Wednesday, May 30, 2018


ကလေးစစ်သား အသုံးပြုမှု အဆုံးမသတ်နိုင်သေးဟု ကုလသမဂ္ဂပြော ကလေးစစ်သား အသုံးပြုခြင်းနှင့် အသက်မပြည့်သူများကို တပ်သားသစ် စုဆောင်းမှု မြင့်တက်လာခြင်း အဆုံးသတ်စေရန် ကတိကဝတ်ကို မြန်မာနိုင်ငံက ဖြည့်စွမ်းနိုင်ခြင်း မရှိသေးကြောင်း ကုလသမဂ္ဂ ထိပ်တန်းအရာရှိ တဦးက မေလ ၂၉ ရက်နေ့တွင် ပြောကြားသည်။ ဆယ်စုနှစ်များစွာ နယ်စပ်ဒေသများတွင် ပဋိက္ခများစွာ ဖြစ်ပွားခဲ့ရာ စစ်မြေပြင်၌ အသက် မပြည့်သေးသူများကို မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက စစ်မှုထမ်းစေခဲ့ကြသည်။ စစ်ဘက် အုပ်ချုပ်ရေး အဆုံးသတ်ခဲ့ပြီး နောက်တနှစ်အကြာ ၂၀၁၂ ခုနှစ်တွင် တပ်မတော်က ကလေးစစ်သား အသုံးပြုမှု အဆုံးသတ်စေရေး ကတိပြုခဲ့ပြီး နောက်ပိုင်းနှစ်များ၌ အသက် မပြည့်သေးသည့် တပ်သားများကို ရာနှင့်ချီ၍ ပြန်လွှတ်ပေးခဲ့သည်။ အာဏာပိုင်များနှင့် ပွင့်ပွင့်လင်းလင်းနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ရှိနေလင့်ကစား တပ်မတော်ဘက်မှ ကလေးစစ်သားများ ပြန်လည် စေလွှတ်ခြင်းကိစ္စအပေါ် သိသာထင်ရှားသည့် အထောက်အထား အချိန်မီ ချပြခဲ့ခြင်း မရှိကြောင်း ကုလသမဂ္ဂ ကလေးများနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် ဗာဂျီးနီးယားဂမ်ဘာက ပြောသည်။ “ကျမတို့က သတင်းအချက်အလက်အတွက် မေးလိုက်တဲ့အချိန်မှာ၊ နေရာတွေ မှန်ကန်ကြောင်း အတည်ပြုချက် တောင်းခံတဲ့အခါမှာ၊ ထိန်းသိမ်းထားတဲ့ကလေးတွေအကြောင်း မေးတဲ့အခါမှာ အင်မတန်မှ နှေးကွေး လွန်းပါတယ်။ သူတို့ဆီက အဖြေတွေက ပြန်လာတာ သိပ်နှေးပါတယ်။ တခါတလေ လနဲ့ချီပြီး နှစ်ပေါက်အောင်တောင် ကြာတတ်ပါတယ်” ဟု ၎င်း၏ ခရီးစဉ်အဆုံးသတ်ချိန် ရန်ကုန်တွင် သတင်းထောက်များနှင့် တွေ့ရာ၌ သူက ဆိုသည်။ တပ်မတော်နှင့် တိုက်ခိုက်မှုဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့တချို့တွင်လည်း အသက်မပြည့်သေးသည့် ကလေးများကို တပ်သားသစ် စုဆောင်းမှု တိုးပွားလျက်ရှိခြင်းအပေါ် ကုလသမဂ္ဂ အနေဖြင့် စိုးရိမ်မိကြောင်း ဂမ်ဘာက ဖြည့်စွက်ပြောသည်။ ၂၀၁၂ ခုနှစ်တွင် လက်နက်ကိုင် တပ်ဖွဲ့များအတွင်း ကလေးများကို အသုံးပြုမှုနှင့် တပ်သားသစ် စုဆောင်းမှု အဆုံးသတ်ရေး ပူးတွဲလုပ်ငန်း စီမံချက်တရပ်ကို မြန်မာတပ်မတော်နှင့် အစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းလုပ်ငန်း စီမံချက်၏ တခြားရှုထောင့်များမှာလည်း အပြည့်အ၀ အကောင်အထည်ပေါ်ခြင်း မရှိသေးသည့် အတွက် အရှိန်အဟုန် မြှင့်တင်ရမည်ဟု ဂမ်ဘာက ပြောသည်။ “အတိုင်းအတာ အတော်များများကတော့ သူ့နေရာနဲ့သူ ဆောင်ရွက်ပြီးပါပြီ။ ဒါပေမယ့် ဒီပူးတွဲလုပ်ငန်း စီမံချက်ကို ပြည့်မီဖို့ ကျမတို့ အဆောတလျင် လိုအပ်ပါတယ်” ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြ ထားသည်။ ကလေးစစ်သားများ ပပျောက်ရေးလုပ်ငန်းစဉ် တိုးတက်မှုမရှိသည့်အတွက် လူ့အခွင့်အရေး လှုပ်ရှားသူ များကလည်း ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လျက်ရှိသည်။ “လက်နက်နဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်မြေတွေမှာ တပ်မတော်က ကလေးသူငယ်တွေကို ကာကွယ်ဖို့ လုံး၀ ပျက်ကွက်နေတဲ့ အတွက် မြန်မာနိုင်ငံဟာ စောင့်ကြည့်စာရင်းထဲမှာ ရှိပါတယ်” ဟု Fortify Rights ဒေသတွင်း စောင့်ကြည့်ရေးအဖွဲ့မှ ဒေးဗစ်ဘက်ခ်က ပြောသည်။ မြန်မာ့တပ်မတော်သာမက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကလည်း တပ်သားသစ်အဖြစ် စုဆောင်းသော ကလေးများမှာ ရှမ်းပြည်နယ်မှ အများအပြားဖြစ်သည်။ စစ်သားသစ် စုဆောင်းမှုကြောင့် တိုင်းပြည်တွင်းနှင့် ပြည်ပသို့ ထွက်ပြေးခိုလှုံနေကြသော ကလေးများ ရှိနေသည်။ အချို့မှာ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင် အလုပ်ရှာဖွေ လုပ်ကိုင်နေကြပြီး လက်ဘက်ရည်ဆိုင်၊ ဘီယာဆိုင်နှင့် စားသောက်ဆိုင်များတွင် စားပွဲထိုးများအဖြစ် မြင်တွေ့နိုင်သည်။ ကိုးကား။ ။ AFP နှင့် AP The post ကလေးစစ်သား အသုံးပြုမှု အဆုံးမသတ်နိုင်သေးဟု ကုလသမဂ္ဂပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2LJTudF
via IFTTT

No comments:

Post a Comment