SSPP နှင့် အစိုးရ တို့အကြား ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးမည် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/SSA)နှင့် အစိုုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) တို့အကြား တွေ့ဆုံ၍ ငြိမ်းချမ်းရေးအတွက် ထိပ်တိုက် ဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း အစိုးရဘက်က စုံစမ်းသိရှိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို SSPP ၏ ဝမ်ဟိုင်းဌာနချုပ်တွင် ဧပြီလကုန်နှင့် မေလဆန်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) ၏ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က ဧရာဝတီသို့ ပြောသည်။ ဦးခင်ဇော်ဦး က “ဟုတ်ကဲ့။ ကျနော်တို့နဲ့ သူတို့နဲ့ တွေ့ဖို့အတွက် အဆက်အသွယ် လုပ်ထားပါတယ်။ သူတို့ ကြေညာချက်ထဲမှာ ပါတယ်လေ။ ဘာဆွေးနွေးမလဲ ဆိုတာတော့ မဆွေးနွေးခင်တော့ ဘယ်လိုပြောလို့ရမလဲ။ လူချင်းတွေ့တဲ့အခါမှ ပြောလို့ရမှာပေါ့” ဟု ပြောသည်။ SSPP ၏ အမှတ်တံဆိပ်ပါသော ၂၀၁၈ ခုနှစ်၊ ဧပြီ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာတော့ SSPP သည် နိုင်ငံရေး ဆွေးနွေးပွဲ များတွင် ပါဝင်ဆွေးနွေးနိုင်ရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်တွင် စဉ်ဆက်မပြတ် လိုက်ပါဆောင်ရွက် သွားရေး၊ ဒေသအတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တို့ပါဝင်သည်။ ထို့အတူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရနှင့် အပြန်အလှန် ကူညီပံ့ပိုး ပေးနိုင်ရေး တို့အတွက် ရည်မှန်း၍ ဧပြီလ နောက်ဆုံးပတ်အတွင်း ဝမ်ဟိုင်းဗဟိုဌာနချုပ်တွင် PC ကိုယ်စားလှယ်များနှင့် အလွတ်သဘော တွေ့ဆုံညှိနှိုင်းပြီး NCA စာချုပ် အမြန်ဆုံးလက်မှတ်ရေး ထိုးနိုင်ရေး ဆောင်ရွက်သွားမည်ဟု ဖော်ပြ ထားသည်။ သို့သော် ထိုထုတ်ပြန်ချက်သည် အတုသာ ဖြစ်ကြောင်း SSPP က ၂၀၁၈ ခုနှစ်၊ ဧပြီ ၁၁ ရက်နေ့စွဲဖြင့်ပင် ပြန်လည် ထုတ်ပြန် သည်။ SSPP နှင့် နီးစပ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ ခေါင်းဆောင်တဦး၏ ပြောပြချက်အရ ကနဦးထုတ်ပြန် ချက်မှာ အစစ်ဖြစ်ခဲ့သော်လည်း ပြည်ထောင်စု နိုင်ငံေ့ရး ညှိနှိုင်းဆွေးနွေးရေး ကော်မတီ (FPNCC) ခေါင်းဆောင်များ ၏ ဖိအားကြောင့် ပြောင်းလဲသွားပုံရသည်ဟုဆိုသည်။ ပြည်ထောင်စု နိုင်ငံေ့ရး ညှိနှိုင်းဆွေးနွေးရေး ကော်မတီ (FPNCC) သည် မြန်မာ-တရုတ် နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ထိုအထဲတွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (မိုင်းလားအဖွဲ့-NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ ရက္ခိုင့် တပ်မတော်(AA) တို့ ပါဝင်ကြသည်။ SSPP သည် ယခင်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင်ဖြစ်ပြီး FPNCC နှင့် ပူးပေါင်းပြီးနောက် ၂၀၁၇ ခုနှစ်ထဲတွင် UNFC ထံနှုတ်ထွက်စာတင်ခဲ့သည်။ သို့သော်လည်း ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းထဲတွင် SSPP အနေဖြင့် UNFC နှင့် ပြန်လည်ပူးပေါင်းနေသည်ကို တွေ့ရသည်။ မကြာသေးခင်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဥကဋ္ဌ ဖြစ်သူ စိုင်းအိုက်ပေါက် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ မတ်လ စတုတ္ထပတ်က ဝမ်ဟိုင်းသို့ သွား၍ SSPP ၏ ခေါင်းဆောင်ပိုင်းများဖြင့် တွေ့ဆုံကာ NCA ထိုးနိုင်ရေးဆွေးနွေးခဲ့ကြသေးသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှု အပြီးနောက်ပိုင်း PC နှင့် SSPP တို့အကြား ဧပြီလကုန် မေလဆန်းပိုင်းမှာ ဝမ်ဟိုင်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးရန် စီစဉ်ထားသည့် သတင်းများထွက်ပေါ် လာခဲ့သည်။ The post SSPP နှင့် အစိုးရ တို့အကြား ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2qs8Rys
via IFTTT
No comments:
Post a Comment