မြောင်းမြ တံတားသစ်အား ၁ နှစ်အတွင်း အပြီးဆောက်ရန် ဒေါ်အောင်ဆန်းစုကြည် ညွန်ကြား ဧရာဝတီတိုင်းဒေသကြီး မြောင်းမြနှင့် လပွတ္တာမြို့များသို့ ဆက်သွယ်ရန် အသစ်တည်ဆောက်နေသည့် မြောင်းမြ မြစ်ကူးတံတား အသစ်အား ၁ နှစ်အတွင်း ပြီးစီးအောင်တည်ဆောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ယနေ့ မြောင်းမြ ခရီးစဉ်အတွင်း ညွန်ကြားခဲ့ကြောင်း သိရသည်။ မြောင်းမြမြို့တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ငြိမ်းချမ်းရေး စကားဝိုင်းသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဆွေးနွေး ခဲ့ပြီးနောက် မြောင်းမြ ကြိုးတံတားဟောင်း ပြတ်ကျသည့် အခြေအနေများကို သွားရောက်လေ့လာခဲ့ပြီး တံတားသစ် အမြန် တည်ဆောက်ရေး ကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ညွန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေး က “တံတားသစ်ကို ၁ နှစ်အတွင်း ပြီးအောင် ဆောက်ဖို့ ညွှန်ကြားခဲ့တယ်။ အဓိကတော့ မြောင်းမြကြိုးတံတား ပြတ်ကျခဲ့တဲ့အတွက် ပြည်သူတွေ သွားလာရေး အခက်အခဲဖြစ်နေတဲ့ အခြေအနေတွေကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က အမြန်ဆုံးအဆင်ပြေ စေချင်နေတယ်။ အဲတော့ မူလဒီဇိုင်းကို ပြင်ဆင်ပြီး Steel truss (သံဘောင်တံတား) ဒီဇိုင်းနဲ့ ဆောက်မှာပါ။ ကျနော်တို့လည်း တနှစ်အတွင်း ပြီးအောင် ကြိုးစားလုပ်ပါ့မယ်လို့ ကတိပေးထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။ မြောင်းမြနှင့် လပွတ္တာမြို့များသို့ အဓိက ဆက်သွယ်ပေးသည့် မြောင်းမြကြိုးတံတား အဟောင်းမှာ ဧပြီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ် ဝန်းကျင်က ခြောက်ဘီးကုန်ကား တစီး ဖြတ်သန်းနေစဉ် ကြိုးတံတား တစ်စင်းလုံး မြစ်ထဲပြတ်ကျခဲ့ပြီး တံတားပေါ်တွင် မောင်းနှင်နေသည့် ကုန်ကားနှင့်အတူ လူ ၂ ဦး မြစ်ထဲသို့ပြုတ်ကျ သေဆုံးခဲ့သည်။ ကြိုးတံတား ပျက်ကျရာတွင် သေဆုံးခဲ့သော ယာမောင်းနှင့် ယာဉ်နောက်လိုက်တို့၏ မိသားစုဝင်များကို တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Myanmar State Counsellor Office) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပျက်ကျသွားသော မြောင်းမြ ကြိုးတံတားနေရာသို့ ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သလို တံတားပျက်ကျရာတွင် ကုန်ကားနှင့် အတူ မြစ်ထဲကျ၍ သေဆုံးခဲ့သော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၏ မိသားစုဝင်များကိုလည်း တွေ့ဆုံ၍ နှစ်သိမ့်အားပေးမှုများ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပထမဆုံးတည်ဆောက်သည့် မြောင်းမြမြစ်ကူး ကြိုးတံတားမှာ ၁၉၉၆ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့တွင် စတင်ဖွင့်လှစ် အသုံးပြုခဲ့ခြင်းဖြစ်ပြီး အသုံးပြုချိန် ၂၂ နှစ်အကြာတွင် ကြိုးတံတား အစင်းလိုက် ပြတ်ကျခဲ့ခြင်းဖြစ်သည်။ မြောင်းမြမြစ်ကူး ကြိုးတံတားမှာ နာဂစ် မုန်တိုင်းကာလတွင် အရေးပေါ် အခြေအနေများအရ တံတားခံနိုင်ဝန် အားထက်ပိုသည့် ကယ်ဆယ်ရေး ယာဉ်တန်းများ ဖြတ်သန်းမှုကြောင့် ကြိုးတံတား၏ ကြံ့ခိုင်မှု စိုးရိမ်ရသည့် အတွက် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူက ပြည်သူ့ လွှတ်တော်၌ အဆိုတင်သွင်း မေးမြန်းခဲ့ပြီး လွှတ်တော်၏ ခွင့်ပြုချက်အရ ကျပ်သိန်းပေါင်း ၆ သောင်းကျော် ကုန်ကျမည့် တံတားအသစ် တစင်းကို ၂၀၁၇ နှစ်ကုန်ပိုင်းကစတင် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။ သံကူကွန်ကရစ် တံတားအသစ် ဆောက်လုပ်နေစဉ်အချိန်တွင် ကြိုတံတားအဟောင်း ပြတ်ကျခဲ့သည့်အတွက် အချိန် ၃ နှစ်ကြာ တည်ဆောက်မည့် တံတားသစ် စီမံကိန်းကို ဒီဇိုင်းသစ်ပြင်ဆင်ကာ ၁ နှစ်အတွင်း တည်ဆောက်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ကြိုးတံတား ပျက်ကျရာတွင် သေဆုံးခဲ့သော ယာမောင်းနှင့် ယာဉ်နောက်လိုက်တို့၏ မိသားစုဝင်များကို တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Myanmar State Counsellor Office) မြောင်းမြကြိုးတံတားမှာ ရန်ကုန်၊ ပုသိမ်စသည့်မြို့ကြီးများနှင့် မြောင်းမြ၊ လပွတ္တာမြို့နယ်တို့ကို အဓိကဆက်သွယ် ပေးထားသည့် ကြိုးတံတား တစင်းဖြစ်ပြီး ယခုလို တံတားပြတ်ကျသည့်အတွက် လပွတ္တာ၊ မြောင်းမြမြို့များသို့ ကုန်းလမ်းသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုအားလုံး ယာယီပြတ်တောက်သွားခဲ့သည်။ လက်ရှိ အချိန်တွင် ဧရာဝတီတိုင်းအစိုးရက ကားတင်သည့် ဇက်သင်္ဘောကြီး ၂ စင်းဖြင့် မြောင်းမြမြစ်ကို ဖြတ်ကူးပေး နေသော်လည်း ဖြတ်သန်းသွားလာသည့် ကားအစီးရေများပြားသဖြင့် လပွတ္တာ၊ မြောင်းမြနယ်တဝိုက်မှ လိုင်းကား၊ ကုန်ကား၊ အိမ်စီးကားများမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီး မြစ်ကို ဖြတ်ကူးသွားလာနေရကြောင်း သိရသည်။ လပွတ္တာမြို့မှ အဖြူရောင်နှလုံးသား လူမှုရေး အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဝင်း က “လပွတ္တာက ထွက်တဲ့ ခရီးသည်တင် ကားတွေဆိုရင် မနက်အစောကြီး လပွတ္တာကထွက်လာ၊ မြောင်းမြဘက်မှာ ကားတွေများတော့ ပိတ်မိပြီး တနေကုန်စောင့်၊ ညနေစောင်းလောက်မှ ဟိုဘက်ကမ်းကိုကူးလို့ရတော့ အဲ့ကျမှ ပုသိမ်ကို ခရီးဆက်နိုင်တယ်။ ပြီးတော့ ဇက်ဆိပ်မှာကလည်း မြောင်းမြကားတွေက ကြိုတင်ဘိုကင် လုပ်ထားတယ်ဆိုပြီး တန်းစီနေတဲ့ကားတွေကိုကျော်ပြီး ဇက်ပေါ်တက်ခွင့်ပေးတဲ့ကိစ္စတွေ ဖြစ်နေတော့ ရပ်ဝေးကလူတွေမှာ သွားရေးလာရေး အရမ်းကိုအခက်အခဲဖြစ်နေကြတယ်။ အစိုးရအနေနဲ့ ဇက်ကူးတဲ့ ကိစ္စကို စနစ်တကျဖြစ်အောင် စီစဉ်ပေးစေချင်တယ်”ဟု ပြောသည်။ The post မြောင်းမြ တံတားသစ်အား ၁ နှစ်အတွင်း အပြီးဆောက်ရန် ဒေါ်အောင်ဆန်းစုကြည် ညွန်ကြား appeared first on ဧရာဝတီ.
Source : https://ift.tt/2qkiU8G
via IFTTT
No comments:
Post a Comment