ဆေးရုံများတွင် ပေးထားသည့်ဆေး များလွန်းနေ၍ ကုန်အောင် မသုံးနိုင်ကြောင်း ဝန်ကြီးပြော နိုင်ငံတဝန်းရှိ ဆေးရုံများသို့ ဆေးဝါးများ အလျှံအပယ်ပေးထားပြီး ချပေးသည့်ဆေးပမာဏ များလွန်းနေ၍ ကုန်အောင် မသုံးနိုင်ဘဲ သက်တမ်းလွန်ကုန်သည့်ဆေးများပင် ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောဆိုကြောင်း သတင်းရရှိသည်။ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီး ဒေါက်တာ မြင့်ထွေးအား ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ဆောင်မှုများကို ပြည်သူများထံ ရှင်းလင်းတင်ပြစေခဲ့ရာ ဝန်ကြီး ဒေါက်တာ မြင့်ထွေး က ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ “ဆေးတွေ တော်တော်များများ ရပါတယ်။ မရဘူးဆိုတာ နည်းနည်းရှားပါးတဲ့ ကင်ဆာရောဂါဖြစ်တဲ့ ဆေးလောက်ပါပဲ။ ဓာတ်ခွဲခန်းတွေမှာဆိုရင် အားလုံးနီးပါးကို အလကားပေးပါတယ်။ လုံး၀ ပိုက်ဆံမယူပါဘူး။ ဆေးမရဘူးဆိုတာ သိပ် တော့ မဖြစ်နိုင်ပါဘူး။ တော်တော်များများ အလျှံပယ်ပါပဲ။ များလွန်းအားကြီးလို့ မသုံးနိုင်တဲ့အတွက် Expire (သက်တမ်းကုန်) ဖြစ်တဲ့ဆေးတွေတောင် တွေ့ပါတယ်။ ဆေးမရဘူးဆိုတာတော့ မရှိပါဘူး”ဟု ဒေါက်တာ မြင့်ထွေးက ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပြောဆိုခဲ့သည်။ အစိုးရအနေဖြင့် ကျန်းမာရေးအသုံးစရိတ်များ တိုးမြှင့်သုံးစွဲနေပြီး ယမန်နှစ်ကဆိုလျှင် ကျန်းမာရေးအသုံးစရိတ် အဖြစ် ကျပ်သန်းပေါင်း ၁ ဘီလီယံ (ကျပ်သန်းပေါင်း ၁၀၀၀) အသုံးပြုခဲ့ကြောင်း။ အသုံးစရိတ် ဘတ်ဂျက်များကို အလေ အလွင့် မရှိစေရန် စနစ်တကျသုံးစွဲဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများအနေဖြင့် ပြည်ထောင်စုအစိုးရမှချထားပေးသည့် ဆေးဝါးများကို ဆေးရုံများတွင် အမှန်တကယ် သုံးစွဲမှုရှိမရှိ၊ ပြည်သူ့လက်ဝယ် ရောက်ရှိခြင်း ရှိ မရှိ စစ်ဆေးကြပ်မတ်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက် ပြောဆိုသည်။ “တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြီးတွေအနေနဲ့ ကြည့်ရမှာက ဗဟိုကပေးတဲ့ဆေးတွေကို တိုင်းထဲက ဆေးရုံတွေမှာ သေသေ ချာချာ သုံးနေရဲ့လားဆိုတာတော့ ပြန်ကြည့်ဖို့ လိုပါတယ်။ ဗဟိုကတော့ ချပေးတာက ဒေါက်တာ မြင့်ထွေး ပြောဆိုချက်အရဆိုရင် ဆေးတွေက လုံလုံလောက်လောက်တင် မဟုတ်ဘူး၊ များလွန်းလို့ Expire (သက်တမ်းလွန်) ဖြစ်သွားပြီး မသုံးဖြစ်တဲ့ဟာတွေ ရှိနေတယ်ဆိုတော့ ဒီဆေးတွေဟာ ဆေးရုံတိုင်းမှာ လိုအပ်တဲ့ပြည်သူတွေဆီ ရောက် ရဲ့လားဆိုတာတော့ တိုင်းနဲ့ပြည်နယ်အစိုးရတွေက ကြည့်ဖို့ဖြစ်ပါတယ်။ အဲဒါကိုလည်း ကြည့်စေချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ မြောင်းမြမြို့ခံ ဦးရာဇာက“ကျန်းမာရေးဝန်ကြီးပြောတာတော့ ဆေးရုံမှာ ဆေးတွေအလျှံပယ် ပေးထားတယ်လို့ ပြော တာပဲ။ ဘာဆေးတွေ ပေးလဲတော့ မသိဘူးပေါ့လေ။ ဒါပေမယ့် မြောင်းမြဆေးရုံမှာတော့ ဒီရက်ပိုင်းပဲ ကျနော့်အိမ်နား က မိတ်ဆွေ ဆေးရုံတက်လို့ ကျနော်တို့ လိုက်ကူညီ စောင့်ရှောက်ပေးတာ။ လူနာအတွက်ဆေးဝယ်ဖို့ ဆေးရုံက စာရွက် အပိုင်းလေးပေးတယ်။ အပြင်ဆေးဆိုင်မှာချည်းပဲ ဝယ်ရတယ်။ ဆေးရုံ ၂ ရက်တက်တာ ဆေးဖိုးချည်း ၂ သောင်းကျော် ဝယ်လိုက်ရတယ်”ဟု ပြောသည်။ မြောင်းမြမြို့ အမှတ် ၁ အထက်တန်းကျောင်း၏ ပညာရတနာခန်းမတွင် ယနေ့ ပြုလုပ်သည့် ငြိမ်းချမ်းရေး စကားဝိုင်း ဆွေးနွေးပွဲတွင် ပြည်သူများ တင်ပြသည့်ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က ကျန်းမာရေးနှင့် အားကစားဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် ဧရာဝတီ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး တို့အား ရှင်းလင်းဖြေကြား စေခဲ့ကြောင်း သိရ သည်။ The post ဆေးရုံများတွင် ပေးထားသည့်ဆေး များလွန်းနေ၍ ကုန်အောင် မသုံးနိုင်ကြောင်း ဝန်ကြီးပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2H9WSPL
via IFTTT
No comments:
Post a Comment