သမ္မတ ဦးဝင်းမြင့်၏ နှစ်သစ်ကူးမိန့်ခွန်းနှင့် လွတ်ငြိမ်းချမ်းသာခွင့် အပေါ် သူတို့ အမြင်များ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဧပြီလ ၁၇ ရက်နေ့တွင် နှစ်သစ်ကူးမိန့်ခွန်း ပြောကြားခဲ့သလို အကျဉ်းသား ၈၄၉၀ ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ သမ္မတ၏ မိန့်ခွန်းထဲတွင် ပြုပြင်ပြောင်းလဲမှုနှောင့်နှေးနေသည့်ဌာနများ၊ ယိမ်းယိုင်နေသည့် တရားစီရင်ရေး၊ မူးယစ်ဆေးဝါး ပိုမိုနှိမ်နင်းနိုင်ရေး၊ တောင်သူလယ်သမားများ၏ဘဝ တိုးတက်မြင့်မားရေး၊ အလုပ်သမားများဘဝ စိုးပြေသာယာရေး၊ ကျောင်းသား လူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေး၊ ပြည်သူ့ ဘဏ္ဍာ အလေအလွင့် မရှိစေရန် စီမံခန့်ခွဲနိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု အုပ်ချုပ်ရေး စနစ်အတွက် ကြိုတင်ပြင်ဆင်မှု များနှင့်ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုသွားသည်။ နိုင်ငံရေးနှင့် စပ်လျဉ်းသည့် ပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်း သက်သာခွင့် အမိန့်များ ထုတ်ပြန်၍ စည်းကမ်းချက်ဖြင့် လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ရာတွင် ယင်းတို့၏လူမှုအခွင့်အရေး ငဲ့ညှာသော အားဖြင့် အဆိုပါ အမိန့်များပါ သတ်မှတ်ထားခဲ့သော အမိန့်များကိုလည်း သမ္မတ ဦးဝင်းမြင့်က ပယ်ဖျက် ပေးလိုက်သည်။ ထိုကြောင့် သမ္မတ ဦးဝင်းမြင့်၏ နှစ်သစ်ကူးမိန့်ခွန်း၊ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် တို့နှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် နိုင်ငံ့ဝန်ထမ်းအချို့ကို ဧရာဝတီသတင်း ဌာနက ဆက်သွယ်မေးမြန်းထားသည်။ ဦးရွှေမျိုးသန့် (အထွေထွေ အတွင်းရေးမှူး) ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှစ်သစ်ကူးမှာ သမ္မတကတော့ သူလုပ်သင့် လုပ်ထိုက်တာကို လုပ်သွားတာပေါ့နော်။ ဆိုတော့ အဲဒီမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါလာတာတွေ့တော့လည်း ကောင်းပါတယ်။ ကျနော်တို့လည်း ကြိုဆိုပါတယ်။ ရှေ့လျှောက်ပြီးတော့လည်း သမ္မတ အနေနဲ့ သူပြောထားတဲ့ ကတိကဝတ်အတိုင်း အမျိုးသားရင်ကြားစေ့ရေး ကိစ္စကို အထောက်အကူပြုမယ်လို့ မျှော်လင့်တာပေါ့လေ။ အထူးသဖြင့်တော့ ကျနော်သဘောအကျဆုံး အပိုင်းကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စပေါ့ဗျာ။ ဒါကို ထိထိ ရောက်ရောက် တိုက်ဖျက်သွားမယ်ဆိုတဲ့ သဘောပေါ့လေ။ အဲဒီအပိုင်းကလည်း ဒီတိုင်းပြည်မှာ တကယ်လိုအပ်နေတဲ့ တရားဥပဒေ စိုးမိုးရေး အပိုင်းပေါ့လေ။ ဒီအပေါ်မှာ တော်တော်လေးကို နှစ်ထောင်း အားရပါတယ်။ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ကိစ္စမှာ ပွင့့်ပွင့်လင်းလင်းပြောရရင် ဗဟိုချုပ်ကိုင်မှု မလျှော့ချလို့လည်း ဒီကနေ့ ပြဿနာတွေ တက်နေတာ။ ဒါကို လက်မခံနိုင်လို့ တောက်လျှောက် တောင်းဆိုနေတဲ့ ကိစ္စဖြစ်တယ်။ ဒါပေမယ့် ဗဟိုချုပ်ကိုင်မှု လျှော့ချတယ် ဆိုတဲ့ နေရာမှာ ကျနော်တို့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို အစိုးရက ဘယ်လောက်ထိ လျှော့ချနိုင်မလဲပေါ့။ အဲဒီအပေါ်မှာလည်း ကျနော်တို့ကတော့ အစိုးရရဲ့ ပြောဆိုမှုအပေါ် ကြိုဆိုပါတယ်။ အမှန်တကယ် လက်တွေ့ အကောင်အထည်ဖော်တဲ့ အခါမှာလည်း အခက်အခဲတွေ တွေ့မယ်ဆိုရင်လည်း ကျနော်တို့ကတော့ အဲဒီကိစ္စကို အကောင်အထည်ဖော်စေချင်တယ်။ ဦးမောင်မောင် (အတွင်းရေးမှူး) မြန်မာစားသုံးသူများသမ္မဂ္ဂ သမ္မတနှစ်သစ်ကူး ဆုတောင်းစကားပြောတာကို အားရပါတယ်။ တကယ်လည်းလုပ်ဖို့ လိုနေတာဖြစ်ပါတယ်။ အစီအစဉ်တကျ သေချာ အသေးစိပ်ပြောသွားတဲ့ သဘောရှိပါတယ်။ ကျနော်တို့ကတော့ တကယ်အားရပါတယ်။ တကယ်လည်း မျှော်လင့်နေကြ တယ်။ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုမှာ ကျနော်တို့ ပါနေတဲ့ အဖွဲ့စည်းတခု အနေလည်း အားရပါတယ်။ ဘာလို့လည်းဆိုတော့ ရှေ့မှာ လုပ်ပေးချင်တာတွေလည်း အများကြီးရှိတယ်။ အဲတော့ သမ္မတပြောသွားတာလည်း တော်တော်ပြည့်စုံတယ်။ ဒီအခုပြောသွားတဲ့ စကားတွေအရ သေချာလုပ်ပေးမယ် ဆိုရင် ကုန်ဈေးနူန်း တွေလည်း ထိုက်သင့် သလောက်တော့ ပြန်ကျနိုင်တယ် ထင်တယ်။ မျှော်လင့်တာပေါ့နော်။ ဘာကြောင့်လည်းဆိုတော့ ကုန်ဈေးနူန်းတက်ရတဲ့ အကြောင်း အရင်းက နှစ်ပေါင်းများစွာ သိလာတာကတော့ အဂတိလိုက်စားမှုကြောင့်ပေါ့။ အဲတော့ အဂတိလိုက်စားမှုကို သေသေချာချာ ကိုင်တွယ်ပြီးတော့ စာရင်းဇယားတိတိကျကျလေး ကိုင်တွယ်လာနိုင်မယ်။ ဘယ်နေရာကိုလုပ်သင့်တယ်။ ဘယ်အချက်တွေ ကတော့ ကုန်ဈေးနူန်းတွေက ဘယ်သူတွေရဲ့ လက်ထဲမှာတက်နေတယ် ဆိုတာ နည်းနည်းထင်ထင်ရှားရှား သိလာနိုင်မယ်။ ဘယ်အချက်တွေ အားနည်းတယ်။ ဘယ်အချက်တွေ အားသာတယ် ဆိုတာက သေချာအလုပ်လုပ်လာရင် ပေါ်လာပါလိမ့်မယ်လို့ ထင်တယ်။ ပင်စင်စားတွေ ကတော့ ငယ်ငယ်ထဲက ကြုံလာတော့ နာမည်ပဲရှိတာပေါ့။ ကိုယ့်လမ်းစရိတ်တောင် ပြန်မရနိုင်တဲ့ ပင်စင်မျိုးစား နေရတာ။ ဒီလိုပဲ ကြုံနေရတယ်။ ပင်စင်စားဆိုတာဂုဏ်ပဲရှိတယ်။ ဒီကရတဲ့ပိုက်ဆံကလမ်းစရိတ်တောင်မကာမိပါဘူး။ ဒီလိုအခြေ အနေကနေ တဖြေးဖြေးတိုးတက်လာတယ် ဆိုတာကောင်းပါတယ်။ အဲတော့ သမ္မတကြီးရဲ့ မိန့်ခွန်းမှာပင်စင်စားတွေအတွက် နေရေးထိုင်ရေးစီစဉ်ပေးမယ်ဆိုတာကတော့ တော်တော်လေးအားရကျေနပ်ပါတယ်။ ဘာလို့လဲဆိုတော့ ပင်စင်စားတွေရဲ့ ဘဝအာမခံချက် မလုံမခြုံ ဖြစ်ခဲ့တာတွေက နေထိုင်ရေးကိစ္စဖြစ်တယ်။ ဒါကြောင့် နေစရာလေးရှိရင် ကျန်တာက အဆင်ပြေသေးတယ်။ ဒါကြောင့် ဒီအချက်လေးလည်း အားရပါတယ်။ ဗိုလ်မှူးချုပ် တာဂျုတ်ဂျား ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကြိုဆိုပါတယ်။ အဓိကကတော့ဗျာ နိုင်ငံရေးအကျဉ်းသားတွေ ကျနော်တို့ ထင်တာထက် ပိုပြီးတော့ လွှတ်ပေးတာပေါ့။ တခုတော့ ကျန်တာပေါ့။ တပ်မတော်က တရားစွဲထားတဲ့ လူအတော်များများ သိပ်မလွှတ်သေးဘူးပေါ့။ ကျနော်တို့လူလည်း လားရှိုးထောင်မှာ ၃၀-၄၀ လောက်တော့ ရှိတာပေါ့။ တယောက်မှ မလွတ်လာဘူး။ အဲဒီအပေါ်မှာတော့ ကျနော်တို့ နားမလည်ဘူးပေါ့ဗျာ။ ပြည်သူလူထုအပေါ် ပြောကြားတဲ့ မိန့်ခွန်းကတော့ မျှော်လင့်ချက်တော့ ပေးတာပေါ့လေ။ သူလုပ်နိုင်၊ မလုပ်နိုင်တော့ ကျနော်တို့ စောင့်ကြည့်ရတာပေါ့လေ။ အဲဒါကတော့ ကောင်းတဲ့ လက္ခဏာလို့ ပြောရမှာပေါ့။ နောက်ဆုံးပိတ် မိန့်ခွန်းမှာ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်မယ် ဆိုတဲ့ စကားလည်း ပါတယ်ဆိုတဲ့ အခါကြတော့ ဘယ်လိုပုံစံနဲ့ သွားမယ်ဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့။ ဖက်ဒရယ်ပြည်ထောင်စု သွားမယ်ဆိုတော့ ကျနော်တို့ဘက်က မျှော်လင့်ချက် ရှိတာပေါ့။ ဒါပေမယ့် သူဘယ်လောက် လုပ်နိုင်မလဲ ဆိုတာကတော့ တပ်မတော်က ဒါကို သိပ်လက်မခံတဲ့ အပိုင်းတွေ အများကြီးရှိတယ်လေ။ အခု လက်ရှိ အခြေခံ ဥပဒေကလည်း ပြုပြင်ဖို့ အရင်လိုတာကိုး ပြုပြင်နိုင်မလား၊ ဒါမှမဟုတ် အသစ်ဆွဲနိုင်မလား။ အဲဒီအပေါ်လည်း အများကြီး မူတည်တယ်။ ဦးကျော်သူ (အတွင်းရေးမှူး) မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း သမ္မတပြောတဲ့ နှစ်သစ်ကူး ဆုတောင်းစကားတော့ အကြောင်းအရာ တော်တော်လေးကိုစုံတယ်။ သမ္မတရာထူး လက်ခံတုန်းက ပြောတုန်းကတောင် အဲလောက် ကြီးကြီးမပါဘူး။ အခုကတော့ သူလုပ်နိုင်ခွင့်ရှိတဲ့ အာဏာတွေထဲက သူလုပ်မယ်။ နှစ်သစ်ကူး နူတ်ခွန်းဆက် စကားဆိုတာထက်ကို နိုင်ငံချေပြ မိန့်ခွန်းလို့တောင် ပြောလို့ရတယ်။ ဒီဟာကတော့ တော်တော်အားရှိဖို့ ကောင်းတယ်။ အဲလိုမျိုး ဒီ ၃ နှစ်အတွင်းမှာ လုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ဒါလုပ်နိုင်မယ် ဆိုရင် တိုင်းပြည်က အများကြီးဖွံ့ဖြိုး တိုးတက်သွားမှာပါ။ အားလည်းရှိပါတယ်။ ပင်စင်စားတွေ အတွက်လည်းပြောကြားသွားတာ ကောင်းပါတယ်။ လစာတိုးပေးတာလည်းကောင်းပါတယ်။ အကုန်လုံးက အခုဟာလည်း လောက်ငှနေကြတာမှ မဟုတ်တာ။ ဘာပဲဖြစ်ဖြစ် အတိုင်းအတာတခုအထိ အဆင်ပြေသွားမှာပါ။ ဒါပေမယ့် တဖက်ကလည်း ကုန်ဈေးနူန်း တက်လာမှာကို ချိန်ညိုဖို့ လိုတယ်။ အဲလိုမျိုးလေးတော့ရှိပါတယ်။ တောင်သူလယ်သမားတွေအတွက် လယ်ယာပိုင်ဆိုင်ခွင့် လုပ်ပေးမယ်ဆိုတာလည်းကောင်းပါတယ်။ အခုလောလောဆယ် ဘဏ်မှာငွေချေးမယ်ဆိုရင်တောင် ပုံစံ ၇ မရှိလို့ မချေးနိုင်ကြတာနဲ့ နောက်လယ်ပိုင်တယ်။ ယာပိုင်တယ် နောက်ခြံပိုင်တယ် သာပြောတယ်။ ပိုင်ဆိုင်မှု အထောက်အထားက ခိုင်ခိုင်မာမာမပြ နိုင်တာ၊ မရှိတဲ့အခါကျတော့ ဘာမှ မလုပ်နိုင်ဘူး။ တကယ်တမ်း သွားလုပ်ပြန်ရင်လည်း အချိန်တွေက ကြန့်ကြာပြီး ပိုက်ဆံတွေ ပေးရတာနဲ့ အခုလိုမျိုး ၁ နှစ်စ အတွင်း လုပ်ပေးမယ်ဆိုရင် တောင်သူလယ်သမားတွေ အတွက်လည်း အများကြီး အကျိုးရှိလာမှာ ဖြစ်ပါတယ်။ ဒါတွေရလာရင် ချေးငွေတွေ ဘာတွေ နဲ့ တခြားကိစ္စတွေ လုပ်လာနိုင်မယ်။ စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် တွင်းအားစု အားလုံးကိုလည်း အခွန်ကင်းလွတ်ခွင့်ပေးမယ်။ စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ ကိရိယာအားလုံးလည်းအခွန်ကင်းလွတ်ခွင့်ပေးမယ်။ ချေးငွေလည်းရအောင်လုပ်ပေးမယ် ဆိုတော့ စိုက်ပျိုးလုပ်မယ့် သူတွေအတွက် ဝမ်းသာစရာ သတင်းပါပဲ။ တကယ်သာ အဲလိုမြန်မြန် ဖြစ်ပါစေလို့ပဲဆုတောင်းပေးရမှာပါ။ ဗိုလ်မှူးကြီးစိုင်းငင်း (အတွင်းရေးမှူး-၃) ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နိုင်ငံတော်သမ္မတရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက် မိန့်ခွန်းကို ခြုံပြီးကြည့်လိုက်ရင် ပြည်သူလူထု အကျိုးစီးပွားအတွက် ဦးတည်ပြီး ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို လက်တွေ့မှာ တကယ်ပဲအကောင် အထည် ဖော်တော့မယ်လို့ ယူဆပါတယ်။ မိန့်ခွန်းမှာ ပြောတဲ့တိုင်း အစိုးရအနေနဲ့ တသွေမတိမ်းဆောင်ရွက် နိုင်မယ် လို့ယုံကြည်ပါတယ်။ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာမှာ လူစားလဲမှုတွေ လုပ်သင့်ရင် လုပ်မယ်ဆိုတဲ့အတွက် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် မြန်ဆန် ချောမွေ့မယ်လို့ ထင်ပါတယ်။ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် ဗဟိုချုပ်ကိုင်မှုတွေကို တဆင့်ပြီးတဆင့် ဆောင်ရွက်မယ် လို့ ပြောတဲ့အတွက် ဒါကိုအချိန်ယူပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှု လျှော့ချရုံနဲ့ ဖက်ဒရယ် ဖြစ်မဖြစ် ဆိုတာလဲ ပြန်လည်မေးမြန်းရမယ့် မေးခွန်းဖြစ်ပါ တယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ရမှာ Stakeholders တွေနဲ့ ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ နည်းလမ်းနဲ့ သမ္မတကြီးကိုယ်တိုင် ကိုယ်ရောစိတ်ပါ မြှုပ်နှံပြီးဆောင်ရွက်သွားမယ်ဆိုလို့ နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ နှစ်သစ်ကူး နှုတ်ခွန်းဆက်မိန့်ခွန်းမှာမကြားမိတော့ စိတ်ထဲမှာ သို့လောသို့လော ဖြစ်မိပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သမ္မတသစ်ရဲ့ ဆောင်ရွက်ချက်ကိုမျက်စိဖွင့် နားစွင့်ပြီး သတိထား အကဲခတ်စောင့်ကြည့်နေပါ့မယ်။ နှစ်ဆန်းတစ်ရက်နေ့မှာသမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရဲ့ အကျဉ်းသား (၈၅၀၀)ကျော် လွှတ်ပေးတာကိုဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား (၃၆) ဦး ပါဝင်တဲ့ အတွက် ဒီဆောင်ရွက်ချက်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် များစွာအထောက်အကူ ပြုပါလိမ့်မယ်၊ ယုံကြည်မှု တည်ဆောက်ရေးကိုလည်း တဆင့်မြှင့် တင်နိုင်စေခဲ့ပါတယ်။ သမ္မတသစ်ဟာ အပြောကိုအလုပ်နဲ့ သက်သေပြတယ်လို့ မြင်ပါတယ်။ ဒီဆောင်ရွက်ချက်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို များစွာထောက်ပံ့ပေးတယ်လို့ မြင်ပါတယ်။ ဒေါက်တာ နန္ဒာလှမြင့် (ပြောခွင့်ရပုဂ္ဂိုလ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) သမ္မတဦးဝင်းမြင့်ရဲ့ မိန့်ခွန်းက လက်ရှိနိုင်ငံရဲ့ လိုအပ်ချက်တွေကို သူ့ရဲ့ နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံတွေအရ သူသိထားတာတွေကို ချပြသွာတာပါပဲ။ ဒါတွေကို လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်ရာမှာတော့ ရင်ဆိုင်ရမယ့် အခက်အခဲတွေ ရှိလာနိုင်တယ်၊ အခက်အခဲတွေ အများကြီးရှိနိုင်ပေမယ့်လည်း အကောင်းဆုံးလုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်၊ ဘယ်လောက်အထိ လုပ်နိုင်မယ်ဆိုတာတော့ အချိန်ယူပြီးစောင့်ကြည့်ရမှာပဲ။ ပြောသွားတဲ့အထဲမှာ မူးယစ်ဆေးဝါး ပြဿနာ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး စတာတွေက သမ္မတဦးသိန်းစိန် လက်ထက်မှာ ကတည်းက လုပ်ခဲ့တာတွေပဲလေ။ လက်တွေ့လုပ်ဆောင်ဖို့ကတော့ အချိန်လိုတယ်၊ လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်တွေ ရှိတယ်။ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်ရာမှာတော့ သမ္မတ အနေနဲ့ကတော့ ပါတီစွဲ၊ လူပုဂ္ဂိုလ် တဦးတယောက်၊ တဖွဲ့တည်းကို ကိုယ်စားပြုတာမျိုး မဟုတ်ဘဲ ၅၂ သန်းသော ပြည်သူတွေ အားလုံးကို ကိုယ်စားပြုပြီး အားလုံးက ပူးပေါင်း ဆောင်ရွက် လာအောင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ နောက်တချက်အနေနဲ့ အကျဉ်းသားတွေအပေါ် လွတ်ငြိမ်းသက်သာခွင့်ပြုတာလည်း ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတွေကို ဆိုးကျိုးတွေပြန်ပြီး ဖြစ်လာစေနိုင်တဲ့သူတွေကိုဆို သေချာလေးစဉ်းစားစေချင်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ သမ္မတဦးဝင်းမြင့်က သူ့ရဲ့အတွေ့အကြုံနဲ့ လိုအပ်ချက်တွေကို သိတဲ့အတွက် အများကြီး ပြောသွားတာပေါ့။ ဒါတွေကို ဘယ်လောက်အထိ လက်တွေ့အကောင် အထည်ဖော်နိုင်မလဲ၊ ဆောင်ရွက်ရာမှာ ဘယ်လိုအခက် အခဲတွေ ရှိလာမလဲ စောင့်ကြည့်သွားရမှာပါ။ ကိုဘိုကြည် (တွဲဘက်အတွင်းရေးမှူး – AAPP) နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (မြန်မာနိုင်ငံ) သမ္မတရဲ့ နူတ်ခွန်းစကားက တော်တော်လေးပြည့်စုံ ကောင်းမွန်တယ်လို့ထင်ပါတယ်။ တကယ်တော့ ဒီမိန့်ခွန်း က သူသမ္မတ အဖြစ်ကျမ်းသစ္စာ ဆိုပြီး ပြောခဲ့တဲ့ မိန့်ခွန်းကို အကျယ်ချဲ့ပြီး ပြောသွားတယ်။ ဝန်ကြီးဌာန အားလုံးအတွက် အလုပ်ပေးတဲ့ မိန့်ခွန်းဖြစ်သလို ဝန်ထမ်းတွေအတွက် မျှော်လင့်ချက်နဲ့ တာဝန်ပေးခဲ့ပါတယ်။ လူ့အခွင့်အရေး နဲ့ပတ်သက်ပြီး ထည့်သွင်း ပြောဆိုသွားတာဟာ အရင်သမ္မတတွေ မပြောခဲ့တဲ့ အသစ်တခုပါ။ မူးယစ်ဆေးဝါး၊ အဂတိလိုက်စားမှု အစရှိသဖြင့် ပြောဆိုချက်တွေ ကို တကယ်တမ်း အကောင် အထည်ဖေါ်နိုင်မည် ဆိုလျှင်တော့ တိုင်းပြည်ရဲ့ အနာဂတ်စီးပွားရေး တိုးတက်ရန်အတွက် အထောက်အကူ ဖြစ်လာပါမယ်။ အပြောင်းအလဲ ကို ဖေါ်ဆောင်ဖို့ ဆန္ဒပြင်းပြနေတဲ့ သမ္မတရဲ့ နူတ်ခွန်းဆက်စကား ပြည်သူတွေအတွက် အားတက်စရာပါ။ ဒီတခါ အကျဉ်းသားတွေ လွှတ်ပေးရာ အရင်တုံးက လွှတ်ပေးနေတာထက် စာရင် နည်းနည်း စိစစ်ပြီးလွှတ်ပေးတာကိုတွေ့ရတယ်။ ဒါကလည်း ပြည်သူတွေအတွက် စိုးရိမ်မှုသက်သာသွားရတာပေါ့။ အရင်ကဆို လွှတ်ပေးလိုက်ရင် ရာဇဝတ်သမားတွေ များတယ်လေ။ ပြီးတော့ ဒီတခေါက်လွှတ်ပေးတာ က ခြွင်းချက်မရှိလွှတ်ပေးတာ ဆိုတော့ လွှတ်အပေးခံရတဲ့သူတွေ အတွက်လည်း စိတ်သက်တောင့် သက်သာ ဖြစ်စေပါတယ်။ အဲဒီအပြင် ယခင်နိုင်ငံရေး အကျဉ်းသားဟောင်းတွေဆီမှာ တင်ရှိနေတဲ့ ပြစ်မှုကြွေးကျန်တွေကို ပယ်ဖျက် ပေးလိုက်တဲ့ အတွက်လည်း နိုင်ငံရေးအကျဥ်းသားဟောင်းတွေ မှာ စိတ်သက်တောင့်သက်သာ ဖြစ်သွားစေပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေး အကျဉ်းသားပြဿနာ က ပြီးဆုံးသွားသေးတာတော့ မဟုတ်သေးပါဖူး။ ဆက်ပြီးတော့ လုပ်ဆောင်စရာတွေ ကျန်နေပါသေးတယ်။ အခုလို လွှတ်ပေးလိုက်တဲ့အပေါ်မှာတော့ ကြိုဆိုပါတယ်။ ဦးညီရန်း (လားရှိုးမြို့ဆက်ဆံရေးရုံး ဒုတာဝန်ခံ) “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အပြုသဘောနဲ့လက်တွေ့ဆောင်တဲ့ လုပ်ရပ်တွေလို့မြင်ပါတယ်။ ကြိုဆိုပါတယ်။ သမ္မတမိန့်ခွန်းတွေကို အားရပါတယ်။ ထောင်သားတွေလွတ်တာလည်းကြိုဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေနည်းပါသေးတယ်။ နဂို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကြွေးကြော် ခဲ့တဲ့အတိုင်း တိုင်းရင်းသား နယ်မြေမှာ အပစ်ခတ်ရပ်ဖို့၊ ငြိမ်းချမ်းရေးအတွက် အလေးထားလုပ်ဆောင်ဖို့မျော်လင့်ပါတယ်။ ပဋိပက္ခတွေကိုတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းနဲ့သာအဖြေရှာရန် အကောင်းဖြစ်ဆုံးဖြစ်ပြီး အမြန်ဆုံး အကောင်ထည်ဖော်နိုင်ဖို့ မျော်လင့်ပါတယ်။ တိုင်းရင်းသား နယ်မြေများ ထိုးစစ်ဆင်နေတာကို အမြန်ဆုံး ရပ်တန့်ဖို့ အရေးကြီးလိုအပ်ပါတယ်။ လက်နက်နဲ့ ဖြေရှင်းခြင်းဟာ ပဋိပက္ခပိုမိုကြီးထွားစေပါတယ်။ ဦးတင်အေး (ညွှန်ကြားရေးမှူး အငြိမ်းစား) သစ်တောဦးစီးဌာန ပင်စင်စားတွေရဲ့ ဘဝကတော့ ဒီနေ့ထိအောင် အာမခံချက် ခိုင်ခိုင်လုံလုံမရှိဘူး။ သူတို့ပေးတဲ့ ပင်စင်လစာလေးကလည်း မိသားစုတစုကို ထမ်းထားနိုင်တဲ့ အနေအထားမရှိဘူးပေါ့။ အဲဒီလို အနေအထားမှာမှ နေစရာအိမ်မရှိတဲ့ ပင်စင်စားတွေက ဒီနေ့ထိအောင် အများကြီးရှိတာပေါ့။ အဲဒီလိုအနေအထားရှိတဲ့ ပင်စင်စားတွေရဲ့ ဘဝကိုအနည်းဆုံး တိုက်ခန်းနဲ့ နေနိုင်အောင် မြေပိုင်ယာပိုင် မြေကွက်ကလေးနဲ့ နေနိုင်အောင် တဆင့်တဆင့် စီမံပေးမယ်ဆိုရင် ပင်စင်စားတွေရဲ့ ဘဝက နည်းနည်း တော်သေးတာပေါ့။ ပင်စင်စားတယ်ဆိုတဲ့ ဘဝမှာက အသက်အရွယ်အားဖြင့်ရော ကျန်းမာရေးအရ လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထား မရှိတော့ဘူး။ ဝင်ငွေတွေ တိုးရှာရအောင်ကလည်း အလုပ်အခွင့်အရေး ဘာညာကလည်း ပင်စင်စားတွေအတွက် မရှိဘူး။ အဲဒီတော့ နိုင်ငံတော် သမ္မတကြီးကအခုလို ပင်စင်စားတွေရဲ့ ဘဝကိုထည့်ပြီးတော့ စဉ်းစားတဲ့အတွက် သမ္မတကြီးရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားကို ကြိုဆိုရမှာပေါ့။ ထောင်ထဲမှာ ရောက်နေတဲ့ ဘယ်လိုအမှုမျိုးနဲ့ပဲ ဖြစ်ဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ရတယ်ဆိုတာက သူတို့ကတော့ ဝမ်းသာကြတာပေါ့။ အပြစ်ကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုတာကတော့ နှစ်သစ်ကူးအခါ သာမယမှာ ကောင်းသော လုပ်ဆောင်ချက်ပါပဲ သို့သော် သူကအပြစ်ပေးခံရစဉ်တုန်းက လူ့လောကကို ဘယ်လောက်ထိခိုက်အောင် လုပ်ကိုင် ဆောင်ရွက်ခဲ့တဲ့ လူတွေလဲ။ ဒီလိုခွဲခြားပြီးတော့ စိစစ်သေသေချာချာ ခွင့်ပြုနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဦးစိုင်းညွန့်လွင် (အထွေထွေအတွင်းရေးမှူး) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဒါကတော့ ပုံမှန်ပါပဲ။ သမ္မတ တယောက်အနေနဲ့ တာဝန်စယူပြီဆိုရင်တော့ သူလုပ်မယ့်ကိုင်မယ့် ကိစ္စတွေအားလုံးကို သူ ပြောရမယ့် တာဝန်ရှိတယ်လေ။ ကောင်းပါတယ်။ ကျနော့်အမြင်ကတော့ ငြိမ်းချမ်းရေးက ပိုပြီးအရေးကြီးမလား မသိဘူး။ ဒါပေမယ့် အားလုံးတော့ပြီးအောင် လုပ်နိုင်မယ်မထင်ဘူး။ သူတို့ပြောတဲ့ စုပေါင်းအင်အား ဘာညာဆိုတာနဲ့ တခုပြီးတခု လုပ်နေရင်တော့ ပြီးမှာမဟုတ်ဘူး။ အားလုံးပေါင်းပြီး တပြိုင်နက်လုပ်မှပဲ ပြီးနိုင်မယ်ထင်ပါတယ်။ အကျဉ်းသားလွှတ်တာကတော့ ပုံမှန်ပါပဲ။ ဒါ လွှတ်ရမယ့်တာဝန်ပဲ။ ကျနော် သဘောကျတာကတော့ ၄၀၁ နောက်ဆက်တွဲ ကိစ္စတွေကို အမိန့်နဲ့ပယ်ဖျက်လိုက်တာတော့ သဘောကျပါတယ်။ ဒေါက်တာသန်းလွင်းဦး (ကထိက) ရန်ကုန်တက္ကသိုလ် IR ဌာန လက်ရှိတိုးလိုက်တဲ့ အရာထမ်း ၁၀ ရာခိုင်နှုန်း ၊ အမှုထမ်း ၂၀ ရာခိုင်နှုန်းဆိုတာလက်တွေ့အနေအထားမှာဘယ်လိုမှ မကိုက်ညီပါဘူး။ မကိုက်ညီပေမယ့် ဝန်ထမ်းအများစု၊ ကျနော့်အမြင်ပေါ့နော်။ ကျနော်ကိုယ်တိုင် အရသိရတာကတော့ ဝန်ထမ်းလစာတိုးခြင်းဟာ မှန်ကန်တဲ့ ဖြေရှင်းနည်း တခုမဟုတ်ဘူး။ လစာတိုးပေးရုံ တခုနဲ့ကတော့ ဝန်ထမ်းတွေ ကြုံတွေ့နေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ပြေလည်သွားမှာမဟုတ်ဘူး။ လစာတိုးပေးတဲ့ နည်းလမ်းအပြင် ဝန်ထမ်းတွေကို facilities ပေါ့။ facilities ကို ဖြည့်ပေးတာတော့ အာမခံချက် ပိုရှိတယ်။ ဘာလို့လဲဆိုတော့ ဝန်ထမ်းလစာတိုးတာ မွဲပြာပုဆိုးလိုပဲ။ လစာတိုးရင် ကုန်ဈေးနှုန်းကတက်၊ ကျနော်တို့ ဝန်ထမ်းလစာ ၅၀၀၀ ကတည်းက စလုပ်လာရတာ။ ကျနော်တို့ လောက်ဖို့ နေနေသာ၊ အပိုငွေရဖို့ နေနေသာသာ မိသားစုလောက်ငဖို့ ပညာရေး၊ ကျန်းမာရေးအတွက်တောင် မဖြစ်နိုင်ဘူး။ လစာတိုးရုံနဲ့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ လစာတိုးမယ့်အစား facilities ကို မြှင့်ပေးတာ နေရေး၊ ထားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုကို မြှင့်ပေးရမယ်။ ဝန်ထမ်း၊ ဝန်ထမ်းသားသမီးတွေ ကျန်းမာရေး စောင့်ရှောက်မှုကို အခမဲ့ ဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေ လိုတယ်။ ဝန်ထမ်းတွေရဲ့ သားသမီးတွေကို အခွင့်အလမ်းတခု အနေနဲ့ ဖန်တီးပေးရင် ဒါကဝန်ထမ်းတွေအနေနဲ့ တာဝန်ကို ပိုအလေးထားလာမယ်။ ပရော်ဖက်ရှင်နယ် ပိုဆန်လာမယ်။ နောက် corruption ဆိုတဲ့ ဟာတစ်ခုကိုလည်း အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်မယ်။ ဒီလောက်လစာနဲ့ corruption ကိုထိန်းချုပ်မယ်ဆိုတာက လက်တွေ့တော့ မကျသေးဘူး။ အခြေအနေ တခုဖန်တီးပြီးမှ corruption ထိန်းချုပ်မယ်ဆိုရင် ပြေပြေလည်လည် ဖြစ်လာနိုင်မယ့် အခြေအနေရှိပါတယ်။ ဒီလကုန်မှာ လစာက စတိုးမယ် ဆိုပေမယ့် ကျနော်ပြောသလို ထူးခြားမှု တော့ရှိလာမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း ဝန်ထမ်းအများစုက နားလည်ပါတယ်။ ကျနော်တို့လည်း နားလည်တယ်။ တိုးရင်တော့ ဝန်ထမ်းတွေ စားဝတ်နေရေးချောင်လည်လာမယ်တော့ ထင်ကြတာပေါ့။ ဝန်ထမ်းတွေအတွက်က ဒီလောက်နဲ့တော့ ဘာမှ ထူးလာမှာတော့ မဟုတ်ပါဘူး။ ကုန်ဈေးနှုန်းက စောင့်နေတယ်။ လစာကသာ တိုးသွားတာ အပြင်က ကုန်ဈေးနှုန်းက နှစ်ဆ၊ သုံးဆ မြှင့်ပြီးစောင့်နေတယ်။ တကယ်တမ်း ရလဒ်ကိုတော့ ကြည့်ရဦးမှာပဲ။ တန်ဖိုးနည်းအိမ်ရာတွေ ဘာတွေ ဝန်ထမ်းတွေကိုဦးစားပေးမယ် ဘာညာပေါ့။ ဒါပေမယ့် အဲဒီအိမ်ရာတွေက မဲဖောက်ပြီးတော့ မဲပေါက်ရင်တော့ ငွေလာသွင်းမယ့်သူမရှိဘူး။ တန်ဖိုးနည်း အိမ်ရာဆိုပြီး ပြင်ပကန်ထရိုက်တိုက်တွေကမှ အများကြီးသာနေသေးတယ်။ မြို့ထဲမှာသွားရေး၊ လာရေးကလွယ်သေး။ အစိုးရလုပ်တဲ့ ပရောဂျက်တွေက ဟိုးမြို့ပြင်မှာသွားရေး လာရေးကလည်း ခက်ခဲသေးတယ်။ ဒါပေမယ့် ဈေးနှုန်းက အမြင့်မှာဘယ်လိုမှ တန်ဖိုးနည်း အိမ်ရာမဖြစ်ဘူး။ ကျနော့်အနေနဲ့ အံ့သြတာသိန်း ၁၀၀ လောက်နဲ့ ရောင်းရတဲ့ တိုက်ခန်းတွေကို အစိုးရက သိန်းသုံးလေးငါးရာနဲ့ ဘာလို့ ရောင်းနေတာလဲ၊ အများဆုံးသိန်း ၁၅၀ လောက်နဲ့ပဲ ရောင်းသင့်တာလေ။ အဲဒါကြောင့် ပြောတာ ရလဒ်ကိုပဲ ကြည့်ရမယ်ဆိုတာ။ ပြောသွားတာတွေကတော့ ကောင်းပါတယ်။ ပေါ်လစီတွေကတော့ ကောင်းပါတယ်။ လက်တွေ့ပိုင်းမှာ ပေးတော့ပေးတယ်။ ပေးကားပေး၏ မရဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်လေ။ ကျော်ကိုရှိန် (အဖွဲ့ဝင်) လူ့အခွင့်အရေး ပညာပေးကွန်ရက် (မြန်မာ) လူ့အခွင့်အရေး တိုးတက်ရရှိခံစားရအောင် လုပ်ပေးမယ်ဆိုတဲ့ အချက်ကို သဘောကျတယ်။ နောက်ပြီး ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တိုးတက်အောင် လုပ်မယ်ဆိုတဲ့ကိစ္စလည်း သဘောကျတယ်။ ဦးဝင်းမြင့်ကို လွှတ်တော်ဥက္ကဋ္ဌ လက်ထက်ကတည်းက သဘောကျပါတယ်။ သူဟာ ပြတ်သားပြီး ပြောတဲ့အတိုင်းလည်း လုပ်နိုင်မယ်ဆိုတာ သံသယမရှိဘူး။ တခုက လက်ရှိမှာ အရေးကြီးပြီး ကြပ်တည်းခက်ခဲနေတဲ့ စီးပွားရေး ကုန်ဈေးနှုန်းကိစ္စ ဒါလေးတွေအတွက် လတ်တလော အစီအစဉ်မရှိတာလား။ မလုပ်နိုင်တာလား။ မလုပ်တာလားဆိုတဲ့ကိစ္စ။ နောက် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တာ အဲဒီ အပိုင်းတွေတော့ အားမရသေးဘူး။ အခုဆို လုပ်ငန်းစဉ်တွေလည်း ဆွဲထားတာ တွေ့ရတယ်။ အဲဒီအစီအစဉ်တွေအတိုင်း အောင်မြင်အောင် ကြိုးပမ်းပေးပါ။ တိုင်းပြည်ရဲ့ စီးပွားရေးကောင်းမွန်လာဖို့ကိုလည်း ကြိုးပမ်းပေးပါလို့ ပြောချင်ပါတယ်။ အကျဉ်းသားတွေ လွှတ်ပေးတာ ကောင်းပါတယ်။ ဒီထဲကမှ AAPP စာရင်းဝင် နိုင်ငံရေးအကျဉ်းသား ၃၆ ဦးကို လွှတ်ပေး လိုက်တာ ကြိုဆိုရမှာပါ။ အရင်လို စည်းကမ်းချက်တွေနဲ့ ကြိုးရှည်လွှတ်ထားသလို မဟုတ်ဘဲ ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်း သာခွင့် ပေးတာကို သဘောကျတယ်။ နိုင်ငံရေးလုပ်ပြီး ယုံကြည်ချက်ကို ငြိမ်းချမ်းစွာ ထုတ်ဖော်တာ လှုပ်ရှားတာကို အနှောင့်အယှက်မပြုဘဲ အကာအကွယ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ The post သမ္မတ ဦးဝင်းမြင့်၏ နှစ်သစ်ကူးမိန့်ခွန်းနှင့် လွတ်ငြိမ်းချမ်းသာခွင့် အပေါ် သူတို့ အမြင်များ appeared first on ဧရာဝတီ.
Source : https://ift.tt/2HclELS
via IFTTT
No comments:
Post a Comment