Friday, April 20, 2018

burma.irrawaddy.com

စဝ်ခွန်ကျော် လာမည်ဆိုလျှင် ကြိုဆိုလက်ခံမည်ဟု ရှမ်းနီ အမျိုးသားများ တပ်မတော် ပြော သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွတ်မြောက်လာသော ရှမ်းနီလူမျိုး စဝ်ခွန်ကျော် (ခ) ရဲဘော် သံချောင်း အနေ ဖြင့် ရှမ်းနီအမျိုးသားများ တပ်မတော်(SNA) သို့ လာမည်ဆိုလျှင် ကြိုဆို လက်ခံသွားမည်ဟု SNA က ပြောသည်။ သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၈ ခုနှစ် ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်၌ နိုင်ငံတဝန်း အကျဉ်းထောင်များရှိ အကျဉ်းသား ၈၅၄၁ ဦးအား လွတ်ငြိမ်းခွင့် ပေးခဲ့ရာတွင် စဝ်ခွန်ကျော် (ခ) ရဲဘော် သံချောင်းလည်း ပါဝင်ခဲ့သည်။ SNA မှ ပြောခွင့်ရ ၉၇၂ တပ်မဟာမှူး ဒုဗိုလ်မှူးကြီး ဆေစိုင်းထွန်းက “ကျနော်တို့ ဆီကို စဝ်ခွန်ကျော် လာမယ် ဆိုရင် တော့ ကျနော်တို့ ဘက်က ကြိုဆိုနေမှာပါ။ ဒါပေမယ့် ကျနော်တို့ ဘာမှ မဆွေးနွေးရသေးဘူး”ဟု ပြောသည်။ စဝ်ခွန်ကျော်သည် သေဒဏ် ၄ ကြိမ်နှင့် ထောင်ဒဏ်နှစ် အကန့်အသတ်မရှိ ကျခံနေရာမှ ဧပြီ ၁၇ ရက်က သာယာဝတီ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။ လက်ရှိတွင် စဝ်ခွန်ကျော်သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) ၏ ဗဟိုဌာနချုပ် လွယ်တိုင်းလျန်း သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း RCSS/SSA ထူထောင် ထားသော တရားဝင် သတင်းဌာန ဖြစ်သည့် Tai Freedom က ဧပြီ ၁၉ ရက်က သတင်း ဖော်ပြခဲ့သည်။ စဝ်ခွန်ကျော်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး – မြောက်ပိုင်း (ABSDF-NB) တွင် စစ်ရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ဖြစ်ပွားခဲ့သော ပါဂျောင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူ အဖြစ် စွပ်စွဲခံခဲ့ရသူ ဖြစ်ကြောင်း သိရသည်။ ထို့နောက် ၁၉၉၉ ခုနှစ်တွင် လွယ်တိုင်းလျန်းရှိ RCSS/SSA ဌာနချုပ်ကို စတင် ထူထောင်သည့် အချိန်၌ ပါဝင်လှုပ်ရှား ခဲ့ပြီး RCSS/SSA ၏ ဗဟိုကော်မတီဝင်အဖြစ် လည်းကောင်း၊ ၂၄၁ တပ်မဟာမှူး အဖြစ် လည်းကောင်း ဗိုလ်မှူးကြီး ရာထူး အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ ဆောင်ရွက်နေစဉ် ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် နမ့်တီး ကျေးရွာအနီးတွင် တပ်မတော် ၏ ဖမ်းဆီးခြင်း ခံရခြင်းဖြစ်သည်။ သမ္မတ ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွတ်မြောက်လာသော စဝ်ခွန်ကျော်ကို ပါဂျောင် လူသတ်မှု ဖြစ်စဉ်မှ လွတ် မြောက်ခဲ့သူများနှင့် သတ်ဖြတ်ခံခဲ့ရသူများ၏ မိသားစုဝင်များက ပြန်လည် ဖြေရှင်းပေးရန် တောင်းဆိုနေကြပြီး ဝေဖန် ပြစ်တင်မှုများလည်း ရှိနေသည်။ သို့သော် စဝ်ခွန်ကျော်အား ယခင် ပေးအပ်ထားသော ရာထူး တာဝန်များအတိုင်း ပြန်လည်ပေးအပ်မည်လား သို့မဟုတ် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုပြီး မိမိ သဘောဆန္ဒအတိုင်း ရွေးချယ်ခိုင်းမည်လား ဆိုသည်ကို RCSS ၏ တာဝန်ရှိသူ များအား ဆက်သွယ် မေးမြန်းရာ ဖြေကြားခြင်း မရှိသည့်အတွက် တစုံတရာ မသိရှိရပေ။ SNA သည် ၁၉၈၉ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး ရှမ်းနီလူမျိုးများ၏ လက်လွတ် ဆုံးရှုံးခဲ့ရသော နယ်မြေများ ပြန်လည် စုစည်းနိုင်ရေးနှင့် ရှမ်းနီပြည်နယ် ရရှိရေးတို့ အပါအဝင် တန်းတူညီမျှ အခွင့်အရေး ရရှိရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ ကိုယ်ပိုင် စာပေနှင့် ယဉ်ကျေးမှုများ ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ သဘာဝ သံယဇာတများ ထိန်းသိမ်း စောင့်ရှောက်ရေး စသည့် လုပ်ငန်းစဉ်များကို ချမှတ်ကာ ဆောင်ရွက်နေသည်ဟု ဒုဗိုလ်မှူးကြီး ဆေစိုင်းထွန်း က ပြောသည်။ The post စဝ်ခွန်ကျော် လာမည်ဆိုလျှင် ကြိုဆိုလက်ခံမည်ဟု ရှမ်းနီ အမျိုးသားများ တပ်မတော် ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2F2wlPa
via IFTTT

No comments:

Post a Comment