သိန်း ၁၀၀၀ တန် Ford ကား ၁၀ စီးဝယ်ရန်တင်ပြချက် ဝေဖန်မှုဖြင့် ရင်ဆိုင်နေရ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တင်သွင်းလာသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းထဲတွင် ကျပ် သိန်း ၁ ထောင်တန် Ford ကား ၁၀ စီး ဝယ်ရန် တင်ပြချက်နှင့် ပတ်သက်ပြီး လွှတ်တော်တွင် ကိုယ်စားလှယ်များ၏ ထောက်ပြ ဝေဖန်ချက်များနှင့် ရင်ဆိုင်နေရသည်။ ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကိုမေလ ၃၁ ရက်က ပြုလုပ်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့သော ”၂ဝ၁၈ -၂ဝ၁၉ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်)” နှင့်ပတ်သက်ပြီး ထောက်ပြဝေဖန်ခံနေရခြင်းဖြစ်သည်။ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး က “တချို့ရငွေသုံးစွဲမှုတွေမှာ တင်ပြချက်တွေကတော့ လိုအပ်တာ မှန်ပေမယ့် အဓိက ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စတွေ ဖြစ်ပါရဲ့လားဆိုတာ ကျမအနေနဲ့ ဆွေးနွေးချင်ပါတယ်။ ဥပမာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ရုံးသုံးယာဉ်များဝယ်ယူရာမှာ Ford ကားတစ်စီးကို သိန်းတစ်ထောင်နဲ့ ၁၀ စီး သန်းတထောင်သုံးစွဲရမှာ လိုအပ်ပါရဲ့လား” ဟု ထောက်ပြသွားသည်ကို တွေ့ရသည်။ ယနေ့ အစည်းအဝေးတွင် လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး၊ အင်းစိန်မြို့နယ်မှ ဦးဝေဖြိုးဟန်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ ဦးသိန်းနိုင်၊ ကျောက်တန်းမြို့နယ်မှ ဦးဇော်မိုးလွင်နှင့် ဒေါ်သက်သက်မူ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ဦးဇင်မင်းထွေး၊ လသာမြို့နယ်မှ ဦးဇော်ဝင်းနိုင် တို့ကလည်း ဘက်ဂျက်တင်ပြမှုနှင့် ပတ်သက်၍ ဝေဖန်ဆွေးနွေးခဲ့ကြသည်။ အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် က “ပြည်သူကိုဗဟိုပြုတဲ့ ပြည်သူ့အစိုးရဟာ ပြည်သူ့လိုအပ်ချက်ကို အရင်ဆုံး ဖြည်ဆည်းပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ပြည်သူတင်ပြတာတွေကျတော့ ငွေမလောက်လို့ အပြည့်အဝမရကြဘဲ ဌာနလိုအပ်ချက် ဖြည့်ဆည်းဖို့ကျတော့ ငွေတွေ ဗုံးပေါလအော သုံးထားတာကို မခံသိမခံသာ တွေ့နေရပါတယ်။ ဥပမာ အစိုးရအဖွဲ့က တင်ပြထားတဲ့ Ford ကား ၁၀ စီး ဝယ်ဖို့ ၁ ဘီလီယံ သုံးထားတာမျိုး” ဟု ထောက်ပြ ပြောဆိုသည်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ရုံးသုံးအတွက် Ford ကား ၁၀ စီးဝယ်ယူရန် ကျပ်သန်း ၁၀၀၀ သုံးစွဲထားခြင်းအပြင် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေး ဌာနက ပြည်သူ့လွှတ်တော် ဇာတ်သဘင်ဆောင် အဆင့်မြှင့်ရန် ကျပ်သန်း ၁၀၀၀ နီးပါးတောင်းခံ ထားခြင်း၊ စည်ပင်သာယာ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က ဝန်ထမ်းအိမ်ရာ ၆ ခန်းတွဲ ၆ ထပ်တိုက် ၆ လုံးတည်ဆောက်ရန် ကျပ်သန်းပေါင်း ၅၁၀၀ ခန့် အသုံးပြုထားခြင်း၊ ရငွေမည်မည် ရရမပြနိုင်သည့် သမဝါယမဦးစီးဌာန၏ အသုံးစရိတ်မှာကျပ်သန်း ၂၀၀၀ ခန့်ဖြစ်နေခြင်းတို့ကို လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။ ဦးဝေဖြိုးဟန် က “ဘဏ္ဍာငွေ မဟားတရားသုံးနေတာမျိုးတွေလို့ပဲ ပြောချင်ပါတယ်။ ဘက်ဂျက်ကာလရောက်တိုင်း အစိုးရအဖွဲ့နဲ့ လွှတ်တော် နောင်ချိန်ပလေး နေရတာတွေကို ကျနော်တို့ အင်မတန် စိတ်ပျက်နေပါပြီ။ လိုအပ်တာတွေကိုလည်း လိုအပ်သလို သုံးစွဲရယူကြပါ။ ပေးသင့်ပေးထိုက် လုပ်သင့်လုပ်ထိုက်တွေ ကိုလည်း သင့်တင့်မျှတအောင် ညှိနှိုင်းဆောင်ရွက်ပေးကြပါ” ဟု တိုက်တွန်းသွားသည်။ ကျောက်တန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်ကလည်း “သမဝါယမ ဦးစီးဌာနရဲ့ ရငွေလုပ်ငန်းဆောင်ရွက်မှု ခေါင်းစဉ်တွေဟာ စဉ်းစားသုံးသပ်လိုက်မယ်ဆိုရင် စီးပွားရေးအကောင်အထည်ဖော်လို့ အကျိုးအမြတ်ရတဲ့ ခေါင်းစဉ်မျိုးတွေ မတွေ့ရပါဘူး။ ဒါပေမယ့် သုံးငွေပေါင်းကတော့ လျာထားတဲ့နေရာမှာ ၂၀၀၃ ဒသမ ၄၄ သန်းလျာထားတာကို တွေ့ရပါတယ်” ဟု ဝေဖန်ထောက်ပြခဲ့သည်။ ယခုနှစ်တွင် သုံးစွဲရန် လျာထားသည့် ဘဏ္ဍာငွေ ၆၄၈ ဘီလီယံရှိပြီး ထိုပမာဏမှာ ယခင် ဘဏ္ဍာနှစ် ၂ နှစ်စာအသုံးစရိတ်ခန့် ရှိနေသဖြင့် ထူးခြားသည့် တိုးတက်မှု မဖြစ်မနေရရှိရန် လိုအပ်ကြောင်း လသာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင် ကလည်း ပြောသည်။ ဦးဇော်ဝင်းနိုင် က “ကျနော်တို့ သုံးစွဲခဲ့တဲ့ ဘဏ္ဍာနှစ် ၃ နှစ်ကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နှစ်နှစ်စာနီးပါး ဒီနှစ်ကိုသုံးစွဲတာကို လျာထားတာတွေ့ရှိရပါတယ်။ အခွန်ဘဏ္ဍာငွေ တိုးတက်ရရှိလို့ တဖက်မှာ အခွန်ဘဏ္ဍာတွေကို တိုးတက်သုံးစွဲတဲ့ လျားထားချက်လို့ ကျနော်တို့ ယူဆစရာအကြောင်းရှိပါတယ်။ ဒီလိုဘဏ္ဍာငွေတွေ အမြောက် အများသုံးစွဲတဲ့ နှစ်ဆိုခဲ့ရင် တိုးတက်မှုကလည်း ထူးခြားတဲ့ တိုးတက်မှု ဖြစ်ဖို့ အထူးလိုအပ်လာပါတယ်”ဟု ဆိုသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် အသုံးစရိတ် ကျပ်ငွေ ၃၃၆ ဘီလီယံကျော် သုံးစွဲခဲ့ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျပ်ငွေ ၄၀၀ ဘီလီယံ သုံးစွဲရန် လျာထားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မှတ်တမ်းများအရ သိရသည်။ ယခုလာမည့် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် သုံးစွဲမည့် ငွေပမာဏကျပ် ၆၄၈ ဒသမ ၈၈ ဘီလီယံ ဖြစ်ကြောင်း သိရသည်။ အစိုးရအနေဖြင့် ရငွေများမှာ အခွန် အကောက်ရငွေ ၊ အခြားသာမန်ရငွေ ၊ ငွေလုံးငွေရင်းရငွေ ၊ ကြွေးမြီးရငွေများ ဖြစ်သည့်အနက် အခြားသာမန် ရငွေက အများဆုံးဖြစ်ကာ ကျပ် ၄၁၅ ဒသမ ၉၂၈ ဘီလီယံဖြစ်ပြီး အခွန်အကောက် စင်စစ်မှ ရငွေမှာမူကျပ်ငွေ ၇၁ ဒသမ ၈၅၄ ဘီလီယံသာ ရှိသဖြင့် အနည်းဆုံး ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက လွှတ်တော်သု့ိ တင်သွင်းထားသည့် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်းအရသိရသည်။ ၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ ရန်ကုန်တိုင်း ဒေသကြီး၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်) နှင့်စပ်လျဉ်းပြီး မေလ ၃၀ ရက် နေ့က ပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးမှလည်း ဆွေးနွေးခဲ့ကြသည်။ The post သိန်း ၁၀၀၀ တန် Ford ကား ၁၀ စီးဝယ်ရန်တင်ပြချက် ဝေဖန်မှုဖြင့် ရင်ဆိုင်နေရ appeared first on ဧရာဝတီ.
Source : https://ift.tt/2sjEiMA
via IFTTT
No comments:
Post a Comment