ကုလ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်သို့ ၂ ရက်ကြာ လာရောက်မည် ရခိုင်ပြည်နယ်အရေး လာရောက် လေ့လာနိုင်ရန် မြန်မာ အစိုးရ၏ ဖိတ်ကြားချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ မှ သံအမတ်ကြီးအဆင့် အမြဲတမ်း ကိုယ်စားလှယ် ၁၅ ဦးသည် မြန်မာနိုင်ငံသို့ မေလဆန်းတွင် ၂ ရက်ကြာ ခရီး လာရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ ၎င်းတို့၏ ၂ ရက်တာ ခရီးစဉ်အတွင်း နေပြည်တော်သို့ အရင်လာရောက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း -UEHRD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံမည် ဖြစ်ပြီး နောက်တရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ဧရာဝတီသို့ ပြောသည်။ ဦးမြင့်သူက “နေပြည်တော်မှာ ပထမ တရက်နေမယ်။ နောက်တရက် ရခိုင်ကို သွားပါမယ်။ သူတို့ မြန်မာနိုင်ငံကို လာဖို့ တောင်းဆိုထားတာတော့ ကြာခဲ့ပါပြီ။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အနေနဲ့ ဖိတ်ကြားထားတာ ဖြစ်ပါတယ်။ ဖိတ်စာကတော့ နယူးယောက်မှာရှိတဲ့ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်ကနေပြီးတော့ သူတို့ကို ဖိတ်ကြားခဲ့ပါတယ်”ဟု ပြောသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၂၆ ရက်နေ့မှ စတင်၍ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှ စတင် ထွက်ခွာလာမည် ဖြစ်ပြီး အရင်ဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း၊ ယင်းနောက်တွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး မတ်လ ၂ ရက်နေ့တွင် ခရီးစဉ် အဆုံးသတ်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။ ခရီးစဉ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများမှ သံအမတ်ကြီးအဆင့် ကိုယ်စားလှယ်များ၊ မြန်မာ့ အိမ်နီးချင်း ၅ နိုင်ငံမှ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးများ၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် စင်ကာပူ သံအမတ်ကြီးတို့ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။ “သူတို့လာမယ်ဆိုရင်တော့ မြန်မာနိုင်ငံက ပြန်လည် လက်ခံရေးနဲ့ ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ထားတာတွေ တင်ပြဖို့ ရှိပါတယ်။ နောက်ပြီး UEHRD က ဒေါက်တာ ဝင်းမြတ်အေးတို့က ပြန်လည် လက်ခံရေး အပါအဝင် သူတို့ ဆောင်ရွက်နေတာတွေ အားလုံးကို အသေးစိတ် ရှင်းပြမှာပါ” ဟု နိုင်ငံခြားရေး အမြဲတမ်း အတွင်းဝန်က ဦးမြင့်သူက ပြောသည်။ ယခုကဲ့သို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများကို ခေါ်ယူပြီး ရခိုင်အရေး လက်တွေ့ အခြေအနေမှန်များကို ပြသရန် မြန်မာနှင့် ဆက်ဆံရေးကောင်းသော တရုတ်နှင့် ရုရှားတို့က အကြံပေးခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်တချို့က ပြောပြသည်။ ရခိုင်အရေးနှင့် ပတ်သက်၍ မြန်မာ အစိုးရ၏ ပွင့်လင်းမြင်သာမှု အားနည်းချက်များ၊ မီဒီယာလွတ်လပ်ခွင့် မရှိမှုများကို နိုင်ငံတကာမှ စွပ်စွဲ ပြစ်တင်နေချိန်တွင် ယခုအဖွဲ့ကို ရခိုင်ပြည်နယ်သို့ ခေါ်ပြနိုင်ခြင်းမှာ နိုင်ငံတကာ ဝေဖန်မှုများ လျော့ကျသွားနိုင်ကြောင်း၊ သို့သော် လက်တွေ့ဆောင်ရွက်ချက်များနှင့် ၎င်းတို့အဖွဲ့၏ မျှော်မှန်းချက်များ မတိုက်ဆိုင်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်ကိုလည်း ကြိုတင် စဉ်းစားသင့်ကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင် ဒေါ်ပြုံးကေသီနိုင်က ပြောသည်။ “ဒီလို အရေးပါတဲ့ နိုင်ငံတကာ အဖွဲ့တွေကို ခေါ်ပြတာက အစွမ်းထက်တဲ့ နည်းလမ်းဖြစ်တယ်။ အဲဒီရဲ့ အနောက်မှာတော့ ပိုကောင်းလာနိုင်တာတွေ ရှိသလို အဲဒီရဲ့ အနောက်မှာပဲ ပိုရှုပ်ထွေးမှုတွေ ရှိလာနိုင်လို့ တာဝန်ရှိသူတွေက ပြင်ဆင်ထားရင် အဆင်ပြေသွားပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကမူ ကုလ အဖွဲ့များ ရခိုင်ပြည်နယ်အတွင်းသို့ လာရောက်ပါက သွားလာရေး၊ လုံခြုံရေး အဆင်ပြေ ချောမွေ့စေရန် ပြည်နယ် အစိုးရက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း ပြောဆိုသည်။ လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသမှ ထွက်ပြေးတိမ်းရှောင်သွားသည့် မွတ်ဆလင် ဒုက္ခသည်များ ပြန်လည် လက်ခံရေး၊ ယင်းဒေသအတွင်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုရှိသည် ဆိုသော စွပ်စွဲချက်များ အပါအဝင် အစိုးရ၏ ရခိုင်အရေး ဆောင်ရွက်ချက်များကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ပြစ်တင် ဝေဖန်လျက်ရှိသည်။ The post ကုလ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်သို့ ၂ ရက်ကြာ လာရောက်မည် appeared first on ဧရာဝတီ.
Source : https://ift.tt/2qMi84G
via IFTTT
No comments:
Post a Comment