Thursday, May 31, 2018

The Voice

လေးနှစ်ကျော်ကြာမြင့်လာပြီးနောက် MH 370 လေယာဉ်ရှာဖွေမှုများအားလုံး ရပ်ဆိုင်း၊ တိကျသည့် အဖြေတစ်စုံတစ်ရာ ဖော်ထုတ်ပေးနိုင်ခြင်း မရှိ ဆစ်ဒနီ၊ မေ ၃၀ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းမြို့သို့ ပျံသန်းသွားရင်း ပျောက်ဆုံးခဲ့သော မလေးရှားလေကြောင်းလိုင်း ခရီးစဉ်အမှတ် MH 370 ကို လေးနှစ်ဆက်တိုက် သီးခြားရှာဖွေခဲ့ရာမှ ယခုအခါ ရှာဖွေမှုများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရှာဖွေရေးအာဏာပိုင်များ၏ ပြောကြားချက်ကို BBC သတင်းဌာနက ကိုးကားဖော်ပြသည်။ အမေရိကန်အခြေစိုက် Ocean Infinity အဖွဲ့သည် ပင်လယ်သမုဒ္ဒရာရေနက်ပိုင်း သုတေသနပြုသည့် ရေယာဉ်အသုံးပြုကာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းဒေသတွင် ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေမှုပြုခဲ့သည်။ သို့သော် MH 370 နှင့်ပတ်သက်၍ အစအနတစ်စုံတစ်ရာကိုမျှ မရရှိခဲ့ပေ။ သို့အတွက်ကြောင့် မလေးရှားအစိုးရက နောက်ထပ်ရှာဖွေမှုအသစ်များ ပြုလုပ်ရန် အစီအစဉ်မရှိတော့ကြောင်း ပြောကြားသည်။ ခရီးသည်ပေါင်း ၂၃၉ ဦးလိုက်ပါသွား သည့် MH 370 လေယာဉ်အားရှာဖွေမှုနှင့် ပတ်သက်၍လည်းကောင်း၊ ပျောက်ဆုံးသွားမှုနှင့်ပတ်သက်၍လည်းကောင်း အငြင်းအခုံများစွာ ပေါ်ပေါက်ခဲ့သလို ယနေ့ထိလည်း ပေါ်ပေါက်နေဆဲဖြစ်သည်။ ယင်းလေယာဉ်ပေါ်၌ မိခင်ဖြစ်သူ ပါသွားခြင်းကြောင့် ယနေ့အထိ ပူဆွေးဝမ်းနည်းနေရသူ ဂရေ့စ်နေသန်က သူမအနေနှင့် ရှာဖွေမှုများရပ်ဆိုင်းခြင်းကို ကန့်ကွက်ကြောင်း ပြောကြားသည်။ “လူတွေကတော့ ထင်ကြလိမ့်မယ်၊ အဲဒါနောက်ကို ခုချိန်ထိ ဘာလို့လိုက်နေကြသလဲပေါ့၊ ခုဆို လေးနှစ်တောင်ရှိခဲ့ပြီဆိုတော့။ အဓိက အရေးကြီးတာက လူတွေအနေနဲ့ MH 370 ဟာ သမိုင်းကြောင်းမဟုတ်ဘူးဆိုတာကို အမှတ်ရနေဖို့ပါပဲ”ဟု Guardian သတင်းစာသို့ ပြောကြားသည်။ MH 370 လေယာဉ်ပျောက်ဆုံးမှုအတွက် တိကျသေချာသော အဖြေတစ်ခုကို ယနေ့အထိမည်သူကမျှ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ လေယာဉ် သို့မဟုတ် အစိတ်အပိုင်းတစ်ခုကို ရှာဖွေခြင်းသည် အခရာကျသောအဖြေကို ပေးနိုင်သည်မှာမှန်သော်လည်း စုံစမ်းစစ်ဆေးရေးအရာရှိများအနေနှင့် လေယာဉ်၏ နောက်ဆုံးအချိန်ကာလများနှင့်ပတ်သက်၍ ရရှိထားသော သတင်းအချက်အလက်မှာ အနည်းငယ်မျှသာရှိထားသည်။ သို့အတွက်ကြောင့် ကျွမ်းကျင်သူ ပညာရှင်များအနေနှင့် တိပရေရာသော နိဂုံးချုပ်အဖြေတစ်ခုကို မထုတ်နိုင်ဘဲရှိနေခဲ့သည်။ MH 370 အနေနှင့် ပိုင်းလော့ (လေယာဉ်မှူး) ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သလော၊ သို့မဟုတ် ထိန်းချုပ်မှုမဲ့ကာ ပင်လယ်ထဲသို့ ထိုးကျသွားခြင်းလောဟူသည်ကို ခွဲခြား၍မရနိုင်ဘဲဖြစ်နေခဲ့သည်။ MH 370 နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားသော သီအိုရီတစ်ခုမှာ ယင်းလေယာဉ်သည် ပင်လယ်ထဲသို့ တမင်ထိုးချခြင်းခံခဲ့ရသည်။ သို့သော်လည်း ဩစတြေးလျ စုံစမ်းစစ်ဆေးရေးမှူးများက ယင်းအဆိုကိုငြင်းပယ်ပြီး လေယာဉ်မှူးသည် နောက်ဆုံးအချိန်ကာလတွင် သတိလက်လွတ်ဖြစ်နေခဲ့သည်ဟု ဆိုသည်။ အင်ဂျင်နှင့်စက်ပစ္စည်း ချို့ယွင်းမှုဟူသည်မှာလည်း နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုဖြစ်သည်။ သို့သော်လည်း ယင်းကိစ္စအတွက် တရားဝင်ထုတ်ပြန် ရှင်းလင်းနိုင်ခြင်းမရှိဘဲ ပဟေဠိဆန်သော သီအိုရီများသာ ဆက်တိုက်ထွက်ပေါ်ခဲ့သည်။ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး အန်တိုနီလိုကီက MH 370 ပျောက်ဆုံးမှုနှင့်ပတ်သက်သည့် အစီရင်ခံစာအပြည့်အစုံကို ထုတ်ဝေသွားမည်ဖြစ်သည်ဟု ဆိုသည်။ သို့သော် မည်သည့် နေ့ရက်တွင် ထုတ်ဝေမည်ဟူသောအချက်ကို ဖော်ပြခြင်းမရှိပေ။ ဩစတြေးလျ၊ မလေးရှားနှင့် တရုတ်နိုင်ငံတို့သည် ယင်းလေယာဉ်နှင့်ပတ်သက်၍ ခိုင်မာသည့် သက်သေအထောက်အထား ပေါ်ပေါက်လာမှသာ ရှာဖွေမှုများကို ပြန်လည်စတင်သွားရန် သဘောတူညီခဲ့ပြီးဖြစ်သည်။ မလေးရှားအစိုးရကအဆိုပါ ပျောက်ဆုံးလေယာဉ်အတွက် သီးခြားရှာဖွေရေး (အခြားနိုင်ငံများနှင့် ပူးပေါင်းမှုမပြုသော ရှာဖွေရေး) ဆက်လုပ်တော့မည်မဟုတ်ဟု ဆိုသည်။ သို့သော် မလေးရှားဝန်ကြီးချုပ်ဖြစ်ရန် တစ်ပြေးနေသည့် အန်ဝါအီဘရာဟင်က နောက်ထပ်ရှာဖွေဖော်ထုတ်မှုများ လုပ်ဆောင်ရမည်ဖြစ်သည်ဟု ဆိုသည်။
Source : https://goo.gl/JDxc54
via IFTTT

No comments:

Post a Comment