Friday, May 25, 2018


ပြည့်တန်ဆာလုပ်၍ ဖမ်းဆီးခံရသူ တရုတ်နိုင်ငံသားများ လူကုန်ကူး မခံရ ဟု ရဲက ဆို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်အတွင်း အလှပြင်ဆိုင်ဖွင့်၍ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြ သောကြောင့် ရဲတပ်ဖွဲ့၏ ဝင်ရောက်ဖမ်းဆီးခံရမှုတွင် ပါဝင်နေသူများတွင် ပတ်စ်ပို့၊ ဗီဇာများနှင့်အတူ ရန်ကုန်လေကြောင်းလိုင်းမှ ဝင်လာသည့် အထောက်အထားများကိုပါ တွေ့ထား၍ လူကုန်ကူးမှု မရှိဟု တောင်ဥက္ကလာပမြို့နယ်ရဲစခန်းမှ ပြောဆိုသည်။ ၎င်း တရုတ်နိုင်ငံသားများကို ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပုဒ်မများအပြင် တချို့ကို လဝကဥပဒေများဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း ဆိုသည်။ “သူတို့ ဒီနိုင်ငံကို စီးပွားရေးဗီဇာနဲ့ ဝင်လာတယ်။ တကယ်လုပ်တာက မဟုတ်တာလုပ်တာ။ ဗီဇာသက်တမ်းတော့ ရှိတယ်။ မကုန်သေးဘူး။ သို့သော် ဗီဇာစည်းကမ်းပါအချက်တွေနဲ့ မကိုက်ညီလို့ ဗီဇာစည်းကမ်ဖောက်ဖျက်မှုနဲ့ လဝကက ဆက်ပြီး အရေးယူဖို့ရှိတယ်။ အရေးလည်း ယူနေပြီ” ဟု တောင်ဥက္ကလာပမြို့နယ်ရဲစခန်းမှ စခန်းမှူးက ဧရာဝတီကို ပြောသည်။ ရဲတပ်ဖွဲ့၏ ကနဦသတင်းထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံသူ ပြည့်တန်ဆာ အမျိုးသမီး ၁၇ ဦး၊ တရုတ်နိုင်ငံ ဟူပိန်ပြည် နယ်နေ ပတ်စ်ပို့/ဗီဇာမရှိသည့် တရုတ်နိုင်ငံသား ဆိုင်မန်နေဂျာ ၂ ဦးနှင့် ကွတ်ခိုင်မြို့နယ်နေ ဆိုင်ဝန်ထမ်း ကျား ၃ ဦး၊ မ ၃ ဦး စုစုပေါင်း ၂၅ ဦးတို့ အား ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ သို့ရာတွင် ဧရာဝတီက တောင်ဥက္ကလာပမြို့နယ်ရဲစခန်းသို့ သွားရောက်မေးမြန်းရာတွင်မူ ပတ်စ်ပို့/ဗီဇာမရှိဟု ကနဦးဖော်ပြထားသည့် တရုတ်နိုင်ငံသား ဆိုင်မန်နေဂျာ ၂ ဦးမှာ ပတ်စ်ပို့/ဗီဇာ ရှိသွားပြီး ယခင် ဖမ်းဆီးသော အချိန်တွင် လက်ဝယ် မရှိသောကြောင့် ဟု ရဲစခန်းမှူးက ဆိုသည်။ “အားလုံးသည် တရားဝင် ရန်ကုန်လေကြောင်းကနေ လာတဲ့သူတွေပဲ လူကုန်ကူး မရှိပါဘူး။ ဆိုင်က ဖွင့်တာ သိပ်မ ကြာသေးဘူး။ ဒီလူတွေရောက်လာတာလည်း သိပ်မကြာသေးဘူး။ တပတ်ဆယ်ရက် အဲလောက်ပဲ ရှိအုံးမယ်” ဟု ၎င်းက ပြောသည်။ ရဲတပ်ဖွဲ့၏ ကနဦသတင်းထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံသူ ပြည့်တန်ဆာ အမျိုးသမီး ၁၇ ဦးကို ပြည့်တန်ဆာနှိပ်ကွက်ရေး အက်ဥပဒေပုဒ်မ ၃(က)/ (ခ) ဖြင့်လည်းကောင်း၊ ဆိုင်မန်နေဂျာ Peng An Ting အပါ တရုတ်နိုင်ငံသား ၂ ဦးနှင့် ဆိုင်ဝန်ထမ်း မမိုးမိုး(ခ)အားဖျင် အပါ ၈ ဦး တို့ကို ပြည့်တန်ဆာနှိပ်ကွက်ရေး အက်ဥပဒေပုဒ်မ ၅(၁)ဖြင့် အရေးယူထားသည်ဟု ဆိုသည်။ တောင်ဥက္ကလာပမြို့နယ်ရဲစခန်းမှ စခန်းမှူးက ဧရာဝတီကို ပြောဆိုရာတွင်မူ လဝက ဥပဒေဖြင့် တချို့ကို ဆက်လက် အရေးယူမည်ဟုလည်း ဆိုသော်လည်း လဝက အက်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိနေသော လူအရေအတွက်ကိုမူ ထုတ်ဖော်ပြောခြင်း မရှိပါ။ လဝက သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းသောအခါလည်း တာဝန်ခံ ဖြေကြားမည့်သူ မရှိပါ။ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၈ ရပ်ကွက်ထဲတွင် Oriental Spa အမည်ဖြင့် လုပ်ငန်းလိုင်စင်မရှိဘဲ အလှပြင်ဆိုင် လုပ်ငန်းကို ဗန်းပြ၍ ရေချိုးခန်း၊ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် တောင်ဥက္ကလာရဲစခန်းမှ တပ်ဖွဲ့ဝင်များက မေ ၂၂ ရက် နံနက် ၄ နာရီအချိန်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့က မေ ၂၃ ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။ Oriental Spa ဆိုင်ပိုင်ရှင်ကို စုံစမ်းနေဆဲဖြစ်ပြီး လုပ်ငန်းလိုင်စင်မရှိမှု အတွက်လည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တောင်ဥက္ကလာရဲစခန်း စခန်းမှူးက ပြောဆိုသည်။ တောင်ဥက္ကလာ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ၎င်း၏မဲဆန္ဒနယ်မြေထဲတွင် ယင်းကဲ့သို့ ဥပဒေ မလွတ်ကင်းသည့်လုပ်ငန်းများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်ရန်နှင့် သတင်းရရှိခဲ့ပါကလည်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် မြို့နယ်အတွင်း လစဉ်ပြုလုပ်သည့် ဒေသန္တရဖွံ့ဖြိုးရေးအစည်း အဝေးတွင် တိုက်တွန်းသွားရန် ရှိကြောင်း ပြောဆိုသည်။ ” လွှတ်တော် ကိုယ်စားလှယ်ကို အကြောင်းမကြားဘူး။ စာနယ်ဇင်း မေးမြန်းမှ ပြန်စုံစမ်းလို့ သိရတာ။ ဒါက ပုံမှန် ရာဇဝတ်မှု ဖမ်းတာမဟုတ်ဘူး။ နိုင်ငံခြားသားတွေပါလာပြီဆိုတော့ အမတ်ကို အကြောင်းကြားသင့်တယ်” ဟု ဦးမိုးမြင့်က ပြောသည်။ The post ပြည့်တန်ဆာလုပ်၍ ဖမ်းဆီးခံရသူ တရုတ်နိုင်ငံသားများ လူကုန်ကူး မခံရ ဟု ရဲက ဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2IMOJ1k
via IFTTT

No comments:

Post a Comment