ဦးကိုနီလုပ်ကြံမှု အမှုတွဲများကို တရားရှင်လွှတ်ပေးရန် လျှောက်ထား ဦးကိုနီ လုပ်ကြံခံရမှုတွင် ဖမ်းဆီးခံထားရသည့် အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့အပေါ် စွဲချက်တင်ထား သည့် ပုဒ်မများအား ပယ်ဖျက်ကာ အမှုမှ တရားရှင်လွတ်ပေးရန် သံသယတရားခံများ၏ ရှေ့နေများက ယနေ့ မေလ ၂၅ ရက်နေ့ ရန်ကုန် တိုင်းတရားလွှတ်တော် တရားခွင် ကြားနာမှုတွင် လျှောက်ထားတင်ပြသည်။ တိုင်းတရားလွှတ်တော် ကြားနာမှုသည် အောက်ရုံးဖြစ်သည့် မြောက်ပိုင်းခရိုင် တရားရုံးက ဦးကိုနီလုပ်ကြံခံရမှုတွင် စွပ်စွဲခံထားရသူများအပေါ် စွဲချက်များပြင်ဆင်ချက် လျှောက်ထားသည့် ကြားနာခြင်းဖြစ်သည်။ သံသယတရားခံများ၏ရှေ့နေ ဦးကျော်ကျော်ထိုက် က “တရားလိုက ဒီလူတွေ အပြစ်ရှိပါတယ်ဆိုတာကို သက်သေ ပြရမယ့်တာဝန် သူ့မှာရှိတယ်၊ ဒီတာဝန်ကို သူမကျေပွန်ဘူးလို့ ယူဆတယ်၊ လုံလောက်တဲ့ သက်သေ အထောက်အထား ကျန်သူတွေ အပေါ် မရဘူးလို့ ယုံကြည်တဲ့အတွက် ဒီပြင်ဆင်မှုကို တက်တာပါ။ ဘယ်လို အမိန့်ပဲချချ ဥပဒေနည်းလမ်းနဲ့အညီ ဆောင်ရွက်မယ်လို့ ယုံကြည်တယ်” ဟု ပြောသည်။ ပူးပေါင်းကြံစည်မှုဖြင့် စွပ်စွဲခံရသူများအား တိုင်းတရားလွှတ်တော်ကြားနာမှုတွင် ဦးကိုနီကို သတ်မှုဖြင့် ကြည်လင်း အပေါ် ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့်စွဲချက် တင်ထားမှုအား ပုဒ်မ ၃၀၂(၂) အဖြစ်ပြောင်းလဲပေးရန် ၎င်း၏ ရှေ့နေမှတင်ပြသွားသည်။ ကြိုတင်ကြံစည် လူသတ်မှု ရာဇသတ်ဥပဒေ ပုဒ်မ ၃၀၂(၁)(ခ) သည် သေဒဏ်ချမှတ်ရမည့်ပုဒ်မဖြစ်ပြီး စွပ်စွဲခံရသူ၏ ရှေ့နေမှ ပြင်ဆင်ပေးရန် လျှောက်ထားသည့် ပုဒ်မ ၃၀၂(၂) သည် ထောင်ဒဏ် တသက်တကျွန်းဖြစ်စေ၊ ၁၀ နှစ် အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။ လေဆိပ်အငှားယာဉ်မောင်း ဦးနေဝင်းအား သေဆုံးစေခဲ့သည့် အတွက် ကြည်လင်းအား ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင်ထားမှုကိုလည်း ပုဒ်မ ၃၀၄ သို့လည်းကောင်း ပြင်ဆင်ပြောင်းလဲပေးရန် ၎င်း၏ရှေ့နေ ဦးကျော်ကျော်ထိုက် က တင်ပြခဲ့သည်။ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄ သည် လူသတ်မှု မမြောက်သည့် ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေစေမှုအား ကျူးလွန်ပါက တသက် တကျွန်းဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။ ထို့ပြင် ကြည်လင်းအား ၁၈၇၈ ခုနှစ် လက်နက်အက် ဥပဒေ အရ တရားမဝင်လက်နက် သယ်ဆောင်မှု ပုဒ်မ ၁၉ (ဃ)၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉(စ) တို့ဖြင့် စွဲချက်တင်ထားမှုကိုလည်း တရားမဝင် လက်နက် ကိုင်ဆောင်မှု တခုတည်းကိုသာ ပြင်ဆင်ပြောင်းလဲပေးရန် လျှောက်ထားခဲ့သည်။ ကြည်လင်းသည် အင်ဒိုနီးရှားနိုင်ငံမှ ပြန်လာသည် ဦးကိုနီအား မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးရာ ယာဉ်မောင်း ဦးနေဝင်း အပါအဝင် လေဆိပ်တက္ကစီ ယာဉ်မောင်းများ၏ ဝိုင်းဝန်း ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထိုသို့ ဖမ်းဆီးစဉ်တွင် ဦးနေဝင်းသည် သေနတ်မှန်၍ သေဆုံးခဲ့သည်။ စွဲချက်များပြင်ရေးနှင့် ပတ်သက်၍ သေဆုံးသူ လေဆိပ်အငှားယာဉ်မောင်း ဦးနေဝင်း၏ဇနီး မစုသက်ခိုင်၏ ရှေ့နေဖြစ်သူ ဦးရောဘတ်ဆန်းအောင် က ပြန်လည်လျှောက်ထားရာတွင် ကြည်လင်း အပါအဝင် ဖမ်းဆီးထားသူများအားလုံးအား စွဲချက်တင်ထား သည့် ပုဒ်မများ အပြင် ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၁၊ ၄၉၊ ၅၄ တို့ဖြင့်လည်း ထပ်မံဖြည့်စွက် အရေးယူသင့်ကြောင်း တင်ပြခဲ့သည်။ ထို့အပြင် အာမခံဖြင့် လွှတ်ပေးထားသည့် အောင်ဝင်းထွန်းကိုလည်း မူလစွဲချက် ပုဒ်မ ၂၁၂ မှ ၂၂၅ သို့ ပြောင်းလဲ တရားစွဲသင့်ကြောင်းလည်း ဦးရောဘတ်ဆန်းအောင်က တင်ပြသည်။ ရာဇသတ်ကြီး ဥပဒေပြဌာန်းချက်အရ ၎င်းလက်သင့်ခံသူ၏ ပြစ်မှုအပေါ် မူတည်၍ ပြစ်မှုကျူးလွန်သူကို လက်သင့်ခံခြင်း ပုဒ်မ ၂၁၂ သည် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ပြီး တရားလိုမှ ပြောင်လဲရန်တင်ပြသည့် အခြားသူအား ဥပဒေနှင့် အညီ ဖမ်းဆီးသည်ကို ခုခံခြင်း သို့မဟုတ် ဟန့်တားခြင်း ပုဒ်မ ၂၂၅ သည် တသက် တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထက်မပိုသော ထောင်ဒဏ်တမျိုးမျိုးကိုဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။ ယနေ့ နှစ်ဘက် ရှေ့နေများ၏ လျှောက်ထားမှုနှင့်ပတ်သက်ပြီး အမိန့်ချမှတ်မည့်ရက်အား ယခုလ ၂၈ ရက်နေ့တွင် ကြေညာဖွယ်ရှိကြောင်း သိရသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် သေနတ်သမားကြည်လင်း၏ ပစ်ခတ်လုပ်ကြံမှုကို ခံခဲ့ရခြင်းဖြစ်သည်။ The post ဦးကိုနီလုပ်ကြံမှု အမှုတွဲများကို တရားရှင်လွှတ်ပေးရန် လျှောက်ထား appeared first on ဧရာဝတီ.
Source : https://ift.tt/2LumxSK
via IFTTT
No comments:
Post a Comment