မုန်တိုင်းကြောင့် မာန်အောင်တွင် လူတဦး သေဆုံး လတ်တလော ဘင်္ဂလား ပင်လယ်အော် အတွင်း ဖြစ်ပေါ်နေသော မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ် မာန်အောင် မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက လေပြင်း ကျရောက်ပြီး လူတဦး သေဆုံးကာ တဦး ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွား ကြောင်း ပြည်နယ် မီးသတ် ဦးစီးဌနက ပြောကြားသည်။ သေဆုံသွားသူမှာ မာန်အောင်မြို့နယ် မျော်တော်ဦး ကျေးရွာနေ ဦးပြည့်ထွန်း (၇၈)နှစ် ဖြစ်ပြီး မေလ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၃၄ မိနှစ် အချိန်ခန့်က မိုးသက်လေပြင်း ကျရောက်ကာ ဦးပြည့်ထွန်းနှင့် ဇနီးတို့ နေထိုင်သည့် နေအိမ် ပေါ်သို့ အုန်းပင်လဲကျသည့် အတွက် ဦးပြည့်ထွန်း သေဆုံးသွားခဲ့ပြီး ဇနီးဒေါ်စောမြဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။ လက်ရှိအချိန်တွင် ဇနီးဖြစ်သူ ဒေါ်စောမြဦးအား မစိုးရိမ်ရသော အခြေအနေဖြင့် မြို့နယ် သစ်ပုံ တိုက်နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ပြည်နယ် မီးသတ် ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသော်တာက ပြောသည်။ ဦးသော်တာက “မုန်တိုင်းက မာန်အောင်မှာဖြတ်ပြီးလို့ အခုတော့ ငြိမ်သွားပြီးလို့ ကြားတယ်။ မနက် ၇ နာရီ ၃၄ မိနှစ် အချိန်ခန့်က မိုးသက်လေပြင်း ကျရောက်တယ်။ သစ်ပင်လဲပြီးတော့ အိမ်ပေါ်ပိပြီး လင်မယားနှစ်ယောက်မှာ အမျိုးသား က သေဆုံးသွားတယ်၊ အမျိုးသမီးကတော့ မစိုးရိမ်ရ ဒဏ်ရာတွေ ရလို့ အခုဆေးရုံကို ပို့ထားပါတယ်”ဟု ဧရာဝတီကို ပြောပြသည်။ ယင်းမုန်တိုင်းအတွက် ရခိုင်ပြည်နယ် ၁၇ မြို့နယ်အတွင်း တမြို့နယ်လျှင် မီးသတ်တပ်ဖွဲ့ဝင် အင်အား ၃၅ ဦးပါ တပ်စု တစုဖြင့် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနိုင်းပြီး ကြိုတင်ပြင်ဆင်မှုများကို အချိန်နှင့် တပြေးညီ လုပ်ဆောင် ထားရှိ ကြောင်းလည်း ပြည်နယ် မီးသတ်ဦးစီးဌာနက ပြောသည်။ လက်ရှိအချိန်၌ မုန်တိုင်း အရှိန်ကြောင့် စစ်တွေမြို့တွင် မိုးရွာသွန်းနေပြီး လျှပ်စစ်မီးများလည်း ပြတ်တောက်လျက် ရှိ သည်။ ထို့ပြင် မောင်တောမြို့ပေါ်တွင် ဖွင့်လှစ်ထားရှိသည့် ဟိန္ဒူ ကယ်ဆယ်ရေးစခန်း အတွင်းရှိ ဆောက်လုပ်ထားသော အဆောက် အအုံများမှာ အမိုးအကာများ လုံခြုံမှု မရှိသည့်အတွက် နေထိုင်မှု အခက်ကြုံတွေ့ နေရကြောင်းလည်း စခန်း တာဝန်ခံ ဦးနီးမေလ်က ပြောသည်။ ဦးနီးမေလ်က“ကျနော်တို့ကို ဆောက်ပေးတဲ့ အဆောင် ၁၆ လုံးမှာ ၆ လုံးက အမိုးအကာ မရှိဘူး။ နေပူရင် နေပူခံပြီး နေရ တယ်။ မိုးရာရင် မိုးရေခံပြီး နေကြရတယ်။ မယက၊ ခယက တင်ပြတော့လည်း ဝါးလုံး တထောက် ပေးမယ်လို့ သာ ပြောပြီး ဘာမှ လုပ်မပေးဘူး”ဟုလည်း ပြောဆိုသည်။ ယင်းသို့ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှု ဖြစ်ပွားနိုင်သည့် အခြေအနေကြောင့် မည်သို့ အစီအမံ များ ပြုလုပ်ထားသည်ကို သိလိုကြောင်း ဧရာဝတီ က ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ရခိုင် ကမ်းရိုးတန်း ဒေသကို လာမည့် ၁၂ နာရီအတွင်း ဖြတ်ကျော် ဝင်ရောက်မည် ဖြစ်သဖြင့် အနီရောင် အဆင့် အရေးပေါ် အခြေအနေ သတ်မှတ် လိုက် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)က ယနေ့ နံနက်ပိုင်း၌ သတင်း ထုတ်ပြန် ထားသည်။ ယင်းမုန်တိုင်းငယ်သည် ရခိုင် ကမ်းရိုးတန်းဒေသ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံး လေတိုက် နှုန်းမှာ တနာရီလျှင် ၄၅ မိုင်မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ မုန်တိုင်းငယ် ဖြတ်ကျော်စဉ် မုန်တိုင်း ဒီရေမှာ မာန်အောင်မြို့၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့၏ ကမ်းခြေဒေသများ၌ ၅ ပေမှ ၇ ခန့်နှင့် ဧရာဝတီတိုင်း ဒေသကြီး ကမ်းခြေ ဒေသများတွင် ၃ ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုး/ဇလ၏ ခန့်မှန်းထားချက်များအရ သိရသည်။ The post မုန်တိုင်းကြောင့် မာန်အောင်တွင် လူတဦး သေဆုံး appeared first on ဧရာဝတီ.
Source : https://ift.tt/2smxmxk
via IFTTT
No comments:
Post a Comment