လိပ်ကျွန်းလူသတ်မှု သေဒဏ်ကျ ၂ ဦး လွတ်မြောက်ရေး မျှော်လင့်ဆဲ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား မြန်မာသံရုံးသံမှူးကြီးမှ ဦးဆောင်ကာ ၎င်းတို့အကျဉ်းကျနေသည့် ဘန်ခွမ်အကျဉ်းထောင်တွင် ဧပြီ ၂၀ ရက်နေ့က ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ အားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့ ၂ ဦးကို ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်သည့် အသက် ၂၄ နှစ်ရှိ ဒေးဗစ်မေလာနှင့် အသက် ၂၃ နှစ်ရှိ ဟန်နာဝစ်သာရစ်ဂျ် တို့ လိပ်ကျွန်းကမ်းခြေအနီး ဒဏ်ရာများဖြင့် သေဆုံးမှုအတွက် ထိုင်းနိုင်ငံကော့စမွေ တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ တရားခံရှေ့နေများ၏ အယူခံလွှာကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီက ပယ်ချခံရပီးနောက် ထိုင်းဗဟိုတရားရုံးသို့ နောက်ဆုံးအယူခံလွှာ တင်သွင်းထားခြင်း ဖြစ်သည်။ ၎င်းတို့ ၂ ဦးက မြန်မာ သမ္မတအပြောင်းအလဲတွင် ၎င်းတို့လွတ်မြောက်ရေးအခြေအနေများ အပြန်အလှန်မေးမြန်းခဲ့ပြီး မိသားစုများနှင့် ကူညီပေးသူများ၊ သံရုံးနှင့် အစိုးရတို့ထံ ကျေးဇူးတင် စကားပါးလိုက်သည်ဟု ယနေ့ သွားရောက်တွေ့ဆုံရာတွင် ပါဝင်ခဲ့သူ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ ပြောဆိုသည်။ “အဓိကကတော့ သမ္မတအပြောင်းအလဲမှာ သူတို့အခြေအနေတွေ ဘာထူးလဲဆိုပြီး မေးတယ်။ နောက် သူ့မိသားစုတွေရဲ့ အခြေအနေတွေကိုလည်း သွားပြောပြတယ်။ ဗဟိုတရားရုံး အယူခံအခြေအနေတွေကိုလည်း သူတို့ကို သွားရှင်းပြတယ်။ သူတို့ကတော့ အေးဆေးပါပဲ။ အယူခံအမိန့်ချတာက ပုံမှန်အားဖြင့် တနှစ်ခွဲ ၂ နှစ်ကြာတတ်တယ်။ ပြီးခဲ့တဲ့လပိုင်းကလည်း ထိုင်းရှေ့နေတွေက သူတို့ကို လာပြောပြသွားသေးတယ်။ အခု ကျနော်တို့ ထပ်ပြောခဲ့တာက ဟုတ်တယ် အခုက အယူခံကို ပြန်စိစစ်တဲ့ကာလဖြစ်နေပြီ။ အယူခံကို နောက်ဆုံးအခြေအနေထိ သူတို့ကို တတ်နိုင်တဲ့ဘက်က တရားဥပဒေဘက်က အကာအကွယ်ရအောင် ကြိုးစားပေးမယ်လို့ပြောခဲ့တယ်။ ” ဟု ဦးထူးချစ်က ဆိုသည်။ ၎င်းတို့ ၂ ဦး၏ နောက်ဆုံး အယူခံကို ထိုင်းအမြင့်ဆုံးတရားရုံးဖြစ်သည့် ဗဟိုတရားရုံးတွင် ယမန်နှစ်ကတည်းက တင်သွင်းထားပြီး၊ အမိန့်ချမယ့် ရက်ကို စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတရားစီရင်ရေးအရ အယူခံတရားရုံးအမိန့်သည် အလွန်ဆုံး ၂ နှစ်လောက် ကြာတတ်ပြီး၊ ယခု အမှုတွင်လည်း မည်သည့်အချိန်တွင် အမိန့်ထုတ်ပြန်မည်ကို ကြိုတင်မသိနိုင်ကြောင်း ဦးထူးချစ်က ဆိုသည်။ ယခင်နှစ်ကုန်ပိုင်းက သွားကျန်းမာရေးကြောင့် နေမကောင်းဖြစ်နေခဲ့သော ဇော်လင်းရော ဝင်းဇော်ထွန်းပါ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်သည်ဟု သိရသည်။ သမ္မတအပြောင်းအလဲတွင် မြန်မာပြည်မှ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံခြားသားများ ပြန်လွတ်သကဲ့သို့ ၎င်းတို့ကိုလည်း ထိုင်းအစိုးရမှ လွှတ်ပေးရေး စဉ်းစားပေးရန် မေ ျှလင့်နေကြသည်ဟုု ဆိုသည်။ “သူတို့က ဟိုဘက် မြန်မာပြည်ထဲမှာ သမ္မတလွတ်ငြိမ်းခွင့်နဲ့ အကျဉ်းသားတွေလွှတ်တော့ နိုင်ငံခြားသားအကျဉ်သားတွေကို လွှတ်ပေးတယ်ကြားရတယ်ပေါ့။ ထိုင်းအစိုးရကလည်း မြန်မာအပါအဝင် နိုင်ငံခြားသားတွေကိုလွှတ်ပေးမယ်လို့ မကြားသေးဘူးလားပေါ့။ ကျနော်တို့ကို အဲဒီလိုု မေးတယ်။” ဟု ဦးထူးချစ်က ပြန်ပြောပြသည်။ သံမှူးကြီးနှင့်အဖွဲ့သည် ဘန်ခွမ်အကျဉ်းထောင်တွင် တခြားလူသတ်မှု၊ မူးယစ်ဆေးဝါးသယ်ဆောင်မှု၊ လူကုန်ကူးမှုတို့ဖြင့် သေဒဏ်ကျခံနေရသော မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ အားပေးစကားပြောခွင့်ရခဲ့ကြောင်း ဦးထူးချစ်က ဆိုသည်။ ယခုကဲ့သို့ ပြည်ပနိုင်ငံတခုတွင် နိုုင်ငံသားအကျဉ်းသားများအား ထောင်ဝင်စာ တွေ့ဆုံခြင်းသည် မြန်မာနိုုင်ငံသားတွေအတွက် စိတ်ဓါတ်ခွန်အားပေးခြင်း တမျိုး ဖြစ်သည်ဟု ဦးထူးချစ်က ပြောသည်။ “ဇော်လင်းရော ဝင်းဇော်ထွန်းရော ကျန်းမာရေးပုံမှန်ဖြစ်သွားပြီ။ ဘန်ခွမ်ထောင်ထဲမှာ အားလုံးပေါင်း သေဒဏ်ကျ မြန်မာနိုုင်ငံသား ၁၀ ဦးကို ၂ သုတ်ခွဲပြီးတော့ တွေ့ခွင့်ရခဲ့တယ်။ မူးယစ်ဆေးဝါးနဲ့ မတရား အဖမ်းခံထိထားတယ်ဆိုတဲ့ ရှမ်းအမျိုးသားတွေကိုလည်း သူတို့သက်ဆိုင်ရာ ရှမ်းနိုင်ငံရေးပါတီတွေ ရှမ်းအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပေးဖို့ သူတို့ရဲ့ လိပ်စာတွေနဲ့ သူတို့ရဲ့ ပြောကြားချက်တွေ မှတ်လာတယ်။” ဦးထူးချစ်က ပြောဆိုသည်။ The post လိပ်ကျွန်းလူသတ်မှု သေဒဏ်ကျ ၂ ဦး လွတ်မြောက်ရေး မျှော်လင့်ဆဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2qLLJLI
via IFTTT
No comments:
Post a Comment