကြန်ပြီး ဧပြီ ၁၇ နဲ့ ၁၈ မှာ ပြေးဆွဲပေးမယ်”လို့ ဦးဇော်လွင်က ဆိုပါတယ်။ ရန်ကုန်-မန္တလေးအစုန်/ အဆန် ရထားတွေအနေနဲ့ တိုးကြောင်ကလေး-ပဲခူး-တောင်ငူ-ပျဉ်းမနား-နေပြည်တော်-သာစည် ဘူတာတို့မှာ ရပ်တန့်ပေးမှာ ဖြစ်ပြီး ရထား လက်မှတ်ခ နှုန်းထားများကို ခရီးစဉ် စ/ဆုံး ရိုးရိုးတန်း ၄၆၅၀ ကျပ်၊ အထက်တန်း ၉၃၀၀ ကျပ်၊ အထက်တန်း အိပ်စင် ၁၂၇၅၀ ကျပ် သတ်မှတ် ထားပါတယ်။ ၂၀၁၈ ခုနှစ် သင်္ကြန်ကာလမှာ အကြောင်း အမျိုးမျိုးကြောင့် ခရီးသွား ပြည်သူတွေ အနေနဲ့ ယာဉ်လိုင်း ရထားလိုင်း တွေကို အရင်နှစ်တွေနဲ့ စာရင် တိုးချဲ့ပြေးဆွဲပေးသွားမှာ ဖြစ်တဲ့ အတွက်ကြောင့် အဆင်ပြေစွာ သွားလာနိုင်မှာပဲ ဖြစ်ပါတယ်။ အထက်ပါ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွေဖြစ်တဲ့ မြို့ပတ်၊ အဝေးပြေး ယာဉ်လိုင်းတွေ၊ Yangon Water Bus တို့ ကို YRTA က ကြီးကြပ် ကွပ်ကဲနေတာ ဖြစ်ပါတယ်။ နှစ်တိုင်း သင်္ကြန်ကာလဆိုရင် ပုံမှန်ပေးရတဲ့ နှုန်းထားထက်ကို ယာဉ်စီးခ ပိုပြီး ပေးဆောင်နေရတဲ့ အတွက် ဒီနှစ်မှာ တော့ ယာဉ်စီးခတွေ ပိုတောင်းရင် အရေးယူမယ် ဆိုတဲ့ YRTA ရဲ့ စည်းကမ်းချက်တွေကြောင့် တကယ်ပဲ ပုံမှန် ယာဉ် စီးခ နှုန်းထားနဲ့ စီးနင်းနိုင်မှာလား ဆိုတာ စောင့်ကြည့်ရမယ့် ကာလ တခုလည်း ဖြစ်ပါတော့တယ်။ ။ The post ရန်ကုန် ပြည်သူများ သင်္ကြန်ကာလ သွားလာရေး လွယ်ကူစေဖို့ appeared first on ဧရာဝတီ.
Source : https://ift.tt/2HwIZsQ
via IFTTT
No comments:
Post a Comment