Thursday, September 28, 2017


အကြမ်းဖက်သမားတွေ လိုတာရ မသွားရအောင် (နိဂုံး) များသောအားဖြင့် အကြမ်းဖက်သမားတို့သည် နိုင်ငံရေးအရ မကျေနပ်မှု နယ်ပယ်မှ အစွန်ဆုံး အစွန်းတခုကို ကိုယ်စားပြု ကြသည်။ တရားမျှတမှုမရှိခြင်းနှင့် ပတ်သက်၍ ကျိုးကြောင်းဆီလျော်သော တိုင်ကြားမှုများကို အကြမ်းဖက်အဖွဲ့အစည်းများက ဝင်ရောက်နာမည်ခံ အမြတ်ထုတ်ခြင်း မပြုမီ တတ်နိုင်သလောက် အမြန်ဆုံး ဖြေရှင်းရမည် ဖြစ်သည်။ အကြမ်းဖက်သမားများကို သူတို့အပေါ် စာနာနားလည်မှုပေးမည့်နေရာများ၊ လူသစ်စုဆောင်းနိုင်မည့်နေရာများနှင့် ကင်း ကွာစေရမည်ဖြစ်သည်။ သူတို့၏စွမ်းဆောင်ရည်နှင့်သက်တမ်းကို ထိန်းချုပ်နိုင်ရမည် ဖြစ်သည်။ အကြမ်းဖက်သမားများ လူစုဆောင်းခြင်းနှင့် အကြမ်းဖက်လုပ်ရပ်ကို စွဲမြဲနေခြင်းတို့ကို လျှော့ချနိုင်ပါသည်။ အဆိုပါ ချဉ်းကပ်မှုက ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းအစား အခြားသော ရွေးချယ်စရာများပေးခြင်းအပေါ် တွင် အာရုံစိုက်ပါသည်။ ပိုမိုကောင်းမွန်သော ပညာသင်ကြားခွင့် ရရှိစေခြင်း၊ သော့ချက်ကျသော အသိုင်းအဝိုင်းများမှ အကျင့်စာရိတ္တ ပျက်ပြားနေ သော လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများပေးခြင်း (ကွဲပြားသော၊ လူလတ်တန်းစား ပိုဆန်သောစနစ် အ တွင်းသို့ဆွဲဆောင်ခြင်း)နှင့် ဘက်ပြောင်းလာသူများကို မက်မောလောက်စရာ ထောက်ပံ့ပေးကမ်းမှုများ ပြုလုပ်ခြင်းတို့ ဖြစ် သည်။ အခြားဆောင်ရွက်နိုင်သည့်ကိစ္စများထဲတွင် ကုန်ဈေးနှုန်းများကို လျော့ကျစေခြင်းကလည်း ဒီမိုကရက်တစ် အဖွဲ့အစည်းများအတွင်းမှ မကျေနပ်မှုများကို ဖြေရှင်းနိုင်သော နည်းလမ်းများထဲမှတခု ဖြစ်သည်။ ဒေသတွင်း ဆန္ဒခံယူပွဲကဲ့သို့သော ဒီမိုကရက်တစ်နည်းလမ်းများက ဒီမိုကရေစီမှတဆင့် ရပိုင်ခွင့်များ မည်သို့ရရှိနိုင်သည်ကို သရုပ်ဖော်ပြနိုင်ပါသည်။ ဒီမိုကရေစီဆုံးရှုံးမှု လက်တွေ့အမှန်တရားများဖြင့် အစွန်းရောက် အဖွဲ့အစည်းများကို ထိပ်တိုက်ရင်ဆိုင်နိုင်ပါသည်။ (၃) လှုံ့ဆော်ခြင်း (စစ်ပွဲ၏ထောင်ချောက်) အိုင်ယာလန်က IRA နှင့် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO)၊ သီရိလင်္ကာမှ တမီလ်ကျားအဖွဲ့၊ တူရကီနှင့် အီရတ်တွင် အခြေ စိုက်သော ကာဒ့်အလုပ်သမားပါတီ (PKK) တို့ကဲ့သို့ အခြားသော အမျိုးသားရေးဝါဒီ လွတ်လပ်ရေးလှုပ်ရှားမှုများက ခြောက်လှန့်မှုဖြင့် ကျော်ကြားခဲ့ကြသည်။ သူတို့၏ စိတ်လှုပ်ရှားမက်မောဖွယ်ရာ မရှိသော ရက်စက်ကြမ်းတမ်းမှုက နိုင်ငံအများအပြားမှ ပြည်သူများအတွက် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ခဲ့ရသည်။ ဆယ်စုနှစ်များစွာ ပြည်သူများ၏ အသိထဲတွင် ရှိနေစေခဲ့သည်။ သို့သော်လည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ပေါ်ထွက် လာသည့် Al Qaida က သစ်ဆန်းနေသည်။ Al Qaida နှင့် ISIS တို့က အစိုးရများနှင့် ညှိနှိုင်းခြင်းများ မလုပ်ပါ။ သူတို့တွင် ပိုမိုကြီးမားသည့် အစီအစဉ်တခု ရှိသည်။ ကမ္ဘာကို အစီအစဉ် အသစ်ပြောင်းရေး ဖြစ်သည်။ ထိုသို့ ဖြစ်လာရန်အတွက် ယဉ်ကျေးမှုစစ်ပွဲတခုကို လှုံ့ဆော်သည့် အစီအစဉ်တခု သူတို့မှာ ရှိသည်။ ကျနော် ရည်ညွှန်းပြီးဖြစ်သည့်အတိုင်း အစိုးရများသည် သူတို့ပြည်သူများကို နိုင်ငံရေးအကြမ်းဖက်မှု ပဋိပက္ခများမှ ကာကွယ်နိုင်စွမ်း ရှိကြောင်း ပြသရမည်ဖြစ်သည်။ ကြောက်ရွံ့မှုမှ ကင်းဝေးစေရမည် ဖြစ်သည်။ သို့သော်လည်း ပြည်သူအများစုက သူတို့ အစိုးရကို တိုက်စစ် ကစားစေချင်သလို ခံစစ်ကိုလည်း ကစားစေချင်ကြသည်။ သူတို့က အစိုးရ၏တာဝန်သည် ပြည်သူတို့ ကောင်းမွန်စွာနေနိုင်ရေးနှင့် ကြီးပွားချမ်းသာရေးအတွက်သာမက နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ရသူ အဖြစ်လည်း ယူဆထားကြသည်။ အကြမ်းဖက်ဝါဒက သူတို့ကို ဒေါသ၊ နာကြည်းမှုများဖြင့် ပြည့်စေခဲ့သည်။ (တခါတရံတွင် ပြည်သူများ ကြောက်ရွံမှုကိုလည်း ခံစားကြရသည်။ ထိုကြောက်ရွံ့မှုကြောင့်ပင် သူတို့ကို ဒေါသ ပိုဖြစ်စေခဲ့သည်။) ၉/၁၁ သို့မဟုတ် မွန်ဘိုင်း သို့မဟုတ် ပဲရစ် တို့ ကဲ့သို့သော ကြီးကျယ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို နိုင်ငံ့ဂုဏ်သိက္ခာကို တိုက်ရိုက် စိန်ခေါ်မှုများအဖြစ် မြင်ခဲ့ကြသည်။ နိုင်ငံလုံး အတိုင်းအတာဖြင့် နာကြည်းခြင်းနှင့် ဒေါသက တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြောက်ရွှံ့မှုကဲ့သို့ပင် ခေတ်ပြိုင် အကြမ်းဖက်ဝါဒ၏ ရည်မှန်းချက်တခု ဖြစ်သည်။ အကယ်၍ ကျနော်တို့က အကြမ်းဖက်သမားများကို အနိုင်ယူလိုသည်ဆိုလျှင် ကျနော်တို့၏ ခံစားချက်များကို သူတို့လိုချင် သည့်နေရာသို့ ကြိုးကိုင်ခေါ်ယူသွားမည့်သူတို့၏ အားထုတ်မှုမှန်သမျှကို ကျနော်တို့က ငြင်းပယ်ရမည် ဖြစ်သည်။ (၄) ဒီမိုကရေစီ (ပျော့ကွက်တခုနှင့် အားသာချက်တခု) ဒီမိုကရေစီနှင့် အကြမ်းဖက်ဝါဒကြားတွင် အလွန်နီးကပ်သော ဆက်သွယ်ချက်တခု ရှိပါသည်။ တဖက်မှကြည့်လျှင် ကောင်းစွာ အလုပ်ဖြစ်နေသော ဒီမိုကရေစီနိုင်ငံများက လူနည်းစုများကို ဒီမိုကရေစီ လုပ်ငန်းစဉ်အတွင်းသို့ ခေါ်ယူရေး၊ ဖိနှိပ်မှု မခံ ရစေရန် သမာသမတ်ကျသည့် ဥပဒေများဖြင့် ကာကွယ်ရေး၊ ဘာသာစကား အခွင့်အရေးကဲ့သို့သော သူတို့၏ အထူးအသိအမှတ်ပြုရမည့် အခွင့်အရေးများ ကျိုးကြောင်းဆီလျော်စွာ တောင်းခံလာခြင်းကို ဖြည့်ဆည်းပေးရေးတို့အတွက် နည်းလမ်းများ ရှာဖွေကြသည်။ တနည်းဆိုရသော် ဒီမိုကရေစီနိုင်ငံများက တရားမျှတမှုတွင် တော်တော်လေး ကောင်းမွန်ကြသည်။ အနည်းဆုံးတော့ ဆော်ဒီအာရေးဗီး သို့မဟုတ် ရုရှားတို့ကဲ့သို့သော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဖြစ်သည်။ အဆိုပါနိုင်ငံများတွင် ပြည် သူအများစုမှာ အခွင့်အရေးများ ပိတ်ပင်ခံရခြင်း၊ ကြမ်းတမ်းစွာ ပြုမူဆက်ဆံခံရခြင်းများအောက်တွင် ရှိနေကြရသည်။ တခြားဘက်မှ ကြည့်ပြန်လျှင်မူ သက်ဦးဆံပိုင် အာဏာရှင်နိုင်ငံများတွင် နိုင်ငံရေးက အထက်တန်းလွှာလူတစုကြားတွင်သာ ရှိနေသော်လည်း ဒီမိုကရေစီနိုင်ငံများတွင် ပြည်သူပါဝင်သည့် နိုင်ငံရေးဖြစ်နေသည့်အတွက် မကျေနပ်သည့် အဖွဲ့အစည်းတခုက လူထုကို တိုက်ရိုက်တောင်းဆိုခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်နိုင်နေသည်။ အာဏာရှင်များက(ကိုယ်ပိုင်အခွင့်အရေးနှင့် ပတ်သက်သော ပြည်သူတို့၏အတွေးအမြင်များကို ကျွမ်းကျင်စွာ ခြယ်လှယ် နိုင်သူများ ဖြစ်သည့်) မီဒီယာကို တင်းကျပ်စွာ ထိန်းချုပ်နိုင်သော်လည်း ဒီမိုကရေစီနိုင်ငံများက မီဒီယာလွတ်လပ်ခွင့် ကတိ ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ လွတ်လပ်သော မီဒီယာမှာ အကြမ်းဖက်သမားများ၏ လမ်းကြောင်းပြောင်းလဲခြင်းများ ပြုလုပ်ခံရနိုင်သည့် နေရာဖြစ်သည်။ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများက မကျေနပ်မှု နစ်နာမှု အနည်းဆုံးဖြစ်အောင် ပြုလုပ်နိုင်သော်လည်း ထိုအချက်ကပင် အကြမ်းဖက် အစွန်းရောက်ဝါဒကို မွေးဖွားပေးနိုင်သည်။ နည်းပညာအရဆိုလျှင် အကြမ်းဖက်ဝါဒကို ကာကွယ်ရန်အတွက် အားအနည်းဆုံးလည်း ဖြစ်သည်။ အကြမ်းဖက်ဝါဒ ပြဿနာအသစ်က တကမ္ဘာလုံးနှင့် ဆိုင်သည့် ဖြစ်စဉ်တခု ဖြစ်လာသည်။ (ဒီမိုကရေစီနိုင်ငံများနှင့် ပြဿနာ တိတိကျကျ မရှိသော အဖွဲ့များက ဒီမိုကရေစီနိုင်ငံများကို ပစ်မှတ်ထားခြင်းမှာ ထိုသို့ပြုလုပ်ခြင်းကြောင့် မြင့်မားသော အကျိုးအမြတ် ရရှိသည် ဆိုသော) အဆိုပါဖြစ်စဉ် သို့မဟုတ် သဘောတရားကို ၂၀၀၀ ပြည့်နှစ်လွန် အစ္စလာမ်ဝါဒက စတင်ခဲ့ခြင်းဖြစ်သော်လည်း သူတို့နှင့်ပင် ပြီးဆုံးသွားလိမ့်မည်ဆိုသည်က မသေချာပါ။ သူတို့က ကျနော်တို့၏လွတ်လပ်မှုများကို မုန်းတီးသောကြောင့် မဟုတ်သော်လည်း ကျနော်တို့၏ လွတ်လပ်မှုကို ကျနော်တို့အား ဆန့်ကျင်ရာတွင် အသုံးပြုနိုင်သောကြောင့် ဖြစ်ပါသည်။ ယခုအခါတွင် အကြမ်းဖက်ဝါဒပြပွဲကြီးက သူတို့အတွက် အကောင်းဆုံးပရိသတ်များ တွေ့နိုင်မည့် နေရာမှန်သမျှသို့ ခရီးလှည့်လျက် ရှိနေပါသည်။ ဒေါသထွက်နေသော လူအုပ်ကြီး၊ မိုက်မဲမှုများ၏ အစုအဝေးနှင့် ဥပဒေကို မျက်ကွယ်ပြုခြင်းများက ဒီမိုကရေစီ၏ အားနည်းချက် အမြဲတမ်း ဖြစ်ခဲ့ပါသည်။ သို့သော်လည်း ဒီမိုကရေစီ နိုင်ငံများတွင် အားသာချက်(အားကောင်းမှု)များလည်း ရှိပါသည်။ သူတို့သည် ပြီးခဲ့သည့်နှစ် ပေါင်း ၂၀၀ အတွင်းတွင် အခြားသော အာဏာရှင်တိုင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း၊ ထမြောက်အောင်မြင်ခဲ့ခြင်းများက သက်သေ ဖြစ်သည်။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတခု၏ခွန်အားက (အတွေးအခေါ်အယူအဆများ တိုးတက်ကောင်းမွန်လာရန်၊ လူသိထင်ရှား ဆွေးနွေးပြောဆိုခြင်းအားဖြင့် အမှားများမှ သင်ခန်းစာရယူရန်၊ လှုပ်ရှားခြင်း တုံ့ပြန်ခြင်းမျှသာမကဘဲ ရောင်ပြန် ဟပ်ပြနိုင် ရန်) စုပေါင်း၍ အကျိုးသင့်အကြောင်းသင့် တွေးခေါ်နိုင်စွမ်းပေါ်တွင် မူတည်ပါသည်။ အကြမ်းဖက်သမားများက ဒီမိုကရေစီ၏ အားနည်းချက်ကို စားသုံးနေခြင်း ဖြစ်ပါသည်။ သူတို့ကို အနိုင်ယူရေးအတွက် ကျနော်တို့က ဒီမိုကရေစီ၏အားသာချက်များကို ဖော်ထုတ်ပြသနိုင်ရန် လိုအပ်ပါသည်။ (Thomas R. Wells သည် ဟော်ဟန်နိုင်ငံ Tilburg တက္ကသိုလ်မှ ဒဿနိကဗေဒ လက်ထောက်ပါမောက္ခဖြစ်ပါသည်။၎င်း၏ What Terrorists Want – and How to Stop Them Getting It ကို ဆီလျော်အောင် ဘာသာပြန်သည်။) ဆက်စပ်ဖတ်ရှုရန် – အကြမ်းဖက်သမားတွေ လိုတာရ မသွားရအောင် (အပိုင်း-၁) The post အကြမ်းဖက်သမားတွေ လိုတာရ မသွားရအောင် (နိဂုံး) appeared first on ဧရာဝတီ.
Source : http://ift.tt/2xLNYmt
via IFTTT


မွန်ပြည်နယ် အတွက် ရှေးဟောင်း အဆောက်အအုံ ထိန်းသိမ်းရေး အဖွဲ့ ဖွဲ့စည်းရန် စီစဉ် မွန်ပြည်နယ် အတွင်းရှိ ကိုလိုနီခေတ် အဆောက်အအုံများနှင့် စိန်တုံးမိဖုရား၏ ကျောင်းဆောင်ကဲ့သို့ ရှေးဟောင်း အဆောက်အအုံများအား ထိန်းသိမ်းရန် အတွက် Yangon Heritage Trust ကဲ့သို့ အဖွဲ့ တဖွဲ့ကို ၂၀၁၇ နှစ် မကုန်ခင် ဖွဲ့စည်း နိုင်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။ ယင်းအဖွဲ့ ဖွဲ့စည်း နိုင်ရေး အတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က Yangon Heritage Trust အား နည်းပညာ အထောက်အကူ ပေးရန် ဖိတ်ခေါ်ထားရာ Yangon Heritage Trust မှ တာဝန်ရှိသူ များက စက်တင်ဘာ ၂၆ ရက်နေ့တွင် မော်လမြိုင်ရှိ ရှေးဟောင်း အဆောက်အအုံများအား လာရောက် လေ့လာခဲ့ကြောင်း အဖွဲ့ ဖြစ်မြောက် ရေး ကြိုးပမ်းသူ တဦးဖြစ်သော ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။ “Yangon Heritage Trust လိုပဲ မွန်မှာ တခု ဖြစ်ကို ဖြစ်ရမယ်၊ မော်လမြိုင်မှာရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေ ထိန်းသိမ်းချင်တယ်၊ နည်းပညာ အကူအညီ လိုတယ်၊ ပညာရှင်တွေ လိုတယ်၊ ဘယ်လိုလူမျိုးကို ချိတ်ဆက်ရမလဲ၊ ဘယ်နိုင်ငံက ပညာရှင်တွေကို ချိတ်ဆက်ရမလဲ၊ ဒီလိုပုံစံမျိုး မွန်ပြည်နယ်မှာ ဖြစ်ချင်တယ်လို့ ဝန်ကြီးချုပ်က ပြောလိုက် တယ်” ဟုလည်း ဒေါ်ခိုင်ခိုင်လဲ့က ပြောပြသည်။ ထိုအဖွဲ့ကို မည်သို့ အမည်ပေး၍ ဖွဲ့စည်းမည်ကို မွန်ပြည်နယ် အစိုးရ အဖွဲ့က စဉ်းစားနေပြီး အစိုးရ မဟုတ်သည့် အဖွဲ့ အစည်းအနေဖြင့် ဖွဲ့စည်းသွားရန် လျာထားကြောင်း၊ ထိုအဖွဲ့၌ အစိုးရ ဌာနဆိုင်ရာများ အပါအဝင် တတ်သိ ပညာရှင် များ ဖြင့်လည်း ပါဝင်၍ ဖွဲ့စည်းနိုင်ရန် လိုလားလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။ ၁၉၁၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် မွန်ပြည်နယ် အစိုးရ အဖွဲ့ရုံး အတွင်းရှိ ရှေးဟောင်း နာရီစင်။ခိုင်ခိုင်လဲ့ စက်တင်ဘာ ၂၆ ရက်နေ့တွင် Yangon Heritage Trust မှ ပညာရှင်များနှင့် ပြည်နယ် အစိုးရ အဖွဲ့၊ ရှေးဟောင်း သုတေသန အဖွဲ့မှ ပုဂ္ဂိလ်များ လိုက်ပါ၍ မွန်ပြည်နယ် အတွင်းရှိ ရှေးဟောင်း အဆောက်အအုံ များအား အတူ သွားရောက် လေ့လာခဲ့သည်ဟု ဆိုသည်။ ကတိုးရွာရှိ ဦးနာအောက် ဘုန်းကြီးကျောင်း၊ မော်လမြိုင်ရှိ စိန်တုံး မိဖုရား၏ အလှူတော် ရတနာဘုံမြင့် ဘုန်းတော်ကြီး ကျောင်း၊ သီပေါမင်း စတုတ္ထ သမီးတော် အုတ်ဂူ နှင့် စံအိမ် အဆောင်တော်၊ ယုဒသန် ပထမဆုံး နှစ်ခြင်း ဘုရား ကျောင်း၊ ၁၈၉၇ ကတည်းက ဆောက်လုပ်ခဲ့သည့် ဘုံဘေဘားမား သစ်ကုမ္ပဏီ၏ သစ်တောရုံး၊ ၁၈၂၇ ခုနှစ် အက်ဒ်ဝပ် ဘုရင်၏ တံဆိပ်၊ အမြောက်၊ ၁၉၁၂ ခုနှစ် အစိုးရ အဖွဲ့ရုံးမှ နာရီစင် စသည့် ရှေးဟောင်း အဆောက်အအုံ များအားလေ့လာ ခဲ့ကြောင်း သိရသည်။ ၁၈၂၇ ခုနှစ် ဘုရင် အက်ဒ်ဝပ် တံဆိပ်နဲ့ ရှေးဟောင်း အမြောက်အား မြင်တွေ့ရစဉ်။ခိုင်ခိုင်လဲ့ “ပျူ၊ မြန်မာ ၊ မွန် စတဲ့ ယဉ်ကျေးမှု လက်ရာတွေက ဒီမှာ အများအပြား ရှိတယ်၊ ကိုလိုနီ အဆောက်အအုံတွေ ဆိုရင် တချို့ဆို ရန်ကုန် ထက်တောင် စောတယ်၊ ဦးနာအောက် ကျောင်းမှာ ဆိုရင် ရုပ်ကြွှ ပန်းပု၊ ပြဒါးမှင် နံရံဆေးလုံး၊ ပွတ်လုံး ပန်းချီ စတဲ့ အထောက်အထားတွေ တနေရာတည်းမှာ လေ့လာ နိုင်တယ်”ဟု ပြည်နယ် လွှတ်တော် အမတ် လည်း ဖြစ်သည့် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။ ထို့အပြင် Yangon Heritage Trust အဖွဲ့အား မွန်ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးများနှင့် အစည်းအဝေး ခေါ်ယူ၍ မွန်ပြည်နယ် အစိုးရက လုပ်ဆောင် လိုသည့် အခြေအနေများကို တင်ပြ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ ဘုံဘေဘားမား သစ်ကုမ္ပဏီက တည်ဆောက်ခဲ့သည့် သစ်တောရုံးအား တွေ့ရစဉ်။ခိုင်ခိုင်လဲ့ လက်ရှိ လေ့လာထားချက် များအား အခြေခံ၍ လုပ်ဆောင်သည့် အကြံပြုချက်များအား ဤစက်တင်ဘာလ မကုန်ခင် မွန်ပြည်နယ် အစိုးရ ထံသို့ အစီရင်ခံစာ ဆက်လက် တင်သွင်း ပေးသွားမည် ဖြစ်ကြောင်း Yangon Heritage Trust အဖွဲ့ ဒါရိုက်တာ ဒေါ်မို့မို့လွင်က ပြောသည်။ “ဘယ်လိုကနေ စကိုင်ပြီးတော့ လုပ်ကြမလဲပေါ့နော်၊ ဟိုမှာလည်း လုပ်မယ့် အတွေ့အကြုံနဲ့ယှဉ်ပြီး လုပ်ရမယ့် Producer မျိုးကို အကြံပေးဖို့၊ ဒေသခံတွေကို နားအလည်ဆုံး ဆိုတော့ ဒေသခံတွေလည်း ပါဝင် လုပ်ဆောင် ရမှာပေါ့ နော်၊ အခု အန်တီတို့က ပြန်သွားပြီး ဒါနဲ့ပတ်သက်ပြီး ဘယ်လို လုပ်နိုင်မလဲ ဆိုတာ မွန်ပြည်နယ် အစိုးရ အဖွဲ့ ဆီကို အစီရင်ခံ ရေးပေး ရမယ်”ဟုလည်း ဒေါ်မို့မို့လွင်က ပြောပြသည်။ ဂျပန် ကင်ပေတိုင် ရုံးဟောင်းအဖြစ် အသုံးပြုခဲ့သည့် အဆောက်အအုံဟောင်းအား တွေ့ရစဉ်။ခိုင်ခိုင်လဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့သည် အောက်မြန်မာနိုင်ငံ၏ အင်္ဂလိပ် လက်အောက် ကျရောက်ခဲ့စဉ် အုပ်ချုပ်ရေး အတွက် ကိုလိုနီအစိုးရ ရုံးစိုက်ရာ မြို့ဖြစ်ခဲ့ဖူးသည့် အတွက် ကိုလိုနီခေတ် အဆောက်အအုံများနှင့် ရှေးဟောင်း သာသနိက အဆောက်အအုံများ ပေါများသည့် မြို့တမြို့ ဖြစ်သည်။ မွန်ပြည်နယ် အတွင်းတွင် ရှေးဟောင်း သုတေသန ဦးစီးဌာနမှ ကောက်ယူထားသည့် စာရင်းများအရ ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်နေသည့် ရှေးဟောင်း အဆောက်အအုံပေါင်း (၁၀၀) ကျော် ရှိကြောင်း သိရသည်။ The post မွန်ပြည်နယ် အတွက် ရှေးဟောင်း အဆောက်အအုံ ထိန်းသိမ်းရေး အဖွဲ့ ဖွဲ့စည်းရန် စီစဉ် appeared first on ဧရာဝတီ.
Source : http://ift.tt/2fyK8X6
via IFTTT


ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသင့်သလား ရခိုင်အရေးကို အကြောင်းပြုပြီး ပြည်တွင်း အမျိုးသားရေး အင်အားစုတွေနဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှုကို ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စကို အကြောင်းပြုပြီး သူမ ကျရှုံးသွားခဲ့ရင် သူမနဲ့ အတူ တတိုင်းပြည်လုံးပါ ဒီမိုကရေစီ နောက်ပြန်လှိုင်းနဲ့ ဇာတ်သိမ်းသွားမှာကို စိုးရိမ်ပူပန်တဲ့ ပြည်သူတချို့က ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ရပ်တည်နေကြောင်း ပြသမှုတွေ ရှိနေပါတယ်။ တိုင်းပြည်မှာ သမ္မတ ဦးထင်ကျော်ပြီးရင် အရေးပါဆုံး ရာထူးတခု အဖြစ် ဖန်တီးထားတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံဆိုတဲ့ ရာထူးနဲ့ မြန်မာပြည် ဒီမိုကရေစီခရီး အခြေခိုင်ရေး ရှေ့ဆက်နိုင်ဖို့ ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုပ်ငန်းစဉ် များအပေါ်မှာ တသားတည်း ရှိကြောင်း ပြသတဲ့ ထောက်ခံပွဲတခုကို စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့မှာ ပြုလုပ် စုဝေးခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ လူထုအင်အားပြတဲ့ နိုင်ငံရေး အားပြိုင်မှုတွေ အစဉ်အလာနဲ့ ရှိခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲရဲ့ နောက်ကွယ်မှာ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနဲ့ အစိုးရ ရှိနေသလား ဆိုတာ ဧရာဝတီက လိုက်လံ စုံစမ်းခဲ့ပေမယ့် သက်သေပြနိုင်တဲ့ အချက်အလက်မျိုးတော့ မရရှိခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွေကို ရှေ့ဆက်ပြီး မန္တလေးမြို့အပါအဝင် မြန်မာနိုင်ငံရဲ့ မြို့ကြီး တချို့မှာလည်း ဆက်တိုက် လှုပ်ရှားဆောင်ရွက်ဖို့ ရှိနေတယ် လို့လည်း ကြားသိနေရပါတယ်။ အဲဒီအပြင် လွှတ်တော် ကိုယ်စားလှယ်တွေ အပြင် ပြည်သူတွေ ကပါ “We Stand with Aung San Su Kyi” ဆိုတဲ့ အမည်ကို လူမှုကွန်ရက်တွေမှာ ဖော်ပြလာကြ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် တဦး ဖြစ်တဲ့ မုံရွာအောင်ရှင်က “ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် ကို ဝန်းရံရမယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သူက လွဲရင် ဘယ်သူမှ မဦးဆောင်နိုင်ဘူး။ ဒေါ်အောင်ဆန်း စုကြည် ကို ယိမ်းယိုင်သွားအောင် ကျနော်တို့ လုပ်လို့ မရဘူး။ သူ့ကို ထောက်ကူပေးရမယ်။ ဒီမိုကရေစီ နောက်ပြန်လှိုင်း မဖြစ်အောင်တော့ ကျနော်တို့ ကာကွယ်ရမယ်” လို့ ပြောပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကျရှုံးသွားခဲ့ရင် သူ့ကို ကျရှုံးအောင် လုပ်တဲ့ သူတွေက တိုင်းပြည်ရဲ့ အနာဂတ် အတွက် တာဝန် ယူမလား ဆိုတာကို သူမကို ထောက်ခံသူတွေက မေးခွန်းထုတ်ပြီး နောင်နှစ် ၅၀၊ ၆၀ လောက် အထိ တိုင်းပြည်ဟာ နလန်ထူနိုင်လိမ့်မယ် မထင်တော့ဘူးလို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် က ပြောပါတယ်။ ရခိုင်မှာ ပေါ်ပေါက်နေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ မီဒီယာတွေက တဆင့် ကမ္ဘာပေါ်မှာ ပြန့်နေတဲ့ သတင်းတွေရဲ့ အနေအထားက ပြောင်းပြန် ပုံစံနဲ့ Humanitarian Crisis လို မြင်နေချိန်မှာ ပြည်တွင်းမှာတော့ အစွန်းရောက် အကြမ်းဖက်မှု (Extremist Terrorisms) တွေကို ရင်ဆိုင်နေရတယ် လို့ NLD ပါတီ ဗဟိုကော်မတီဝင်လည်း ဖြစ်တဲ့ ဦးအောင်ကြည်ညွှန့် က သုံးသပ်ပါတယ်။ “အဲလို အနေအထားမျိုးမှာ အင်မတန်မှ သိမ်သိမ်မွေ့မွေ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်နေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုပင် နိုင်ငံတကာ ဖိအားတွေက အများကြီး ပေးလာတယ်။ ဒီလို အခြေအနေမျိုးမှာ ပြည်သူလူထုက လူမျိုးမရွေး၊ ဘာသာမရွေး အားလုံး တသားတည်း ထောက်ခံတယ် ဆိုတဲ့ အနေအထားမျိုးမှာ ရပ်ခံပေးဖို့ လိုအပ်တယ်” လို့ သူက ဆိုပါတယ်။ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တချို့၊ ပန်းရဲ့ လမ်း ဂီတအဖွဲ့၊ စာရေးဆရာ၊ ကဗျာဆရာတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ နိုင်ငံရေး စိတ်ပါဝင်စားသူ ပြည်သူတွေ တက်ရောက် ပါဝင်ခဲ့တာကို တွေ့ရပြီး နောက်တရက်ထုတ် အစိုးရ သတင်းစာတွေမှာလည်း တခမ်းတနား ဖော်ပြပေးခဲ့ပါတယ်။ ဒီလို ဖော်ပြတာကို ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမျိုးမြင့်မောင် က နိုင်ငံတော်ရဲ့ လုပ်ဆောင်ချက်နဲ့ ပြည်သူတွေရဲ့ ဆန္ဒ တထပ်တည်း ဖြစ်တယ် ဆိုတာကို ပိုပြီးတော့ ထင်ရှားစေချင်လို့ ဖြစ်တယ် ဆိုပြီး ကာကွယ် ပြောဆိုခဲ့ ပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေ၊ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ ဖြစ်ပေါ် ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံတော်ရဲ့ အကြီးအကဲတွေရဲ့ ဆောင်ရွက်မှုတွေ အပေါ် ပြည်သူတွေက ကျေနပ် ထောက်ခံသည့် လုပ်ဆောင်မှုများ၊ အစိုးရနဲ့ ပြည်သူ တသားတည်း ရှိနေသည် ဆိုသည်ကို ပြသလိုတာ ဖြစ်တယ် လို့ ဦးမျိုးမြင့်မောင်က ရှင်းပြပါတယ်။ “ကျနော်တို့ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ မူဝါဒကိုက အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ဖော်ပြမယ်။ အလားတူပဲ ပြည်သူတွေရဲ့ ဆန္ဒတွေကိုလည်း အစိုးရသိအောင် လုပ်မယ် ဆိုတဲ့ မူဝါဒ ရှိပါတယ်။ တဖက်က မူဝါဒ အရ ဆောင်ရွက်တယ် လို့ ပြောမယ် ဆိုရင် မှန်ပါတယ်” လို့ သူက ဆိုပါတယ်။ ဒါပေမယ့် အစိုးရ လုပ်ငန်းစဉ်တွေကို ပံ့ပိုးကူညီနေတဲ့ ကိုဖီအာနန် ကော်မရှင် ကို ရှုတ်ချပွဲတွေ၊ အကြမ်းဖက် ဘင်္ဂါလီ ရှုတ်ချပွဲတွေကို အစိုးရသတင်းစာတွေမှာ မတွေ့ရပါဘူး။ ဒီလိုပွဲတွေမှာ ပူးပေါင်း ပါဝင်လေ့ရှိတဲ့ စာရေးဆရာ မောင်သွေးချွန် ကတော့ ဒေါ်အောင် ဆန်းစုကြည် ကို ထောက်ခံနေသူတွေဟာ သူ့အသိုင်းအဝိုင်းက လူတွေသာ ဖြစ်ပြီး ပြည်သူတွေ အားလုံး မပါဘူး လို့ ဧရာဝတီကို ပြောပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံတဲ့သူတွေ ရှိသလို အကြမ်းဖက် ဘင်္ဂါလီတွေကိုလည်း တပြိုင်တည်း ရှုတ်ချ နေတာတွေ ရှိတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့မိန့်ခွန်းကို ထောက်ခံနေကြတာ သူ့အသိုင်းအဝိုင်းက ထောက်ခံနေတာ။ တပြည်လုံး အတိုင်းအတာ မဆောင်ဘူး” လို့ မောင်သွေးချွန်က ဆိုပါတယ်။ ဘင်္ဂါလီ အကြမ်းဖက်နဲ့ ဆက်စပ်နေတဲ့ ကိုဖီအာနန် အကြံပေး ကော်မရှင်ကိုလည်း ရှုတ်ချကြောင်း၊ အထူးသဖြင့် စစ်တွေမှာ ရှိတဲ့ သူတွေက ကိုဖီအာနန်ရဲ့ အကြံပြုချက်တွေကို လုံးဝ လက်မခံကြောင်း၊ ဒီပြဿနာတွေ ဖြစ်လာရတာ အစိုးရမှာ တာဝန်ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကိုလည်း ၉၀ ရာခိုင်နှုန်းလောက်က လက်ခံနိုင်စရာ အခြေအနေမှာ မရှိဘူး လို့ ဆိုပါတယ်။ “အနာတခြား၊ ဆေးတခြား ဖြစ်နေတယ်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဆိုရင် ကုလသမဂ္ဂကို ရဲရဲရင့်ရင့် သွားပြီးတော့ သူ့တိုင်းပြည် အတွက် အလုပ် လုပ်နေချိန်မှာ သူက ဗမာပြည်မှာ မိန့်မိန့်ကြီး ထိုင်ပြီးတော့ သံတမာန်တွေကို ခေါ်ပြီး ဟိုပြောဒီပြော လျှောက်ပြောတာကြီးက အမှန်က ကုလသမဂ္ဂမှာ မုန့်ဝေတုန်းက သွားစားပြီး တုတ်ဝေတော့ သူက မသွားဘူး။ ဒီမိုကရေစီ သဘောတရား အရ ပြောရရင် သူပြောပြောနေတဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု သူ့မှာ မရှိဘူး” လို့ မောင်သွေးချွန်က ဝေဖန်ပါတယ်။ ရန်ကုန်မြို့က သတင်းစာဆရာ ဦးသီဟသွေးကတော့ မြန်မာပြည်က ရခိုင်အရေး အပါအဝင် ပြဿနာ တချို့ဟာ ဒေါ်အောင်ဆန်းစုကြည် ကြောင့် ပိုကြီးလာတာမျိုး ရှိသလို ဒေါ်အောင်ဆန်းစုကြည် ကို ဗဟိုပြုပြီး လှုပ်ရှားတဲ့ နိုင်ငံရေး အကွက်တွေလည်း တွေ့နေရတယ် လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တက်လာရင်တော့ တိုင်းပြည်မှာ အမျိုးသားရေး လက္ခဏာတွေ ပျောက်သွားမှာ၊ တိုင်းပြည် တချို့နေရာတွေ ဆုံးရှုံးသွားနိုင်တာ၊ နိုင်ငံတကာနဲ့ အရမ်းရင်းနှီးတဲ့ အတွက် သူ့ရဲ့ ပျော့ပြောင်းတဲ့ မူတွေကြောင့် အမျိုးသားရေး ကိစ္စတွေ ယုတ်လျော့သွားမှာကို အမျိုးသားရေး အင်အားစုတွေနဲ့ ယခင် အာဏာရပါတီ အဟောင်းတို့က စိတ်ပူနေတာ လို့ သုံးသပ်ရပါတယ်။ “တပ်မတော် ကိုယ်တိုင်လည်း ဒါကို စိတ်ပူပုံရတယ်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာလို့ ဆိုပြီး စိတ်ပူတဲ့ သူတွေ ရှိသလို ဒေါ်အောင်ဆန်းစုကြည် အာဏာရလာမှ ဒီလို ပြဿနာ ဖြစ်ရတာ ဆိုတဲ့ နိုင်ငံတကာ အမြင်တွေလည်း ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လို့ မိုလို့ ပြဿနာ ပိုကြီးသွားတာ ရှိတယ်” လို့ ဦးသီဟသွေးက ပြောပါတယ်။ သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းကလည်း ရခိုင်အပါအဝင် နိုင်ငံအနှံ့အပြားမှာ အကြမ်းဖက်မှုတွေ၊ ရွာတွေ မီးရှို့ခံရတာ တွေနဲ့ လူတွေ သေကြေမှုတွေ ရှိခဲ့ပေမယ့် နိုင်ငံတကာဖိအားက ဘာကြောင့် အခုမှ ပိုပြင်းထန်နေရလဲ လို့ အကဲခတ်တွေက မေးခွန်းထုတ်ပါတယ်။ “နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဆိုပြီး ဖြစ်နေတယ်။ နောက်တခါကျတော့ ဘင်္ဂါလီတွေဘက်က ကြည့်မယ် ဆိုရင်လည်း ဒီလို ပျော့ပြောင်းတဲ့ ခေါင်းဆောင်မျိုး တက်လာတဲ့ အချိန်မှာမှ မဖြစ်နိုင်ရင် မဖြစ်နိုင်တော့ဘူး ဆိုပြီး တွေးကြတယ်။ ဒီပေါ်မှာ အားလုံးက တွန်းကြတာပေါ့။ အဲဒါက ပြဿနာတခုပဲ။ အဲလို အားလုံး တွန်းရင်တော့ အားလုံး ကွဲဖို့ ရှိတယ်” လို့ သတင်းစာဆရာ ဦးသီဟသွေး က ဆိုပါတယ်။ ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲ အများဆုံး ရထားတဲ့ ပါတီတခုရဲ့ ခေါင်းဆောင်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဖြတ်သန်းမှုတွေ၊ ရည်တည်မှုတွေ အရ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပေါ်မှာ တန်ဖိုးထားမှုက ဘယ်တော့မှ သွေဖည် မသွားဘူး ဆိုတာ ယုံကြည်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဟာ လက်ရှိ နိုင်ငံရေး အခြေအနေမှာ ရွေးကောက် တင်မြောက် ခံထားရတဲ့ အစိုးရ ဖြစ်ပေမယ့် ၂၀၀၈ အခြေခံ ဥပဒေအရ အာဏာ ကျင့်သုံးရတဲ့အခါ တရားဥပဒေ စိုးမိုးရေးနဲ့ အဓိက ကျတဲ့ ဝန်ကြီးဌာနတွေ အပေါ်မှာ အာဏာသက်ရောက်မှုက ထိုက်သင့်သလောက် အားကောင်းမှု မရှိသေးဘူး ဆိုတာလည်း နားလည်ဖို့ လိုတယ် လို့ ၎င်းက ဆိုပါတယ်။ “ဥပမာ အသိုင်းအဝိုင်း ၂ ခု ကြားထဲမှာ ပဋိပက္ခတွေကို ညှိချင်တယ် ဆိုရင်တောင်မှာ တရားဥပဒေ စိုးမိုးရေးကို ကာကွယ် စောင့်ရှောက်တဲ့ ယန္တရားတွေ ဖြစ်တဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့လို၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့လို တရားရေးစနစ်တို့က ခိုင်မာ အားကောင်း နေမယ် ဆိုရင် ကျမတို့က ပြဿနာတွေကို ဒီထက်ပိုပြီးတော့၊ ဒီလောက်အထိ မဖြစ်လာဘဲနဲ့ ပြေပြေ လည်လည် ဖြေရှင်းနိုင်မှာပေါ့” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။ ၎င်းက ဆက်ပြီး “ဒီကြားထဲမှာ ပါတီပေါင်းစုံ၊ နိုင်ငံရေး အကျိုးစီးပွား ပေါင်းစုံနဲ့ အမျိုးသားရေး အစွန်းရောက် ဝါဒီတွေ ကလည်း ကျမတို့ တိုင်းပြည်မှာ ပေါ်ထွန်းနေဆဲပဲ ဖြစ်တယ်။ အားနည်းချည့်နဲ့မှုတွေနဲ့ တနှစ်ခွဲသာသာပဲ ရှိနေတဲ့ အစိုးရ တရပ်ကို မျှော်လင့်ချက်တွေနဲ့ ဖြစ်ချင်တာတွေ မဖြစ်ဘူး ဆိုပြီးတော့ ဖိအားတွေ ပေးတာနဲ့ စာရင် သူ့ကို အားပေးရမယ်။ ကောင်းတာတွေ လုပ်နေတဲ့ အပေါ် အင်အားဖြည့်ရမယ်” လို့ ဆိုပါတယ်။ ရန်ကုန်မြို့က အမျိုးသား လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် မဟာဗျူဟာ လေ့လာရေးဌာနရဲ့ ဒါရိုက်တာ ဦးသိန်းထွန်းဦး ကတော့ ရခိုင်ကိစ္စကို ဖြေရှင်းနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံကို ထောက်ခံတယ် ဆိုတဲ့ ကိစ္စဟာ ကိုယ့်နိုင်ငံကို တာဝန် ယူပြီးတော့ ဦးဆောင်တဲ့ သူကို ထောက်ခံတယ် ဆိုတာ ကောင်းတဲ့ လက္ခဏာတခု ဖြစ်ပေမယ့် အနောက်ဘက် ရခိုင် ပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ အချက်အပေါ်မှာပဲ လေ့လာသုံးသပ်ဖို့ လိုတယ် လို့ ဆိုပါတယ်။ “အခု ကိုဖီအာနန် ကော်မရှင်က ပြောထားတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေ ပြုပြင်ပြောင်းလဲမယ် ဆိုတဲ့ ကိစ္စမှာ ဥပဒေအမြင် အရကို သဘောတူစရာ အကြောင်း မရှိဘူး။ ပြုပြင်သည် ဆိုသည့် တိုင်အောင် ပြည်သူလူထုရဲ့ သဘောဆန္ဒ မပါဘဲနဲ့ မလုပ်သင့်ဘူး။ ဒါကို ပြု ပြင်မယ် ဆိုရင် သေချာလေ့လာပြီးမှ ကောင်းကျိုး ဆိုးကျိုးတွေကို သုံးသပ်ပြီးမှ လုပ်သင့်တယ် လို့ ကျနော်တို့က အမြင် ရှိပါတယ်” လို့ သူက ပြောပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဟာ ခိုးဝင်ဘင်္ဂါလီမှ မဟုတ်ဘဲ မြန်မာနိုင်ငံကို ဝင်လာတဲ့ ဘယ်နိုင်ငံခြားသား အတွက်ကို မဆို ကန့်သတ် ထားတာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ၁၉၉၃ သဘောတူစာချုပ်နဲ့ ပြန်လက်ခံမယ် ဆိုတာ ကိုတော့ ထောက်ခံကြောင်း ဦးသိန်းထွန်းဦး က ဆိုပါတယ်။ “နယ်စပ်ပြဿနာ ရခိုင်ပြဿနာ ဖြစ်ပြီးတဲ့ အချိန်မှာ တဖက်ဘက်ကို ဘင်္ဂါလီတွေ ပြေးသွားတယ် ဆိုပြီးတော့ ဒီဘက်က အော်တယ်။ ပြေးသွားတဲ့ ဦးရေက အံသြလောက်စရာ ကောင်းအောင် ရက်ပိုင်းအတွင်းမှာပဲ ၄ သိန်းကျော် ဖြစ်နေတယ်။ အဲဒီ လူတွေက ဘယ်သူ တွေလဲ၊ တကယ်ရော ကိုယ်တို့ဘက်က ဟုတ်ရဲ့လား ဆိုတဲ့ အငြင်းပွားနေတာတွေကို အစိုးရဘက်က သေချာစိစစ်ဖို့ လိုတယ်” လို့လည်း ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြအေးကတော့ ပြဿနာတွေကို ချဉ်းကပ် စဉ်းစားတဲ့အခါမှာ ဘာသာ လူမျိုးတွေ ဘယ်လိုပဲ ကွဲပါစေ၊ အားလုံးဟာ မြန်မာနိုင်ငံသား ဆိုတဲ့ ရပ်တည်မှုအပေါ်မှာ အားလုံး စုစည်းညီညွှတ်ဖို့ လိုတယ် လို့ ရန်ကုန်မြို့မှာ ပြောဆိုခဲ့ပါတယ်။ “အခု ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နေ့ချင်းညချင်း ဖြေရှင်းလို့ မရဘူး။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာပဲ ပြည်ပ နိုင်ငံ တချို့က အကုန်လုံး ဝိုင်းဝန်းတိုက်ခိုက်ပြီး အပြစ်တင်နေတာတွေက ဝေဖန်တာထက် ကျော်သွားတဲ့ အတွက် လူတိုင်း ငြိမ်နေ လို့ မရဘူး” လို့ သူက ဆိုပါတယ်။ နိုင်ငံတကာက လူတွေနဲ့ ပြည်တွင်းက မျိုးချစ်တွေ တခု သိထားသင့်တာက ဒေါ်အောင်ဆန်းစုကြည် ဟာ အားလုံး အတွက် အကျိုးစီးပွား မရှိဘူး ဆိုရင် ဘယ်သူနဲ့မှ Deal (စေ့စပ်ညှိနှိုင်းမှု) မလုပ်ဘူး ဆိုတဲ့မူ ရှိကြောင်း၊ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို အဓိက ထောက်ခံခဲ့တဲ့ အနောက်နိုင်ငံများ၊ ကုလနှင့် အဆင်မ ပြေတော့ဘဲ တရုတ်နှင့် အဆင်ပြေနေတာကို ကြည့်ရင် ပိုသိနိုင်ကြောင်း ဦးသီဟသွေးက သုံးသပ်ပါတယ်။ “သူ (ဒေါ်အောင်ဆန်းစုကြည်) က လက်တွေ့ အကျိုးစီးပွားကိုပဲ ကြည့်တယ်။ အဲဒါကြောင့် ရည်ရွယ်ချက်တွေ အကျိုးစီးပွားတွေနဲ့ တွန်းရင် အကုန်လုံး ပျက်စီးသွားလိမ့်မယ်” လို့ သူက သတိပေးပါတယ်။ စာရေးဆရာ မောင်သွေးချွန်ကတော့ ရခိုင်ကိစ္စ အစိုးရ ဖြေရှင်းတဲ့ ပုံစံကို ကြည့်မရပေးမယ့် နိုင်ငံတကာ ဖိအားပေးမှုတွေ အရမ်းများ လာရင်တော့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း၊ ပြီးမှ အစိုးရနဲ့ ပြန်ဖြေရှင်းမည် ဖြစ်ကြောင်း ဧရာဝတီကို ပြောပါတယ်။ “R to P (Responsible to Protect) တို့ ဘာတို့ ဆုံးဖြတ်ပြီး မောင်တောဒေသကို ဝင်လာမယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် ကို အပြတ်အသတ် ထောက်ခံပြီးတော့ တတိုင်းပြည်လုံး စည်းရုံးပြီးတော့ အမျိုးသား စည်းလုံးညီညွှတ်ရေးကို လုပ်ရမယ်။ ဝင်လာမယ့် နိုင်ငံခြား စစ်တပ်တွေ မှန်သမျှကို ဆန့်ကျင်သွားရမယ်” လို့ သူက ပြောပါတယ်။ ဒါပေမယ့် စက်တင်ဘာလ ၂၆ ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားရေး အင်အားစုတွေရဲ့ အင်အားစုရုံးပွဲမှာ ဘင်္ဂါလီ နာမည် မခေါ်ရတာ၊ ကိုဖီအာနန် နာမည် မသုံးရတာ၊ ရိုဟင်ဂျာ နာမည် မသုံးရ ဆိုတာတွေက ဒီမိုကရေစီရဲ့ လက္ခဏာလည်း မဟုတ်ကြောင်း၊ အစိုးရတရပ် အနေနဲ့ အင်မတန် ညံ့ဖျင်းတယ် ဆိုတာ ပြသသွားပြီး ပြည်သူလူထုက ဘယ်တော့မှ အားကိုးမှာ မဟုတ်တော့ဘူးလို့ မောင်သွေးချွန်ကပဲ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အာဏာရှင်သက်တမ်းက ရှည်ခဲ့တာကြောင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ အားနည်းတဲ့ အခါ လူတွေရဲ့ တွေးပုံခေါ်ပုံ အစွန်းရောက်မှုတွေက ပြဿနာတွေကို ပိုမိုကြီးထွားစေပြီး ဗဟုသုတ အားနည်းတဲ့ အပေါ်မှာ လည်း လက်ရှိ ပြဿနာတွေနဲ့ အများကြီး သက်ဆိုင်နေတယ် လို့ ရန်ကင်းအမတ် ဒေါ်ဇင်မာအောင် က သုံးသပ်ပါတယ်။ “အခုအစိုးရမှာက အရင် သက်တမ်းနဲ့ စာရင် စိန်ခေါ်မှုတွေက များလွန်းတယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ နိုင်ငံရေး ပြဿနာတွေ ကနေပြီးတော့ မမျှော်မှန်းထားတဲ့ ဆိုးကျိုးမျိုးတွေကိုလည်း တွေ့ရတယ်။ ဒေသတွင်း နိုင်ငံရေး အခြေအနေ မှာလည်း မတူတဲ့ အကျိုး စီးပွားတွေနဲ့ ဘေးပတ်ချာလည်းမှာ ဝိုင်းနေတယ်” လို့ သူက ဆိုပါတယ်။ အခု အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ၊ နိုင်ငံရေး အင်အားတို့နဲ့ ထိန်းထား၍သာ နိုင်ငံတကာ ဖိအားကို ကျားကန် ထားရကြောင်း၊ တဖက်မှာလည်း နိုင်ငံတကာ စံချိန်၊ စံညွှန်း၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများနဲ့ ဖြစ်စေဖို့ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများကို ထိန်းကျောင်း နေရကြောင်း ၎င်းက သုံးသပ်သည်။ “အကယ်၍ သူများ မရှိရင် အဘက်ဘက်က ထိန်းကျောင်းနိုင်တဲ့ ဒေါက်တိုင်တခုဟာ ပြိုကျသွားတဲ့ သဘော ဖြစ်သွားလိမ့် မယ်။ အဲဒီအခါကျရင် ကျမတို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အရေးဟာ ဟိုမရောက် ဒီမရောက် အဆိုးအကျော့ သံသရာထဲမှာ တဝဲလည်လည်နဲ့ ဖြစ်လာနိုင်တဲ့ အနေအထား ရှိပါတယ်။ အဲလောက်အထိ စိတ်ပူစရာ ကောင်းပါတယ်” လို့ ဒေါ်ဇင်မာအောင် က ပြောပါတယ်။ ရခိုင်ပြည်နယ် အရေးအပါအဝင် တိုင်းပြည်ရေးရာ ကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ လက်နက်ကိုင် အင်အားစုကြီး တခုဖြစ်တဲ့ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရင် အောင်မြင်နိုင်မှာ ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ယနေ့အချိန်အထိ အမျိုးသား ရင်ကြားစေ့ရေးမူကို လက်ကိုင်ထားပြီး ဆောင်ရွက်နေတဲ့ အခင်းအကျင်းမှာပဲ ရှိနေပါသေး တယ်။ အမျိုးသား လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် မဟာဗျူဟာ လေ့လာရေးဌာနရဲ့ ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ တပ်မတော်ဟာ သူတို့ ရရှိတဲ့ အရပ်သား အစိုးရက ခွင့်ပြုထားတဲ့ အတိုင်းအတာ တခုအထိကတော့ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက် နေကြောင်း ပြောပါတယ်။ “ဒီဒေသက စစ်အုပ်ချုပ်ရေး မဟုတ်ဘူး။ စစ်ဆင်ရေး နယ်မြေသာ ဖြစ်တဲ့ အတွက်ကြောင့် ဒီနယ်မြေနဲ့ သင့်လျော်တဲ့ လှုပ်ရှားမှု အားလုံးကို သူတို့ အနေနဲ့ လုပ်ထားတာ ရှိပါတယ်။ ပိုပြီးတော့ ကျော်လွန်ပြီး ဆောင်ရွက်ထားမျိုး မတွေ့ရပါဘူး။ ကျနော် မြင်တာကတော့ တပ်မတော်သည် အရပ်သားအစိုးရရဲ့ ခွင့်ပြုပေးမှု အောက်ထဲမှာ လိုက်လျောညီထွေစွာ ဆောင်ရွက်ပေးနေတယ်” လို့ ၎င်းက ပြောပါတယ်။ ဒါပေမယ့် တိုင်းပြည်မှာ ရခိုင်အရေး အပါအဝင် အရေးကြီးတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် မှာ အကြံပေး အဖွဲ့လိုမျိုး မရှိဘဲ ပြဿနာတရပ်ကို အချက်အလက် အားကိုးနဲ့ အဖြစ်မှန် အပေါ်မှာ စိစစ်သုံးသပ်ပြီး သူ့ရဲ့ အမြော်အမြင်၊ ဉာဏ်ပညာနဲ့ အတွေ့အကြုံတွေကိုသာ အဓိက အားကိုးနေတာလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “ဘာပဲပြောပြော ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည် မှတပါး အခြား မရှိဘူး။ ကျနော်တို့က တိုင်းပြည်ကို တကယ်တမ်း ကယ်တင်မယ့်သူ မရှိဘူးဗျ။ သူ့မှာ နိုင်ငံရေးအရ သြဇာရှိတယ်။ သူ့ရဲ့ အမြော်အမြင်၊ ဉာဏ်ပညာ၊ အတွေ့အကြုံနဲ့ပဲ သုံးသပ်ပြီး သူ့ကိုယ်သူပဲ အားကိုးနေတယ်” လို့ စာရေးဆရာ မုံရွာအောင်ရှင်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသူတွေက တဖက်၊ ကိုဖီအာနန် အကြံပြုချက်ကို အကောင်အထည်ဖော်လို့ ဘင်္ဂါလီ ဆန့်ကျင်ရေး ဆိုတဲ့ အမျိုးသားရေး အင်အားစုတွေက တဖက်၊ ထောက်ခံပွဲ၊ ဆန္ဒပြပွဲ၊ ရှုတ်ချပွဲတွေ တွေ့လာရပြီး နိုင်ငံရေး အားပြိုင်မှုတွေ ဖြစ်နေတာကတော့ သိသာထင်ရှားနေပါတယ်။ The post ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသင့်သလား appeared first on ဧရာဝတီ.
Source : http://ift.tt/2y9Rat3
via IFTTT

Wednesday, September 27, 2017


“ချစ်သူနာမည် တက်တူး ထပ်ထိုးဖို့ရှိတယ်” ဆိုတဲ့ အဆိုတော် အောင်လ ချစ်သူဖြစ်သူ ဝိုင်းစုခိုင်သိန်းရဲ့အမည်ကို ရင်ဘတ်မှာတက်တူးထိုးထားပြီး တက်တူးထိုးရတာ သဘောကျနှစ်ခြိုက်တဲ့ အဆိုတော် အောင်လက ဝိုင်းစုနဲ့ ပတ်သက်လို့ တက်တူး ထပ်ထိုးဖို့ အစီအစဉ် ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။ “သူကတော့ သိပ်မထိုးလောက်တော့ဘူး။ ကျနော်ကတော့ ထိုးမယ်၊ တကိုယ်လုံး ထပ်ထိုးဦးမယ်။ သူ့နာမည်လေး ထပ်ထိုးဖို့ ရှိသေးတယ်” လို့ သူက ဆိုပါတယ်။ လတ်တလော အောင်လအနေနဲ့ idiots အဖွဲ့နဲ့အတူ ပူးပေါင်းထွက်မယ့် “The REASON to be IDIOTS” အမည်ရတဲ့ EP Album သီချင်းခွေကို အောက်တိုဘာလထဲ ထွက်ဖို့ ရည်မှန်းထားတယ်လို့ အောင်လ က ဧရာဝတီကို ပြောပါတယ်။ “ကျနော် အခု idiots အဖွဲ့နဲ့ပေါင်းပြီး “The REASON to be IDIOTS” ဆိုတဲ့ EP Album အခွေလေး လုပ်နေတယ်။ ပြီးတော့ ကျနော်တို့ အခွေ နောက်လလောက် ထွက်ဖို့လုပ်နေပြီ။ တကိုယ်တော် အခွေက ကျနော် လုပ်တာ ၂ နှစ်လောက်ရှိပြီ။ ပြီးနေပြီ ထွက်ဖို့ စောင့်နေတာ။ ဘာလို့လဲဆိုတော့ EP Album က လတ်စသတ်နေတာ အဲ့ဒါလေး ပြီးရင်တော့ ထွက်ပါပြီ” လို့ အောင်လက ဧရာဝတီကို ပြောပါတယ်။ ဆက်လက်ပြီး သူက “တကိုယ်တော်အခွေမှာ ဘယ်လိုသီချင်းတွေ ပါမလဲဆိုတော့ ဒီတခေါက်က သီချင်းပုံစံ အမျိုးအစားတွေ စုံတယ်။ စုံတယ်ဆိုတာ တခြားတေးရေးတွေ ပါတယ်။ ကျနော် တယောက်တည်း ရေးတာမဟုတ်ဘူး။ ကျနော် တယောက်တည်း ရေးတာ ၅ ပုဒ်ပဲ ပါမယ်။ တခြား တေးရေးက ရေမွန်တို့ ရေးပေးတာဆိုတော့ သူတို့ စတိုင်လေးတွေ နည်းနည်းပါတာပေါ့။ Jazz နဲ့ Rock နည်းနည်းများမယ်။ ဝိုင်းစုနဲ့ တွဲဆိုတာတော့ မပါဘူး။ ဒါပေမယ့် သူက ဟာမိုနီနည်းနည်း ဆို ပေးထားတယ်” လို့ အောင်လက ဆိုပါတယ်။ လာမယ့် ပွင့်လင်းရာသီမှာ ရှိုးပွဲတွေ ဆိုဖြစ်မလားဆိုတော့ “ရှိုးပွဲတွေ ဆိုဖို့တော့ ရှိတယ်။ ကျနော်တို့ နယ်တွေတော့ သွားနေရတယ်။ ရန်ကုန်မှာတော့ ပြီးခဲ့တဲ့ တခေါက်ကတော့ ကျနော်တို့ အခုလာမယ့် ၇ ရက်နေ့မှာ ပွဲရှိတယ်။ ပွဲက အခုတော့ သူတို့ ရက်ရွှေ့သွားပြီ။ ဘယ်လိုဖြစ်လို့လဲတော့ မသိဘူး။ ဒီဇင်ဘာမှာ ကျနော်နဲ့ idiots ရယ် Two Band Show ရှိတယ်။ မျှော်စင်ကျွန်းမှာ လုပ်မယ်။ ပြီးသွားရင် နောက်နှစ်ထဲမှာ ကျနော် One Band Show လေး လုပ်ဖို့ ရှိပါတယ်” လို့ အောင်လက ပြောပါတယ်။ အဆိုတော်အောင်လက ဝိုင်းစုခိုင်သိန်းနဲ့အတူ ခရီးတွေ အမြဲအတူသွားဖြစ်ပြီး ခရီးသွားတာကို နှစ်သက်ကြောင်း၊ လာမယ့် အောက်တိုဘာလ အတွင်းမှာလည်း ငပလီကို အလည်သွားဖို့ ရှိကြောင်း သူက ဆိုပါတယ်။ ချစ်သူ ဝိုင်းစုခိုင်သိန်းအတွက် သီချင်းတွေ ရေးပေးဖြစ်လားဆိုတဲ့ အမေးနဲ့ပတ်သက်ပြီး “သီချင်းတွေ ရေးပေးဖြစ်ပါတယ်။ အခုတော့ သူ့အတွက် အင်္ဂလိပ်သီချင်းလေးတွေ ၃ ပုဒ်လောက် ကျနော် လုပ်မယ်။ အဲဒီအတွက် ကျနော်သီချင်းလေးတွေ ရေးပေးဖြစ်နေပါတယ်။ သီချင်းပုံစံကတော့ အခု ဒီဘက်ခေတ်မှာဆိုတဲ့ ပုံစံမျိုးပဲ။ Music Style လေး နည်းနည်း Change လာတယ်။ Music Trend က နည်းနည်း Change လာတဲ့ အပေါ်မှာ လိုက်ပြီး ရေးပေးရတာပေါ့” လို့ အောင်လက ဆိုပါတယ်။ ဇူလိုင်လအတွင်းက ထွက်ရှိထားတဲ့ အဆိုတော် ဝိုင်းစုခိုင်းသိန်းရဲ့ “မယ်သီတာ” တကိုယ်တော် တေးစီးရီးခွေမှာလည်း အောင်လက သီချင်း ၂ ပုဒ်ရေးသားပေးထားပြီး “မင်းအနားရှိချင်” ဆိုတဲ့ စုံတွဲသီချင်းတပုဒ်ကို သီဆိုပေးထားပါတယ်။ ဝိုင်းစုခိုင်သိန်းရဲ့ “မယ်သီတာ” သီချင်းနဲ့ ပတ်သက်ပြီး Facebook မှာ ဝေဖန် တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့ အပေါ် အောင်လက “ကျနော်က Facebook သိပ်မသုံးဘူး။ သူက ပိုသုံးတယ်။ သူ့ကိုတော့ ကျနော် သိပ်မသုံးဖို့ ပြောတယ်။ Facebook က Personal Attack ကိုတော့ လူတိုင်းက လွတ်လပ်စွာ ပြောခွင့် ရတယ်ဆိုတော့ အဓိက စိတ်ထဲ ထည့်ထားတဲ့သူက ပိုခံစားရတာပေါ့။ အဓိကကတော့ ကျနော် သူ့ကို ခေါင်းထဲ မထည့်ဖို့ အမြဲ အားပေးပါတယ်” လို့ ပြောပါတယ်။ ဆက်လက်ပြီး သူက ချစ်သူတယောက်အနေနဲ့ ဝိုင်းစုကို တိုက်ခိုက်တဲ့အခါ ဘယ်လို ခံစားရလဲဆိုတော့ “သူ့အတွက်တော့ များသောအားဖြင့်က Facebook ကပဲ များတာဆိုတော့ အဲဒီအပေါ် ခံစားချက်သိပ်မထားဖို့ ကျနော် အမြဲပြောတယ်” လို့ အောင်လက ဆိုပါတယ်။ အဆိုတော် အောင်လက “တောင်းပန်ပါတယ်” နဲ့ “အချိန်လွန်ငှက်” စတဲ့ တကိုယ်တော် တေးစီးရီး အခွေများ ထွက်ရှိထားပြီး မကြာခင်မှာ “အသုံးတော်ခံ” ဆိုတဲ့ တကိုယ်တော် တေးသီချင်း Album ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ။ ဆက်စပ်သတင်း – တတိယမြောက်စီးရီးမှာ ဘဝသီချင်းတွေများတယ်လို့ ဆိုတဲ့ အောင်လ The post “ချစ်သူနာမည် တက်တူး ထပ်ထိုးဖို့ရှိတယ်” ဆိုတဲ့ အဆိုတော် အောင်လ appeared first on ဧရာဝတီ.
Source : http://ift.tt/2yr6I7W
via IFTTT


သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေမူကြမ်း သတင်းသမားများ ဆွေးနွေး နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သော သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေပြဋ္ဌာန်း နိုင်ရန်နှင့် ဥပဒေတွင် လိုအပ်သည့် အချက်အလက်များ ထည့်သွင်းပြင်ဆင်နိုင်ရန်အတွက် သတင်းမီဒီယာ အဖွဲ့အစည်းများ အနေဖြင့် အကြံပြု ဆွေးနွေးပွဲ တရပ် ပြုလုပ်ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲကို မြန်မာ အမျိုးသမီး သတင်းသမားများ အဖွဲ့ (MWJS) က ဦးစီးပြီး စက်တင်ဘာလ ၂၆ ရက်နေ့ တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခြင်း ဖြစ်သည်။ သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေကြမ်းတွင် ပြင်ဆင်ရန် လိုအပ်သည့်အချက်များ ရှိနေသဖြင့် လွှတ်တော်သို့ မတင်ခင် အချိန်တွင် ဖြည့်စွက်ချက်များကို အကြံပြုနိုင်ရန်အတွက် ဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း MWJS မှ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သည့် မအလှလေး သူဇာ က ဧရာဝတီသို့ ပြောသည်။ “လက်ရှိက ပြန်ကြားရေး ဝန်ကြီးဌာနက အဲ့ဒီဥပဒေ မူကြမ်းကို ရေးဆွဲပြီးပြီ။ အဲဒီဥပဒေမှာ အချက်အလက်တွေ ပြင်စရာ အများကြီး ရှိလို့ MPC (သတင်းမီဒီယာ ကောင်စီ) နဲ့ Pyi Gyi Khin (PGK) အဖွဲ့က လွှတ်တော် မတင်ခင် ထပ်မံ ဖြည့်စွက်နိုင်အောင် လုပ်နေတာပါ။ မနေ့က ဆီဒိုးနားဟိုတယ်မှာ လုပ်တဲ့ပွဲက မီဒီယာတွေအားလုံး အတွက် များစွာ သက်ဆိုင်တဲ့ Right to Information ဥပဒေမူကြမ်းအပေါ် သဘောထား အကြံပြုချက်တွေ ပေးနိုင်အောင်လို့ တွေ့ဆုံပွဲ လုပ်တာပါ”ဟုလည်း ၎င်းက ပြောဆိုသည်။ Pyi Gyi Khin (PGK) ပြည်ကြီးခင် အဖွဲ့သည် ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အစိုးရမဟုတ်သည့် အဖွဲ့အစည်း တခုဖြစ်ကာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နိုင်ငံသားတိုင်း အထူးသဖြင့် အမျိုးသမီးနှင့် ကလေးငယ် များ၏ ရပိုင်ခွင့်နှင့် လိုအပ်သည့် ဝန်ဆောင်မှုများကို ရရှိစေရန် ဆောင်ရွက်သည့် အဖွဲ့အစည်း ဖြစ်သည်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ပြန်ကြားရေး တာဝန်ခံ ဦးမြင့်ကျော် ကလည်း သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေသည် ဒီမိုကရေစီ နိုင်ငံတခုအနေဖြင့် လိုအပ်ကြောင်း၊ ထိုဥပဒေတွင် အဓိက လိုအပ်သည့် အချက်အလက်များ ပါဝင်နိုင်ရန် အတွက် ဆွေးနွေးခဲ့ကြကြောင်း ပြောသည်။ ဦးမြင့်ကျော်က “Right to Information ဥပေဒမှာ အခြေခံပြီးတော့ ဘယ်ဟာတွေက အဓိက အရေးကြီးလဲ၊ Right to Information ဥပေဒမှာ ဘယ်အချက်က ပါဝင်သင့်လဲ၊ အဲဒါကို လုပ်နေတဲ့ ပြည်ကြီးခင် တို့ကရော နောက်တခြား အဖွဲ့ တွေနဲ့ ဆွေးနွေးကြတယ်။ ဒီဥပေဒကတော့ ဒီမိုကရေစီနိုင်ငံတွေမှာ ရှိသင့်တာပေါ့။ မြန်မာနိုင်ငံ အနေနဲ့လည်း ရှိသင့် တယ်” ဟုလည်း ပြောဆိုသည်။ သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေမူကြမ်း တရပ်ကို ပြန်ကြားရေး ဝန်ကြီးဌာနက သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကြံဉာဏ်များ ရယူကာ ယခင်အစိုးရ လက်ထက်မှစတင် ရေးဆွဲနေပြီး အခန်း ၁၃ ခန်း ပါဝင်ကြောင်း သိရသည်။ MWJS မှ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သည့် မအလှလေး သူဇာ က “ဒီဥပဒေက ပြည်သူတွေ အားလုံးအတွက် အရေးပါတဲ့ ဥပဒေတခုပါ။ ဘာလို့လဲ ဆိုတော့ သတင်းအချက်အလက် ရပိုင်ခွင့်ဆိုတာ ပြည်သူတွေအတွက် သိသင့်တဲ့ သတင်းအချက်အလတ် များစွာ ရှိပါတယ်။ အဲဒါတွေကို တရားဝင် တောင်းဆို ရယူ သိရှိပိုင်ခွင့် ရနိုင်ဖို့ ဥပဒေက များစွာ အထောက်အကူ ဖြစ်စေပါတယ်”ဟု ဆိုသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန် နှင့် နယ်မြို့များရှိ မီဒီယာ အဖွဲ့အစည်းပေါင်းစုံ မှ လူဦးရေ ၉၀ နီးပါး တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။ The post သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေမူကြမ်း သတင်းသမားများ ဆွေးနွေး appeared first on ဧရာဝတီ.
Source : http://ift.tt/2xB8Omc
via IFTTT


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြန်မာ့အရေး စတင်ကိုင်တွယ်နေ မြန်မာနိုင်ငံမှ ပဋိပက္ခနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စက်တင်ဘာလ ၂၆ ရက်နေ့တွင် တံခါးပိတ် အစည်းအဝေးတခု ပြုလုပ်ခဲ့သည်။ မွတ်ဆလင် ဒုက္ခသည် ၄၈၀၀၀၀ ထွက်ပြေးခဲ့သည့် ကိစ္စကို လုံခြုံရေးကောင်စီက တုန့်ပြန်ရေးအတွက် ရှေ့ဆက် ဆောင်ရွက်နိုင်ရန် ဖြစ်သည်။ ဆွေးနွေးမှုနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်မည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တံခါးဖွင့် အစည်းအဝေးတွင် သိရှိရဖွယ်ရာရှိပြီး အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပဋိပက္ခအကြောင်းကို ရှင်းလင်း ပြောကြားမည်ဖြစ်သည်။ တရုတ်နိုင်ငံ နှင့် အခြားသော လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများက ၎င်းတို့၏ မှတ်ချက်များကို ပြောကြားမည်လည်း ဖြစ်သည်။ ယမန်နေ့ ညက နေပြည်တော်တွင် ပြုလုပ်သော တရုတ်နိုင်ငံ ထူထောင်ခြင်း ၆၈ နှစ်မြောက် အခမ်းအနား”တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန်က မြန်မာဘက်မှနေ၍ အခိုင်အမာ ရပ်တည်ပေးမည် ဖြစ်ကြောင်း ပြောခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ထွက်ပြေးရသည့် ဒုက္ခသည်များ၏ ကံကြမ္မာအပေါ် နိုင်ငံတကာတွင် သတိပေးမှုများ တိုးလာနေပြီး တပ်မတော်၏ စစ်ဆင်ရေးတွင် သတ်ဖြတ်ခြင်း၊ မတရားပြုကျင့်ခြင်း နှင့် ကျေးရွာများကို မီးရှို့ခြင်းများရှိခဲ့သည်ဟု ကုလသမဂ္ဂက စွပ်စွဲနေသည်။ သြဂုတ်လ ၂၅ ရက်နေ့တွင် မွတ်ဆလင် စစ်သွေးကြွများက ရဲတပ်ဖွဲ့ စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တပ်မ တော်၏ စစ်ဆင်ရေးများ ပေါ်ပေါက်လာခဲ့သည်။ ဗြိတိန်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ ဒုတိယ သံအမတ် Jonathan Allen က လုံခြုံရေး ကောင်စီ အနေဖြင့် ပဋိပက္ခကို ရပ် တန့်ရန် လိုအပ်ကြောင်း မြန်မာ အာဏာပိုင်များထံ ရှင်းလင်းသေချာသော သတင်းစကားတခု ပေးပို့ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။ ရခိုင်ပြည်နယ် အတွင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ခွင့်ပြုရမည် ဖြစ်ကြောင်း နှင့် မြန်မာ နိုင်ငံအတွင်းတွင် နိုင်ငံမဲ့ ဖြစ်နေသည့် မွတ်ဆလင်များ၏ အခြေအနေကို ဖြေရှင်းရမည် ဖြစ်ကြောင်း သူက ပြောသည်။ ပြင်သစ် သံအမတ် Francois Delattre ကလည်း သူ့ အနေဖြင့် လုံခြုံရေးကောင်စီက မြန်မာအာဏာပိုင်များ အပေါ် ခိုင်မာ၍ စည်းလုံးညီညွတ်သော တုန့်ပြန်မှု တခုပေးရန် တွန်းအားပေးနေခဲ့ကြောင်း ပြောသည်။ တရုတ်နိုင်ငံကပင် ပဋိပက္ခကို အဆုံးသတ်ရန် ယခုလ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော လုံခြုံရေး ကောင်စီ ကြေညာချက်ကို ထောက်ခံခဲ့သည်။ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆောင်ရွက်ရန် အချိန်ဆွဲနေခဲ့သည်ဟု စွပ်စွဲခဲ့သော လူ့အခွင့်အရေး အဖွဲ့အစည်းများက “လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှု” အဖြစ် သူတို့က သတ်မှတ်ထားသည့် ပြဿနာအတွက် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုရန် ဆော်ဩမှုများ လုပ်နေသည်။ “လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာ့တပ်မတော်ကို လက်နက်ဝယ်ယူခြင်းက ပိတ်ပင်ဖို့နဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် တာဝန်ရှိသူတွေကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ အရေးတကြီး စဉ်း စားဖို့ လိုအပ်နေပါပြီ” ဟု Human Rights Watch အဖွဲ့၏ ကုလသမဂ္ဂဆိုင်ရာ ဒါရိုက်တာ Lou Charbonneau က ပြော သည်။ အောက်တိုဘာလအတွင်းတွင် လုံခြုံရေး ကောင်စီ ဥက္ကဌ အဖြစ်ဆောင်ရွက်မည့် ပြင်သစ်နိုင်ငံက ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ဟောင်း ကိုဖီအာနန်ကို လာမည့်အပတ်အတွင်း သူ၏ အစီရင်ခံစာနှင့် ပတ်သက်၍ လာရောက် ရှင်းလင်းဆွေးနွေးပေးရန် ဖိတ်ခေါ်ထားသည်။ The post ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြန်မာ့အရေး စတင်ကိုင်တွယ်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2xKBUSD
via IFTTT


ရန်ကုန် ရွှေအိတ်ချိန်း တည်ထောင်ရန် စီစဉ်၊ လုပ်သား သိန်းချီ အလုပ်အကိုင် ရရှိနိုင်ဟု ဆို ရန်ကုန် ရွှေဈေးကွက် အိတ်ချိန်းတခု အကောင်ထည်ဖော်မည်ဖြစ်ပြီး ပြည်တွင်းလုပ်သား သိန်းချီ၍ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိနိုင်မည် ဖြစ်ကြောင်း မြန်မာရွှေ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီမှ သိရသည်။ ပြည်တွင်းမှ ရွှေကို တန်ဖိုးမြင့် ထုတ်ကုန်ဇုန်အဖြစ် လုပ်ကိုင်ရန် အပိုင်း ၂ ခုရှိပြီး ပထမပိုင်းအနေနှင့် ရွှေအိတ်ချိန်းတခု စတင်တည်ထောင်မည် ဖြစ်ကြောင်း၊ ယင်းနှင့် ဆက်စပ်သည့် လုပ်ငန်းများတွင် ပြည်တွင်း လုပ်သားများ အတွက် အလုပ် အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း မြန်မာရွှေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးရဲသူအောင်က ပြောပြသည်။ ဆက်လက်၍ ၎င်းက “ဒီအိတ်ချိန်းထဲမှာ လုပ်နေတဲ့ သူနဲ့ ဆက်စပ်တဲ့ ထောက်ပံ့ရေး အပိုင်းတွေမှာ အလုပ်အကိုင် အများကြီး ရရှိမယ်။ နောက်တခုကတော့ ကျနော်တို့ တန်ဖိုးမြင့် ထုတ်ကုန်လုပ်ရင် စက်ရုံက အထည်ချုပ်လို ပုံစံမျိုး လုပ်ရတာ ဖြစ်ပါတယ်။ ဥပမာ ကျနော်တိို့က ရန်ကုန်မှာရှိတဲ့ ရွှေ ဗဟိုဈေးကွက်ကနေ ဒူဘိုင်းကို တင်ပို့မယ်။ ယိုးဒယား ပို့ချင်တယ်ဆိုရင် ရွှေကို တန်ဖိုးမြင့် ထုတ်လုပ်ပြီး တင်ပို့ဖို့ Industrial ဇုန်ထောင်ပြီး လုပ်ပေးရမှာဖြစ်တယ်။ ဒါက လုပ်သား အရမ်းလိုပါတယ်။ စက်ရုံက အလုပ်သမား သိန်းနဲ့ချီ ရှိရမှာ ဖြစ်ပါတယ်’’ဟုလည်း ပြောသည်။ အဆိုပါ မြန်မာ့ ရွှေဈေးကွက်ကို ဖော်ဆောင်ရာတွင် ရွှေအိတ်ချိန်းကို ရန်ကုန်မြို့ရှိ မြို့တွင်းနှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ၂ နှစ်အတွင်း အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး မြို့တွင်း၌ နေရာ သတ်မှတ်ပေးရန် အတွက်လည်း တိုင်းဒေသ ကြီး အစိုးရ အဖွဲ့နှင့် တိုင်ပင် ဆွေးနွေးနေကြောင်း သိရသည်။ ဦးရဲသူအောင် က “မြို့ထဲကတော့ နေရာက ယာယီတော့ ရရှိထားတာ ရှိတယ်။ ဒါပေမယ့် နေရာတော့ ကျနော်တို့ထုတ် ပြောလို့ မရသေးပါဘူး”ဟု ပြောသည်။ မင်္ဂလာဒုံမြို့နယ်ရှိ ဇေကမ္ဘာဝင်းဘေးတွင် မြေဧက ၇၀ ခန့်ကို ရွှေ ဗဟိုဈေးကွက် ဖော်ဆောင်ရန် ရရှိထားသည့် အပြင် ရွှေ အိတ်ချိန်းတခု ဖော်ဆောင်ရန်နှင့် ရွှေနှင့်ပတ်သက်သည့် လက်ဝတ်ရတနာများကို အချောထည် တန်ဖိုးမြင့် ထုတ်ကုန် များ ထုတ်လုပ်ရန်အတွက် စက်မှုကုန်ကြမ်းထုတ်လုပ်သည့် စက်ရုံများကို တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ ရွှေ ကျောက်မျက်သတ္တု ဗဟိုဈေးကွက် ဖြစ်မြောက်ရေး ကော်မတီက ဆိုသည်။ လက်ဝတ်ရတနာမျိုးစုံ၊ ဖန်စီပစ္စည်းများ၊ အကုန်လုံးသည် အထည်ချုပ်နီးပါး မဟုတ်သော်လည်း ယင်းကဲ့သို့ နီးပါး အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း၊ လုပ်သားများ အတွက် လုံခြုံရေးနှင့် ပတ်သက် သည် လုပ်ငန်းများ ရွှေအိတ်ချိန်းနှင့် သက်ဆိုင်သည့် ကဏ္ဍများကို ပြည်ပမှ ပညာရှင်များ ဖိတ်ခေါ်၍ သင်တန်းပို့ချပေး မည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဈေးကွက်ကို ဘယ်လိုပုံဖော်မှာလဲ ဈေးကွက်ကို ဘယ်လိုအခြေခံကနေ သွားပြီး လုပ်ဆောင်မလဲ ဆိုတာ ဈေးကွက်သဘောသဘာဝနဲ့ ရှေ့ကို တက်လှမ်းနိုင်ဖို့ စတင်ပြင်ဆင်ရန်၊ မြန်မာနိုင်ငံ ရဲ့ရွှေဈေးကွက်က ဘယ်လိုလုပ်သွားမှာလဲ အခြေခံပဲ ပစ္စည်း နဲ့ တိုက်ရိုက်ရောင်းဝယ်မှု ပြုလုပ်မှာလား ဆိုတာ စနစ်တကျ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် ဒီဈေးကွက်ထဲမှာ ပါဝင်မယ့် လုပ်ငန်းအပိုင်းတွေနဲ့ ပတ်သက်ပြီး စနစ်တကျ လေ့လာဖို့ လိုအပ်မှာ ဖြစ်ပါတယ်’’ဟု ပြောကြားသည်။ ရန်ကုန်မြို့ Summit Park View ဟိုုတယ်တွင် စက်တင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သော မြန်မာနိုင်ငံ၌ ဆောင်ရွက် မည့် နိုင်ငံတကာအဆင့်မီ ရွှေ ၊ ရွှေဖြင့် ပြုလုပ်ထားသော လက်ဝတ်ရတနာနှင့် ပစ္စည်းများ၊ ကျောက်မျက် ရတနာနှင့် အချောထည်များနှင့် မြန်မာ့ တွင်းထွက် သတ္တု သယံဇာတများ ရောင်းဝယ်ဖောက်ကားရေး ဗဟိုဈေးကွက် ဖော်ဆောင် မှု အလုပ်ရုံ ဆွေးနွေးပွဲ၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခြင်း ဖြစ်သည်။ ထို့အပြင် ရွှေဈေးကွက် နှင့် ဆက်နွယ်နေသော ကျောက်စိမ်းဈေးကွက်၊ နီကယ်၊ ကြေးနီ အစရှိသည့် စီးပွားရေး လုပ်ငန်း ဈေးကွက်များကိုလည်း ထူထောင်သွားမည်ဖြစ်ပြီး ရွှေဈေးကွက်ကို ရန်ကုန်မြို့တွင် စတင်ရန် ပြင်ဆင်ထားကြောင်း လည်း ဝန်ကြီးချုုပ်က ပြောသည်။ မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးမြို့တော်သည် ရန်ကုန်မြို့ ဖြစ်သောကြောင့် ရန်ကုန်ဈေးကွက်ကို အခြေပြုစတင်ခြင်း ဖြစ်ပြီး ဒုတိယအနေနှင့် မန္တလေးဈေးကွက် ဖြစ်ကြောင်း၊ ယင်းဈေးကွက် ၂ ခုကို ချိတ်ဆက်ပြီး အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဈေးကွက်ကို ကိုင်တွယ်နိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တိုင်း အစိုးရအဖွဲ့မှ သိရ သည်။ ယခု တည်ဆောက်မည့် ရန်ကုန်ရွှေဈေးကွက်မှ ရောင်းဝယ်ဖောက်ကားမည့် အချောထည် လက်ဝတ်ရတနာများကို ပြည်ပ သို့ တင်ပို့မှု ပြုလုပ်ရာတွင် အိတ်စ်ပို့ လိုင်စင်စနစ်နှင့် ထိန်းချုပ် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံး ဖြစ်သည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံများရှိ ရွှေဈေးကွက်သို့ တင်ပို့သွားမည်ဟု မြန်မာရွှေ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီက ဆိုသည်။ The post ရန်ကုန် ရွှေအိတ်ချိန်း တည်ထောင်ရန် စီစဉ်၊ လုပ်သား သိန်းချီ အလုပ်အကိုင် ရရှိနိုင်ဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2xA9aK0
via IFTTT