Saturday, April 21, 2018


“နိုင်ငံတော် သမ္မတကြီး ကယ်ပါ” (သို့မဟုတ်) ဒုရဲမှူး မိုးရန်နိုင် ဇနီးဖြစ်သူရဲ့ ဒုက္ခ မနေ့ ဧပြီလ ၂၀ ရက်က ရန်ကုန်မြို့ မြောက်ပိုင်းခရိုင် တရားရုံး ရုံးချိန်းတွင် ရိုက်တာ သတင်းထောက် ၂ ဦးတို့မှာ ထောင်ချောက်ဆင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုရဲမှူး မိုးရန်နိုင်၏ ဇနီးဖြစ်သူကို ၎င်းတို့ မိသားစု နေထိုင်သည့် နေပြည်တော် ရဲတပ်ဖွဲ့ လိုင်းခန်းမှ နှင်ထုတ်ခံရသဖြင့် “သမ္မတကြီး ကယ်ပါ”ဟု ကာယကံရှင် ဒေါ်တူးက ဧရာဝတီကတဆင့် ဆိုလိုက်သည်။ “ပြဿနာကတော့ ဖြစ်လာရင်တော့ ခံစားရမှာပဲ။ ဒါကြောင့် သမ္မတကြီး ကယ်တော်မူပါလို့ ပြောချင်ပါတယ်”ဟု နေအိမ်လိုင်းခန်းမှ နှင်ထုတ်ခံရအပြီး ယနေ့ ညနေပိုင်းက နေပြည်တော်တွင် တွေ့ဆုံခဲ့ရာ၌ ပြောသည်။ ယနေ့ နံနက် ၇ နာရီခန့်က တယ်လီဖုန်းလာပြီး လိုင်းခန်းမှ ဖယ်ခိုင်းခဲ့ကြောင်း၊ ၎င်းတို့မှာ အစိုးရ ဝန်ထမ်း မိသားစုဖြစ်၍ ပြောင်းစရာ အိမ်ပင် မရှိသေးကြောင်း၊ ကလေးများ၏ ပညာရေး ဒုက္ခရောက်မည်ကိုလည်း စိတ်ပူကြောင်း၊ လက်ရှိတွင် ဆွေမျိုးမကင်းသည့် မိသားစု တခုထံတွင် ကပ်နေရကြောင်း အသက် ၄၂ နှစ်အရွယ် သားသမီး ၃ ဦး မိခင် ဒေါ်တူးက ပြောသည်။ ၎င်းတို့တွင် ကလေး ၃ ဦးရှိပြီး အကြီးဆုံး သမီးကြီးမှာ တတိယနှစ် စီးပွားရေး တက္ကသိုလ် တက်နေကြောင်း၊ သားအလတ်မှာ ယခုနှစ် ၁၀ တန်း စာမေးပွဲ ဖြေထားပြီး သမီးငယ်မှာ ၇ တန်း ဖြေဆိုထားကြောင်း သိရသည်။ ဒေါ်တူးက “ဒုရဲအုပ်အသိကောင်လေးက အမတဲ့ လိုင်းခန်းဖယ်ပေးရမယ်လို့ ပြောတယ်တဲ့။ ဟုတ်လားပေါ့။ ကျမဘာပြောရမှန်း မသိ ဆွံအသွားတယ်။ အော် ဖယ်ပေးဆိုလည်း ဖယ်ပေးရမှာပေါ့လို့။ မိုးမချုပ်စေရဘူး။ ဒီနေ့ ဖယ်ပေးမယ်လို့ ပြောပေးပါလို့။ ကျမတို့က ဝန်ထမ်းဆိုတော့ အိမ်မရှိသေးဘူးလေ။ ကျမတို့ အဲဒီပစ္စည်းတွေကို ဘယ်ကိုသယ်ရမှာလဲ။ ကျမတို့ဘဝက တော်တော်ကို ဆိုးပါ တယ်”ဟု ပြောသည်။ ယမန်နေ့ သောကြာနေ့က တရားရုံးတွင် ဒုရဲမှူး မိုးရန်နိုင်က ရန်ကုန်အခြေစိုက် အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုသည် ရိုက်တာသတင်းထောက်များကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ဒုရဲမှူး မိုးရန်နိုင်အနေဖြင့် ရဲတပ်ရင်းအချုပ်တွင် ရက်ပေါင်း ၁၂၀ ကျော်ကြား မိသားစုနှင့် တွေ့ခွင့်မရရှိဘဲ နေထိုင်ခဲ့ရသည်။ ယခု ဖြစ်စဉ်တွင် အမျိုးသား ပြောဆိုသည့် ကိစ္စရပ်များမှာ ဥပဒေပိုင်းဆိုင်ရာများကို နားမလည်၍ မသုံးသပ်တတ်သော်လည်း ဒုရဲမှူး တယောက်ဖြစ်နေသူ အတွေ့အကြုံအရ ၎င်းမှန်သည်ထင်တာကို ဆုံးဖြတ်သွားသည်ဟုသာ ထင်ကြောင်းဒေါ်တူးက ပြောသည်။ ၎င်းမှာ နိုင်ငံတော်ကို သစ္စာဖောက်မည့်သူ မဟုတ်ဘဲ ရိုက်တာ သတင်းထောက်တို့ အဖမ်းခံရချိန်တွင်လည်း ပုပ်ရဟန်း မင်းကြီး လုံခြုံရေး ယူနေသည်ဟု သိထားကြောင်း မိသားစုက ပြောသည်။ “အမျိုးသားနဲ့ စဖြစ်ကတည်းက အဆက်အသွယ် မရဘူး။ ဖုန်းတွေလည်း အကုန်သိမ်းသွားတယ်လို့ သိရတယ်။ သူ့ဆီကို သွားရင် သတင်းလေးများ ရမလားဆိုပြီး သူ့ဆီကို သွားတယ်။ ဒါပေမယ့် သူနဲ့ လုံးဝ မတွေ့ရပါဘူး။ ဖြစ်ကတည်းက အခုချိန်ထိ ဖုန်းလည်း အဆက်အသွယ် မရဘူး။ လူနဲ့လည်း မတွေ့ရဘူး။ ကျမယောက်ကျား ပိန်သလား၊ ဝသလားတောင် မနေ့က သတင်းထဲပါလို့ တွေ့ရပါတယ်”ဟု ဒေါ်တူးက ပြောသည်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ခင်ဦးဇာတိဖြစ်သူ ဒုရဲမှူး မိုးရန်နိုင်မှာ မူလတန်းကျောင်းဆရာ လုပ်ခဲ့သူတဦး ဖြစ်ပြီး ဒုရဲအုပ်သင်တန်း ဝင်လျှောက်၍ ရဲဖြစ်လာကြောင်း၊ သင်တန်းပြီး အလုပ်သင် ရဲအရာရှိအဖြစ် ကရင်ပြည်နယ်တွင် ၅ နှစ်၊ စစ်ကိုင်းတိုင်းတွင် ၅ နှစ်၊ ကယား ပြည်နယ်တွင် ၂ နှစ်ကျော် နေထိုင်ခဲ့ရပြီး နောက်ဆုံးတွင် ရာထူးတိုးဖြင့် ရခိုင်ပြည်နယ်သို့ ၄ လခန့် ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ရခြင်း ဖြစ်သည်။ “ရခိုင်ကို တပ်ရင်း ၈ နဲ့ ရှေ့တန်းထွက်ရတယ်။ ၄ လလောက်ပဲ ကြာတာ။ ကိုဝလုံးတို့ အဖမ်းခံရကတည်းက သူနဲ့လည်း အဆက်အသွယ် မရတော့ဘူး။ ဒီက အမျိုးတွေက ဆန်ဝယ်ပေး၊ ဆီဝယ်ပေးနဲ့ ထောက်ပံ့ပေးလို့ ရပ်တည်လို့ ရတာ။ သူ့လစာ အထောက်အပံ့တွေလည်း မရတာ ကြာပြီ။ ကျမကလည်း အလုပ်မရှိဘူး။ မှီခိုလေ”ဟု ဒေါ်တူးက ပြောသည်။ ယခုကဲ့သို့ ဒေါ်တူးတို့ကို လိုင်းခန်းမှ ဖယ်ရှားလာသည့်အရေး မေးမြန်း၍ တရားဝင် သဘောထား မေးမြန်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းဌာနကို ဆက်သွယ်ရာ တာဝန်ယူ ဖြေကြားမည့်သူ မရှိပါ။ သမ္မတရုံး ပြောရေးဆိုခွင့်ရ ဒါရိုက်တာ ဦးဇော်ဌေးကို သဘောထားတောင်းရာ “တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း” ဟု ဖြေဆိုသည်။ ယခု ဖြစ်စဉ်ကို သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ထံ တင်ပြရန် စဉ်းစားနေကြောင်းလည်း သိရသည်။ The post “နိုင်ငံတော် သမ္မတကြီး ကယ်ပါ” (သို့မဟုတ်) ဒုရဲမှူး မိုးရန်နိုင် ဇနီးဖြစ်သူရဲ့ ဒုက္ခ appeared first on ဧရာဝတီ.
Source : https://ift.tt/2Hiq43O
via IFTTT

No comments:

Post a Comment