ရန်ကုန် ၂၇ မြို့နယ် ၂ ရက် အချိန်ပိုင်း လျှပ်စစ်မီး ပြတ်မည် ရန်ကုန်တိုင်း ဒေသကြီး ၂၇ မြို့နယ်ရှိ ရပ်ကွက် တချို့ မေလ ၂၉ ရက်နှင့် ၃၁ ရက် ၂ ရက် အချိန်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း (YESC) က သတင်း ထုတ်ပြန်ထားသည်။ အရန် ဓာတ်အားလိုင်း အလုံအလောက် မရှိခြင်းနှင့် ဓာတ်အားလိုင်းများ လဲလှယ်ခြင်း၊ ဓာတ်အားလိုင်းများကို ထိခိုက် နိုင်သော သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို အပတ်စဉ် လုပ်ကိုင်နေခြင်းကြောင့် မြို့နယ်အသီးသီးရှိ ရပ်ကွက် တချို့ အချိန်ပိုင်း ဓာတ်အား ဖြတ်တောက်ရခြင်း ဖြစ်ကြောင်း YESC မှ တာဝန်ခံ အင်ဂျင်နီယာ ဒေါ်ခင်သပြေနု က ဧရာဝတီ သို့ ပြောသည်။ ဒေါ်ခင်သပြေနုက“ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံတွေက အမြဲပြုပြင် ထိန်းသိမ်းနေရတာ။ တောက်လျှောက် ထိန်း သိမ်းရေး လုပ်နေရတော့ ဓာတ်အားလိုင်းတွေကို ပိတ်ပြီး အလုပ်လုပ်နေရတာ။ နိုင်ငံတကာမှာကတော့ အရန် ဓာတ် အား လိုင်းတွေ ရှိတာပေါ့။ တလိုင်းပိတ်မယ်ဆိုရင် ကျန်တဲ့ဘက်က လှည့်ပေးတယ်။ နိုင်ငံတကာအနေနဲ့ ဆိုရင်တော့ မပိတ် ဘူး။ ကျမတို့ တိုင်းပြည်မှာက အရန်ဓာတ်အားလိုင်း မရှိဘူး မဟုတ်ဘူး ရှိတယ်။ ဒါပေမယ့် လိုင်းတိုင်း အတွက် တော့ မရှိဘူး”ဟုလည်း ပြောပြသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အချိန်ပိုင်း မီးပြတ်မည့် မြို့နယ်များမှာ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ဆိပ်ကြီးခနောင်တို၊ ထန်းတပင်၊ ကြည့်မြင်တိုင်၊ အလုံ၊ ကမာရွတ်၊ ဗဟန်း၊ မရမ်းကုန်း၊ လှိုင်၊ လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ပန်းဘဲတန်း စသည်တို့ ပါဝင်ကြောင်း သိရသည်။ ထို့ပြင် တာမွေ၊ ၊ ပုဇွန်တောင်၊ ရန်ကင်း၊ ဗိုလ်တထောင်၊ မြောက်ဥက္ကလာပ (ရွှေပေါက်ကံမြို့သစ်)၊ သင်္ဃန်းကျွန်း၊ မင်္ဂလာ တောင်ညွန့်၊ ဒဂုံံမြို့သစ်(တောင်ပိုင်း) တို့၌လည်း အချိန်ပိုင်း ဓာတ်အား ပြတ်တောက်မှု ရှိနိုင်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။ ယင်း မြို့နယ်များတွင် မေလ ၂၉ ရက်နှင့် မေ ၃၁ ရက် မနက်ပိုင်း ၉ နာရီ မှ ၁၂ နာရီ အထိ အချိန်အတွင်း အချိန်ပိုင်း မီးပြတ်တောက်မည် ဖြစ်သည်ဟု ဆိုသည်။ ရန်ကုန် သာကေတ မြို့နယ်နေ အိမ်ရှင်မ တဦးက“မီးပျက်မယ်ဆိုတာ ကြိုသိရတော့ မီးမပြတ်ခင်လေး ချက်ပြုတ်တာ တွေ လုပ်စရာရှိတာလေးတွေ လုပ်လို့ရတာပေါ့။ အိမ်ရှင်မတွေ အများစုကတော့ အင်တာနက်လည်း သုံးဖို့ အချိန် သိပ် မရကြတော့ ရုပ်သံလိုင်း တော်တော်များများမှာ ကြေညာပေးရင်ကို မီးပြတ်မယ့်အချိန်လေးတွေ ကြိုသိပြီး အလုပ်တွေ ကြိုတင်လုပ်ထားလို့ ရတော့ အဆင်ပြေပါတယ်”ဟု ပြောသည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များတွင် 66Kv ၊ 33Kv ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများ ထိန်းသိမ်း ပြုပြင် ခြင်း လုပ်ငန်းများ၊ မိုးဦးကာလ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ လုပ်ကိုင်မည် ဖြစ်ကြောင်း YESC က ထုတ်ပြန်ထား သည်။ ထို့ပြင် ရေရှည် ဓာတ်အား တည်ငြိမ် ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ဟောင်းနွမ်းပြီး ဝန်အားမနိုင်တော့သော 11Kv ဓာတ် အား လိုင်းကြိုးများအစား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုး အသစ်များဖြင့် လဲလှယ်ခြင်း လုပ်ငန်းများကို လုပ်ကိုင် မည် ဖြစ်ကြောင်းလည်း ရန်ကုန် လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရန်ကုန် တာမွေမြို့နယ်တွင် နေထိုင်သည့် ကုမ္ပဏီဝန်ထမ်း ကိုဝေယံအောင် ကမူ“မီးက ကြိုမကြေညာလည်း ပျက်၊ ကြေညာ လည်း ပျက်တာပါပဲ။ ဘာကြောင့် ပျက်တာလဲ ဆိုတာ သိချင်ပါတယ်။ Hot Line ကို မေးလိုက်တိုင်း မီးပျက် သမျှကို ဓာတ်ကြိုးပြင်နေတယ် ဆိုတာနဲ့ချည်း လွှဲချတာမျိုးလည်း မဖြစ်သင့်ဘူး ထင်ပါ တယ်”ဟု ပြောဆိုသည်။ မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားအရ လူဦးရေ ၅၃ သန်းခန့်ရှိသည့်အနက် လူဦးရေ ၆ သန်းခန့်သည် ရန်ကုန်တိုင်း ဒေသကြီးတွင် နေထိုင်လျက် ရှိပြီး လက်ရှိ တနိုင်ငံလုံး လျှပ်စစ် ဓာတ်အားသုံးစွဲမှု ၃၂၀၀ မဂ္ဂါဝပ်ကျော်တွင် ၁၃၆၀ မဂ္ဂါဝပ် အား ရန်ကုန်တိုင်း ဒေသကြီး က သုံးစွဲလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။ မြန်မာ တနိုင်ငံလုံး သန်းခေါင်စာရင်းအရ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်၌ လျှပ်စစ်မီး အသုံးပြုနေသော အိမ်ထောင် စု ပေါင်း ၄ သန်းကျော်ရှိသည့်အနက် ရန်ကုန်မြို့သည် ၁ ဒသမ ၃ သန်းခန့် အသုံးပြုလျက်ရှိပြီး နိုင်ငံ၏ စီးပွားရေး စီမံကိန်းများနှင့် ဦးစားပေး အစီအစဉ် အရ ရန်ကုန်မြို့၏ လျှပ်စစ် ကဏ္ဍသည် နံပါတ် ၁ ဖြစ်ကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနက ဆိုသည်။ The post ရန်ကုန် ၂၇ မြို့နယ် ၂ ရက် အချိန်ပိုင်း လျှပ်စစ်မီး ပြတ်မည် appeared first on ဧရာဝတီ.
Source : https://ift.tt/2JhFUzQ
via IFTTT
No comments:
Post a Comment