မုန်တိုင်းငယ် အနီရောင်အဆင့် အရေးပေါ်အခြေအနေ သတ်မှတ် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ရခိုင်ကမ်းရိုးတန်း ဒေသကို လာမည့် ၁၂ နာရီအတွင်း ဖြတ်ကျော် ဝင်ရောက်မည် ဖြစ်သဖြင့် အနီရောင် အဆင့် အရေးပေါ် အခြေအနေ သတ်မှတ်လိုက် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)က ယနေ့ နံနက်ပိုင်း၌ သတင်း ထုတ်ပြန်ထားသည်။ ယင်းမုန်တိုင်းငယ်သည် ရခိုင်ကမ်းရိုးတန်းဒေသ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက် နှုန်းမှာ တနာရီလျှင် ၄၅ မိုင်မှ မိုင် ၅၀ အထိတိုက်ခတ်နိုင်ကြောင်း မုန်တိုင်းငယ် ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ မာန် အောင်မြို့၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့၏ ကမ်းခြေဒေသများ၌ ၅ ပေမှ ၇ ခန့်နှင့် ဧရာဝတီတိုင်း ဒေသကြီး ကမ်းခြေ ဒေသများတွင် ၃ ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုး/ဇလ၏ ခန့်မှန်းထားချက်များအရ သိရသည်။ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မေလ ၂၉ ရက်မှ ၃၁ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ တိုင်းဒေသကြီးများနှင့် ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရောအနှံ့အပြား မိုးထစ် ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက သတိပေး ထုတ်ပြန် ထားသည်။ ဆက်လက်၍ မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြို ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသ အနီး နေထိုင်ကြသူများ အနေနှင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ကမ်းရိုး တန်းတလျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သော ကြောင့် ကြိုတင် သတိပြု နေထိုင်ရန်လည်း အကြံပြုထားသည်။ “နေရာစိပ်စိပ်မှ အနှံ့အပြား မိုးရွာသွန်းနိုင်ပါတယ်။ မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသမှာ မိုးသက်လေပြင်း များတိုက်ခတ်နိုင်ပြီး လှိုင်းကြီးနိုင်ပါတယ်။ လှိုင်းအမြင့် ၁၂ ပေ ၁၈ ပေခန့် အထိ ရှိနိုင်ပါတယ်” ဟု မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင် က သတိပေးထားသည်။ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါး ဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေနှင့်လည်း ကြိုတင် သတိပြုနိုင်ရန် မိုး/ဇလက သတိပေးထားသည်။ မိုးလေဝသ သတင်းများနှင့် ပတ်သက်၍ အချိန်ကိုက် သတင်းတုများ ထွက်ပေါ်လာလေ့ရှိသဖြင့် မြန်မာနိုင်ငံတွင် မိုးလေ ဝသ သတင်းများနှင့် ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန်မှုမှာ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနှင့် တစိတ် တပိုင်း တရားဝင်ဖြစ်သော ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ စသည့် ၂ ခုသာရှိကြောင်း ဒေါက်တာထွန်းလွင်က သတိပေး ပြောဆိုထားသည်။ ဆက်စပ်ဖတ်ရှု့ရန်– မုန်တိုင်းကြောင့် တိုင်းနှင့် ပြည်နယ် ၈ ခု မိုးကြီးနိုင်ကြောင်း မိုး/ဇလ သတိပေး The post မုန်တိုင်းငယ် အနီရောင်အဆင့် အရေးပေါ်အခြေအနေ သတ်မှတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2sgsB98
via IFTTT
No comments:
Post a Comment