ဒေါက်တာအေးမောင်ကို တရားစွဲဆိုမှုများ ပယ်ဖျက်ပေးရန် လျှောက်ထားချက် ပယ်ချခံရ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင် အား ဖြစ်စဉ်တခုတည်းအပေါ် အမှု ၃ ခုဖွင့်၍ တရားစွဲဆိုခဲ့ခြင်းမှာ ဥပဒေနှင့် ညီညွတ်မှု မရှိဟု ဆိုကာ အမှုအား ပယ်ဖျက်ပေးရန် လျောက်ထားချက်ကို မေလ ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ် တရားလွှတ်တော် က ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။ တည်ဆဲဥပေဒေ တခုဖြစ်သည့် စကားရပ်များ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက် ဥပဒေတွင် ပြုလုပ်မှုတခု (သို့မဟုတ်) ပျက်ကွက်မှု တခုသည် ဥပဒေတရပ်အထက် ပြစ်မှုမြောက်သော်လည်း ဥပဒေ တရပ်နှင့်သာ တရားစွဲဆိုရမည်ဟု ဖော်ပြထားသဖြင့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ရသေ့တောင်မြို့တွင် စာပေဟောပြောချက် တခုတည်းအပေါ် အမှု ၃ ခုဖွင့်ပြီး တရားစွဲဆိုခြင်းမှာ ဥပဒေ နှင့်ညီညွတ်မှုမရှိဟုဆိုကာ အကျိုးဆောင်ရှေ့နေများက ယခုနှစ် မတ်လ ၂၈ ရက်နေ့ ၇ ကြိမ်မြောက် ရုံးထုတ်အပြီးတွင် အမှုအား ပယ်ဖျက်ပေးရန်လျောက်ထားခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာ အေးမောင် အမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးစံရွှေမောင် က “ ဒီနေ့ အမှုကို ပယ်လိုက်ပါတယ်။ ဘာကြောင့် ပယ်တယ်ဆိုတာကိုတော့ စီရင်ချက်ထွက်လာခဲ့မှ စီရင်ချက်ကို ဖတ်ကြည့်မှသိမယ်။ အခုကတော့ ပယ်တယ်လို့ပဲ အမိန့်ချတယ်။ ကျနော်တို့ကတော့ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို ဆက်တက်၊ မတက်သင့်ဆိုတာကို အမှုသည် မိသားစုဝင်တွေနဲ့ တိုင်ပင်ရမယ်” ဟု ပြောသည်။ ဒေါက်တာအေးမောင် အမှုအား ရခိုင်တိုင်းရင်းသား ရှေ့နေများဖြစ်ကြသည့် တရား လွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်၊ ဦးစံရွှေမောင်၊ ဦးခင်နုနှင့် ဦးကျော်ညွန်မောင် တို့က အမှုလိုက်ပါ ဆောင်ရွက်ပေးလျက်ရှိသည်။ အမှုအား ပယ်ဖျက်ပေးရန် မတ်လ ၂၈ ရက်နေ့က လျောက်ထားချက်အပေါ် ပြည်နယ်တရားလွှတ်တော်က လက်ခံခဲ့ပြီးနောက် မေလ ၃ ရက်နေ့တွင် နှစ်ဘက် ရှေ့နေများက အပြန်အလှန် လျှောက်လဲချက်များ ပေးခဲ့ကြသည်။ အမှုအား ပယ်ဖျက်ပေးရန် လျောက်ထားချက်အပေါ် ယနေ့ အမိန့်ချမှတ်မည့် တရားရုံးချိန်းတွင် မိသားစုဝင်များနှင့်အတူ ဝန်းရံသူများ ပန်းစည်းကိုယ်စီဖြင့် လာရောက်ကြသော်လည်း ဒေါက်တာအေး မောင်နှင့် ကိုဝေဟင်အောင်တို့ကိုတော့ ရုံး ထုတ်လာမှု မရှိခဲ့ပေ။ ဒေါက်တာအေးမောင် အမှုအား ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်သန်းဝေ ကတော့ “တရားရုံးက ဒီနေ့ ပယ်ဖျက်ပေးဖို့ တောင်းဆိုချက် အမှု ၃ ခု လုံးကို ထည့်သွင်း မစဉ်းစားဘူးဆိုတဲ့ သဘောနဲ့ ပယ်ချလိုက်ပါတယ်။ ဒီလို ရှေ့နေတွေက ဥပဒေ၊ အထောက်အထား၊ စီရင်ထုံး အကိုးကားတွေနဲ့ တင်ပြချက်ကို အလေး အနက် မထားဘဲ ပယ်လိုက်ခြင်းဟာ တရားရေး မဏ္ဍိုင်ရဲ့ တည့်မတ်မှန်ကန်ခြင်း မရှိဘူးဆိုတာ ကျနော်အနေနဲ့ သုံးသတ်ပါတယ်” ဟု ဝေဖန်သည်။ ယင်းသို့ အမှုအား ပယ်ဖျက်ပေးရန် လျောက်ထားချက်အပေါ် ပြည်နယ်တရားလွှတ်တော်က ပယ်ချ လိုက်ခြင်းနှင့် ပတ်သက်၍ အမှုသည်နှင့် မိသားစုဝင်များက ကျေနပ်မှုမရှိပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံ တက်ရောက်ရန် အခွင့် အလမ်းရှိပြီး အယူခံမတက်ရောက်ပါက အောက်ရုံးတွင် အမှုအား ဆက်လက်ကြားနာရမည် ဖြစ်သည်။ ၇ ကြိမ်မြောက်ရုံးချိန်၌ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အမှုနှင့် ပတ်သက်၍ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးတို့တွင် အမှုများကို ခွဲပြီး တရားစွဲဆိုခြင်းမှာ အချိန်ကုန်ပြီး စွပ်စွဲခံရ သူများအနေဖြင့် နစ်နာမှုများ ရှိသဖြင့် တရားစွဲဆိုထားသည့် အမှု ၃ ခုလုံးကို ခရိုင်တရားရုံးသို့ ပြောင်းရွေ့ကာ တပေါင်းတည်း စစ်ဆေးရန် ရုံးပြောင်း လျှောက်ထား ခဲ့ကြောင်းလည်း မိသားစုဝင်များနှင့် အကျိုးဆောင်ရှေ့နေများထံမှ သိရသည်။ ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို ၌ကျင်းပသော ရခိုင်နိုင်ငံတော် အချုပ်အခြာအာ ဏာကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေ ဟောပြောပွဲနှင့် ပတ်သက်ပြီး ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ဟောပြောချက် များသည် ဥပဒေနှင့် မလွတ်ကင်းဟုဆိုကာ အစိုးရက မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ တို့နှင့် အမှုဖွင့်ကာ ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။ ဆက်စပ် ဖတ်ရှုရန် – ဒေါက်တာအေးမောင်အား စွဲဆိုထားသည့် အမှုတွဲ ပယ်ဖျက်ပေးရန် ပြည်နယ်တရားလွှတ်တော်သို့ တင် ဒေါက်တာ အေးမောင်ရဲ့ နိုင်ငံရေး အတက်အကျများ The post ဒေါက်တာအေးမောင်ကို တရားစွဲဆိုမှုများ ပယ်ဖျက်ပေးရန် လျှောက်ထားချက် ပယ်ချခံရ appeared first on ဧရာဝတီ.
Source : https://ift.tt/2J2VeNr
via IFTTT
No comments:
Post a Comment