မောင်တောရှိ ပိုင်ရှင်မဲ့ လယ်မြေဧက ၇ သောင်းကျော်အရေး အစိုးရ မဆုံးဖြတ်နိုင်သေး ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ပိုင်ရှင်မဲ့ လယ်ယာမြေ ဧက ၇ သောင်း ကျော်ကိစ္စ အား မည်သို့ လုပ်ကိုင်ဆောင်ရွက်မည်ဆိုသည်ကို ပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် မဆုံးဖြတ်နိုင်သေးပေ။ အဆိုပါ လယ်မြေဧက ၇ သောင်းကျော်မှာ ယခင်နှစ်များက ဘင်္ဂါလီကျေးရွာသာများက လုပ်ကိုင်ခဲ့သော လယ်မြေများ ဖြစ်ပြီး လက်ရှိ အချိန်တွင် ထိုဘင်္ဂါလီရွာသားများသည် တဘက်နိုင်ငံသို့ ဝင်ရောက် ထွက်ပြေးသွားကြသည့်အတွက် လုပ်ကိုင်မဲ့သူ လယ်မြေများ ဖြစ်နေသဖြင့် မည်သို့ စီမံ ဆောင်ရွက်မည်ဆိုသည်ကို မဆုံးဖြတ်နိုင်သေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က ပြောသည်။ ဝန်ကြီး ဦးကျော်လွင်က “ကျနော်တို့ကတော့ ပြည်ထောင်စုရဲ့ သဘောထားအတိုင်းပဲ။ ပြည်ထောင်စုက ဘယ်လိုလုပ်မယ် ဆိုတာ ပြည်ထောင်စုရဲ့ မူဝါဒကိုေyစာင့်နေရပါတယ်။ လယ်ဧက ၇ သောင်းကျော်ကို ပြည့်ပြည့်ဝဝ လုပ်မယ့် လူကလည်း မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မောင်တောမြို့နယ်အတွင်းရှိ လယ်ယာလုပ်ကိုင်ကြသည့် တိုင်းရင်းသားလယ်သများများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ထောက်ပံ့ပေးသွားမည် ဖြစ်သလို တဘက်နိုင်ငံသို့ ထွက်မပြေးဘဲ ကျန်နေခဲ့သော ဘင်္ဂါလီရွာသားများကိုလည်း ယခင်လုပ်ကိုင်နေကျ လယ်မြေများကို ဆက်လက် လိုက်ကိုင်ခွင့်ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ မောင်တောမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုံးကမူ ၎င်းလယ်မြေ ဧက ၇သောင်းကျော်အား ထွန်ယက်စိုက်ပျိုးခြင် းမပြုဘဲ ပလပ်ထားခြင်းမည့်အစား လုပ်ကိုင်လိုသည့် တိုင်းရင်းသား လယ်သမားများနှင့် စက်ယန္တရားများ ပိုင်ဆိုင်ထားသည့် ကုမ္ပဏီများသို့ အငှားစနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးသင့်ဟု ထောက်ပြသည်။ ဦးမောင်အုံးက “လယ်မြေတွေကို ဒီအတိုင်း ပစ်ထားလို့ကတော့ ဘယ်ကောင်းမလဲ၊ လုပ်ကိုင်လိုတဲ့ ဒေသခံ တိုင်းရင်းသားနဲ့ လယ်မရှိတဲ့ လယ်သမားတွေကို လုပ်ခွင့်ပေးသင့်တယ်။ နောက်ပြီးတော့ စက်ယန္တားရှိတဲ့ ကုမ္ပဏီတွေ အငှားစနစ်နဲ့ လုပ်ပိုင်ခွင့်ပေးရင် ကောင်းမယ်လို့ ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။ မောင်တောမြို့နယ်အတွင်းရှိ အဆိုပါ လယ်မြေဧက ၇ သောင်းကျော်အနက် ဧက ၁ သောင်းကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ထွန်ယက်စိုက်ပျိုးရန် စီစဉ်ခဲ့သော်လည်း လုပ်သားအခက်အခဲနှင့် ထိန်းသိမ်းမှု အခက်အခဲများ ရှိလာနိုင်သည့်အတွက် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်းလည်း ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတိုးဝေက ပြောသည်။ ဦးတိုးဝေက “ကျနော်တို့ အဲဒီလယ်ဧက ၇ သောင်းကျော်ထဲ ဧက ၁ သောင်းကျော်ကို စိုက်ပျိုးဖို့ စီစဉ်ခဲ့တယ်။ ဒါပေမယ့် လုပ်သားအခက်အခဲရယ် ထိန်းသိမ်းမှု အခက်အခဲတွေ ရှိလာနိုင်တဲ့အတွက် အဲဒီအစီအစဉ်ကို မလုပ်ဖြစ်ခဲ့ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။ လက်ရှိအချိန် မောင်တောမြို့နယ်အတွင်း ပိုင်ရှင်မဲ့ လယ်မြေဧက ၇ သောင်း ကျော်ရှိနေပြီး တချို့သော သတင်းမီဒီယာများတွင် ဖော်ပြသလို ကုမ္ပဏီများကို ငှားရမ်းပြီး လုပ်ကိုင်ခွင့်ပေးထားသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်းလည်း ဝန်ကြီး ဦးကျော်လွင်က ဆက်လက်ပြောကြားသည်။ ပြီးခဲ့သော ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သော အရေးအခင်းနောက်ပိုင်းတွင် မောင်တောဒေသအတွင်း ရိတ်သိမ်းသူမဲ့ ကျန်နေခဲ့သော စပါးခင်း ဧက ၇ သောင်းကျော်ကို နိုင်ငံတော်အစိုးရအဖွဲ့က ကွင်းဆင်းရိတ်သိမ်းပေးခဲ့ရသည်။ ရခိုင်ပြည်နယ်အတွင်း စပါးစိုက်ပျိုးမြေ ဧက ၁၁ သန်းရှိပြီး မောင်တောမြို့နယ်တွင် ဧက ၇၄၀၀၀ ကျော်၊ ဘူးသီးတောင်မြို့နယ်တွင် ဧက ၇၇၀၀၀ ကျော်၊ ရသေ့တောင်မြို့နယ်တွင်း ဧက ၈၈၀၀၀ ကျော်ရှိကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ The post မောင်တောရှိ ပိုင်ရှင်မဲ့ လယ်မြေဧက ၇ သောင်းကျော်အရေး အစိုးရ မဆုံးဖြတ်နိုင်သေး appeared first on ဧရာဝတီ.
Source : https://ift.tt/2xrUaRV
via IFTTT
No comments:
Post a Comment