ဈေးသက်သာတဲ့ ကချင်စာ အစစ်နဲ့ အဆာပြေ ကိုရီးယား အစားအစာတွေ ရတဲ့ နေပြည်တော်က “ရွှေမိတ်” ဈေးသက်သက်သာသာနဲ့ စားရမယ့် ကချင်အစားအစာတွေနဲ့ အဆာပြေ ကိုရီးယား အစားအစာတွေကို စားနိုင်ဖို့ နေပြည်တော်က “ရွှေမိတ်” စားသောက်ဆိုင်သစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဆိုင်က နေပြည်တော်၊ သပြေကုန်း၊ ငုဝါလမ်း၊ အမှတ် ၄၉ (အေ)၊ Spirit စတိုးအနီးမှာ တည်ရှိတာ ဖြစ်ပါတယ်။ “ကချင်ဒံပေါက်၊ ခရုဆန်လှော်၊ ကြက်၊ ဝက်၊ ငါးကချင်ချက်၊ ဆီပါ” စတဲ့ ကချင်ဟင်းလျာတွေကို ရရှိနိုင်ပြီး ဆျာဖြယ် လို့ ခေါ်တဲ့ ကချင်အစားအသောက် တမျိုးနဲ့ တခြား ကချင်စာတွေကိုပါ ဒီလကုန်က စပြီး ရောင်းချနိုင်အောင် စီစဉ်နေတယ်လို့ ဆိုင်ရှင်က ဆိုပါတယ်။ ကချင် အစားအစာကို အမှန်တကယ် ကြိုက်နှစ်သက်သူတွေ အတွက်တော့ ဒီဆိုင်က ကွက်တိ ဖြစ်စေမှာပါ။ ကချင်ဒေသခံ အများစုဟာ ထမင်းဟင်းကို ဖက်နဲ့ ထုတ်ပြီး စားလေ့ရှိတဲ့ ပုံစံဟာ ယနေ့တိုင် ရှိကြပါတယ်။ အခု ရွှေမိတ်ဆိုင်မှာလည်း ကြက်ကချင်ချက်၊ ဝက်ကချင်ချက် စတဲ့ ဟင်းတွေကို ဟင်းထုတ်အဖြစ် မှာစားနိုင်ပြီး တပွဲကို ၇၀၀ ကျပ်ပဲ ကျသင့်မှာပါ။ စာရေးသူ စားခဲ့တဲ့ အထဲက အကြိုက်ဆုံး ဟင်းလျာတွေနဲ့ မိတ်ဆက်ပေး လိုက်ပါတယ်။ ကချင် ဒံပေါက် စာရေးသူတို့ စားနေကျ ဒံပေါက်နဲ့ မတူတာက သူ့မှာ မဆလာ အနံ့တွေ ထုံနေအောင် မပါပါဘူး။ ဒံပေါက် အပေါ်မှာ အရိုး နွှာပြီးသား ကြက်သားတွေကို ဖြူးပေးထားပါတယ်။ ကချင်ဓလေ့အတိုင်း အရွက်အသီးတွေနဲ့ပဲ မွှေးအောင် ချက်ပြုတ် ထားတာ ဖြစ်ပြီး ပြောင်းဖူး၊ မုန်လာဥနီ၊ ဖက်ဖယ်၊ ပင်စိမ်း စတဲ့ အစာပလာတွေနဲ့ ချက်ထားတာ ဖြစ်ပါတယ်။ ဆိုင်တချို့က ထောပတ် ထည့်ပေမယ့် တချို့ဆိုင်တွေမှာတော့ ထောပတ် မထည့်ဘဲ ချက်ကြတာ ဖြစ်ပါတယ်။ ဒီကချင်ဒံပေါက်က ကြက်ကချင်ချက်၊ ဝက်ကချင်ချက် စတဲ့ ကချင်ဟင်းထုတ်တွေနဲ့ တွဲဖက်စားဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ ကချင်ဒံပေါက် တပွဲကို ရွှေမိတ်မှာ ၁၅၀၀ ကျပ် ကျသင့်ပါတယ်။ ဝက်ကချင်ချက် ကချင်ရိုးရာ အတိုင်း ဖက်ဖယ်ရွက်၊ ပင်စိမ်းရွက် စတဲ့ ဟင်းခတ် အမွှေးအကြိုင် အရွက်တွေ အများကြီး ထည့်ပြီး ချက်ထား တာပါ။ ဒီအရွက်တွေနဲ့ပဲ ဟင်းရဲ့ အညှီကို ပျောက်အောင် ချက်ထားတာဖြစ်ပြီး တခြား ဆီ၊ အချိုမှုန့်၊ နနွင်း စတာတွေ မထည့်ထားတာက တမျိုး စားကောင်းစေတာပါ။ ဝက်ကချင်ချက်လိုပဲ ကြက်၊ ငါး စတဲ့ တခြား အသားငါးတွေရဲ့ ကချင်ချက်လည်း ရနိုင်ပါတယ်။ ဆီပါ ဆီပါ ဆိုတာ ကချင်လို ဟင်းသီးဟင်းရွက် အစုံ ချက်ထားတာကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ နေပြည်တော်မှာ ရနိုင်တဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက် အစုံကို ဆန်လှော်မှုန့်နဲ့ ခပ်ပျစ်ပျစ် ချက်ထားတာပါ။ ကချင်စာကို ကြိုက်နှစ်သက်တဲ့သူတွေ အတွက် ဒါက မပါမဖြစ်ဟင်းပါ။ သူကတော့ အသီးအရွက် အစုံပါအောင် ထည့်ထားရတဲ့ အတွက် တပွဲ ကို ၁၀၀၀ကျပ် ကျသင့်ပါတယ်။ အဆာပြေ ကိုရီးယားစာ ဒီလို ကချင်စာတွေ အပြင် ရေညှိုထမင်းလိပ်၊ ပဲခေါက်ဆွဲ၊ ငါးအသားချောင်း၊ တော့ပုကီ စတဲ့ ကိုရီးယား အစားအသောက် တွေကိုလည်း မှာစား နိုင်ပါတယ်။ ဗိုက်အဝ စားဖို့ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဆိုင်လာထိုင်တာမျိုး၊ နေ့လည်နေ့ခင်း အဆာပြေ မုန့်ထွက်စားတာမျိုးတွေဆိုရင် ဒီကိုရီးယား အစားအစာတွေက အဆင်ပြေစေမှာပါ။ စာရေးသူ အနေနဲ့ ကချင်စာတွေက ပိုကောင်းတယ်လို့ ညွှန်းဆို လိုပေမယ့် ဒီ ကိုရီးယား အစားအစာတွေရဲ့ လက်ရာ ကလည်း မညံ့ဘူးလို့ ပြောချင်ပါတယ်။ စာရေးသူ အနေနဲ့ ကချင်စာကို ပိုကြိုက်ပြီး ကိုရီးယား အစားအသောက် စားလေ့စားထ မရှိတာကြောင့် ဒါမျိုး ညွှန်းဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ကချင်စာတွေပြီးရင် ဒီဆိုင်မှာ မဖြစ်မနေ မှာစားသင့်တာက ငါးပိထမင်းကြော် ဖြစ်ပါတယ်။ တပွဲကို ၁၅၀၀ ကျပ် ဖြစ်ပြီး သူ့အရသာ တော်တော် စားကောင်းတာကြောင့် မှာစားစေလိုတာပါ။ ဒါ့အပြင့် မနက်စာတွေ အနေနဲ့ ဆီချက် ခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲ၊ နံရိုးဆီချက်၊ အသားလုံးခေါက်ဆွဲ၊ မျှစ်ချဉ် ခေါက်ဆွဲတွေ ရနိုင်ပြီး စာရေးသူ စားကြည့်ခဲ့တဲ့ ဟင်း မီနူးတွေ အားလုံးကတော့ ဈေးနှုန်း ၁၅၀၀ ကျပ် ဝန်းကျင်ပါပဲ။ ဆိုင်လိပ်စာ – “ရွှေမိတ်” စားသောက်ဆိုင် အမှတ် ၄၉ (အေ)၊သပြေကုန်း၊ ငုဝါလမ်း၊ Spirit စတိုးအနီး၊ နေပြည်တော်။ The post ဈေးသက်သာတဲ့ ကချင်စာ အစစ်နဲ့ အဆာပြေ ကိုရီးယား အစားအစာတွေ ရတဲ့ နေပြည်တော်က “ရွှေမိတ်” appeared first on ဧရာဝတီ.
Source : https://ift.tt/2EdkTjv
via IFTTT
No comments:
Post a Comment