ဖားကန့်တွင် တပ်မတော်နှင့် တိုက်ပွဲ ပြင်းထန်လာနိုင်ဟု KIA ပြော ကချင်ပြည်နယ်၊ ဖားကန့်ဒေသဘက်တွင် တပ်မတော်က စစ်အင်အားများ ဖြည့်တင်း၍ စစ်ကြောင်းများထိုးနေ သဖြင့် တိုက်ပွဲ ပြင်းထန် လာနိုင်သည်ဟု ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း – ၆ တပ်ရင်းမှူး ဗိုလ်မှူး အောင်ဂျာက ပြောသည်။ ဗိုလ်မှူး အောင်ဂျာ က “ အစိုးရ တပ်မတော်က တပ်အင်အား အလုံးအရင်းနဲ့ ထိုးလာတာကတော့ သေချာပြီ။ ဒါပေမယ့် ကျနော်တို့ တတ်နိုင်သလောက် ရှောင်နေပါတယ်။ ရှောင်နေတဲ့အတွက် သေနတ်သံကတော့ မကြားသေးပါဘူး။ တိုက်ပွဲ မဖြစ်အောင် လုပ်နေပေမယ့် သူတို့ကလိုက်နေရင်တော့ သေနတ်သံကတော့ မည်လာနိုင်တယ်” ဟု ပြောသည်။ ဖားကန့်မြို့နယ် တံတားညီနောင်ဘက်တွင် ၂၀၁၈ ခုနှစ်၊ ဧပြီ ၆ ရက်က တပ်ရင်း-၆ မှ အင်အား ၁၀၀ ဝန်းကျင်ဖြင့် လမ်းဖြတ် ကူးစဉ် လုံခြုံရေးတာဝန်ယူထားသော တပ်မတော်ဘက်က ပစ်ခတ်ခဲ့၍ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ထိခိုက် ကျဆုံးသူ နှင့် ဒဏ်ရာ ရရှိသူများ ရှိခဲ့ပြီးနောက် ရဟတ်ယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်လာကြောင်း ဗိုလ်မှူး အောင်ဂျာ က ပြောသည်။ လက်ရှိတွင် တပ်မတော်က အင်းတော်ချောင်း အထက်ဖက် ချောင်းရိုးတလျောက် အပါအဝင် မိုးညှင်း-တန့်ကောင်း ဘက်တွင် လည်းကောင်း၊ ဖားကန့်ဒေသတွင် လည်းကောင်း စစ်အင်အားများ ဖြည့်တင်း၍ စစ်ကြောင်းများ ထိုးလာနေသည်ဟုလည်း ၎င်းက ပြောဆိုသည်။ ဖားကန့်ဒေသတွင် စစ်အင်အားတိုးချဲ့နေသည်ဆိုသည့် အခြေအနေနှင့်ပတ်သက်၍ တပ်မတော်နှင့် အစိုးရဘက်မှ ပြောခွင့်ရ ပုဂ္ဂိုလ်များအား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မရှိပါ။ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှ ဦးဆန်းအောင် က “တိုက်ပွဲတွေကတော့ သီးခြားသီးခြားတော့ ဖြစ်နေတယ်ဗျ။ နေရာတကာ မှာဘယ်နေရာလို့ ပြောရတော့ ခက်ပါတယ်။ နေရာတကာ မှာတော့ ဖြစ်နေတယ်။ နေရာတကာ လိုပါပဲ။ အနောက်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့၊ တောင်ပိုင်း၊ အကုန်လိုလိုလို့ ပြောလို့ ရပါ တယ်။ သူတို့ရဲ့ ဌာနချုပ် ပတ်ဝန်းကျင် လောက်ပဲ မဖြစ်ဘူးလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် အဲဒီဘက်မှာလည်း တပ်မတော်ဘက်က အင်အားတိုးမှုတွေတော့ အများကြီးရှိပါတယ်” ဟုပြောသည်။ လက်ရှိတွင် တပ်မတော်က တပ်မ ၁၀၁ ကို အားဖြည့်၍ တပ်ရင်း ၅ ရင်းဖြင့် ဖားကန့်ဒေသတွင် စစ်ကြောင်းများ လှုပ်ရှား နေကြောင်း နှင့် မိုးကောင်းရှိ အမှတ် ၃၈၃ ၊ ဆန်းမော်ရှိ အမှတ် ၃၈၄ စစ်ကြောင်းများလည်း လှုပ်ရှားလာနေကြောင်း KIA ဘက်ကဆိုသည်။ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မံစီမြို့နယ်တွင် တပ်မတော်နှင့် KIA အကြား ၂၀၁၇ ခုနှစ်၊ ဇွန်လမှ စတင်၍ စစ်ရေးတင်းမာကာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။ ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်း ခရိုင် ဒေသအတွင်း ပြောက်ကျား စစ်ဆင်ရေးနှင့် မိုင်းစစ်ရေးများကို ဧပြီ ၁၀ ရက်နေ့ နောက်ပိုင်းစတင်၍ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း KIA တပ်ရင်း -၁၄ က ဧပြီ ၅ ရက်က ထုတ်ပြန် ခဲ့သည်။ The post ဖားကန့်တွင် တပ်မတော်နှင့် တိုက်ပွဲ ပြင်းထန်လာနိုင်ဟု KIA ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2GRssCs
via IFTTT
No comments:
Post a Comment