မန္တလေး အောင်သာယာရပ်ကွက် မီး၊ ကလေးတဦးသေဆုံး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်တွင် ယနေ့နံနက် ၂နာရီခန့်က မီးလောင်မှု ဖြစ်ပွားရော ၁၂နှစ် အရွယ် ကလေးငယ်တဦး သေဆုံးပြီး၊ လူကြီးတဦး ဒဏ်ရာရရှိကြောင်း မန္တလေး ခရိုင်မီးသတ်ဦးစီးဌာနက သိရသည်။ အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ အောင်သာယာရပ်ကွက်၊ ၄၄လမ်းနှင့်၄၅လမ်းကြား၊ ပိတောက်လမ်းနှင့် မြတ်လေး လမ်းကြား ရှိ ပေ၃၀×၂၀ပေ အုတ်ညှပ်နံကပ်၊သွပ်မိုး၂ထပ်နေအိမ်အောက်ထပ် အိပ်ခန်း အတွင်း ကုတင်ဘေး၌ ခြင်းဆေးခွေ မီးထွန်း ထားရာမှ မွေ့ရာသို့ကူးဆက်ကာ မီးလောင်မှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်။ မန္တလေး ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်က “မီးလောင်မှုကို သတင်းရတော့ Level 2 သုံးခဲ့တယ်၊ ခြင်ဆေးခွေထွန်းပြီး ညအိပ်တယ်၊ လူကအိပ်ပျော်သွားရင် ဘာမှကို မသိတော့ဘူး၊ အိပ်ပျော်ချိန် ခြင်းဆေး ခွေကို တွန်းမိတိုက်မိသွားမယ်၊ မွေ့ရာပေါ်ကျပြီး မီးကအူလာမယ်၊ မီးခိုးတွေ ထွက်လာမယ်၊ မီးခိုးကနေ မီးတောက်လိုက် လာတယ်၊ ဖြစ်စဉ်က လူတွေအိပ်ပျော်နေတဲ့ အချိန်မျိုးမှာဖြစ်တာဆိုတော့ အသက်အန္တရာယ်ရှိခဲ့တာလို့ ပြောချင်ပါတယ်” ဟု ပြောသည်။ အဆိုပါမီးလောင်မှုကြောင့် အိမ်ပိုင်ရှင်၏ မြေးဖြစ်သူ အသက်၁၂အရွယ် မောင်ဝေယံဖြိုးမှာ သေဆုံး ခဲ့ပြီး၊ ပိုင်ရှင်၏သားဖြစ် သူ ဦးအောင်ကျော်စိုး(၃၃)နှစ်မှာ ယာလက်မောင်း၊ ဝဲပေါင်၊ မျက်နှာ၊ ရင်ဘတ်နှင့် ကုတ်ပိုးများတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးအထွေထွေရောဂါ ကုဆေးရုံးကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ “သေဆုံးတဲ့ကလေးအိပ်ပျော်နေတဲ့အခန်း မီးလောင်လို့ အပူအားများပြီးဆိုမှ လူကြီးတွေက သိတာ၊ အဲဒီအချိန်မှာ ကလေး ကို ဆွဲထုတ်တဲ့အချိန်မှာ သူ့အဖေလည်း မီးဟတ်သွားခဲ့တယ်၊ လက်ရှိအချိန်မှာ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်”ဟု ဦးထက်အောင်က ဆက်လက်ပြောသည်။ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူူ ဦးသန်းဇော်ဦး ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်နှင့် သန္ဓေတပ်ဖွဲ့ ဝင်(၇၀)ဦး၊ အရန်တပ်ဖွဲ့ဝင် (၁၁၀)ဦး၊ မီးငြှိမ်းသတ်ယာဉ် ၂၄ စီး၊ ရေသယ်ယာဉ် ၆စီး၊ ကွပ်ကဲမှုယာဉ် ၂ စီးတို့ဖြင့်ငြှိမ်းသတ် ခဲ့ရာ နံနက် ၂ နာရီ ၂၅ မိနစ်ချိန်တွင် မီးငြိမ်းခဲ့သည်။ မီးလောင်မှုဖြစ်စဉ်ကြောင့် ပေ၃၀×၂၀ပေ အုတ်ညှပ်နံကပ်၊သွပ်မိုး၂ထပ်နေအိမ်တလုံး၊ ပေ၃၀× ၁၅ပေ အုတ်ညှပ်နံကပ်၊ သွပ်မိုး၂ထပ်နေအိမ်တလုံးနှင့် Mitsubishi Pajero ကားတစီး ဆုံးရှုံးခဲ့ပြီး၊ စုပေါင်းတန်ဖိုး ကျပ် ၈၉၅၀၀၀၀ ခန့် ဆုံးရှုံးခဲ့ ကြောင်း မီးလောင်မှုမှတ်တမ်းများအရ မန္တလေးခရိုင် မီးသတ်ဦးစီးဌာနက သိရသည်။ မီးလောင်မှုနှင့်ပတ်သက်၍ အဆိုပါအိမ်ပိုင်ရှင် ဦးတိုး ၅၅နှစ် (ဘ) ဦးစိုးသိန်းအား ချမ်းမြသာစည် မြို့နယ်၊ အောင်ပင်လယ် ရဲစခန်းမှ (ပ)၂၇၉/၂၀၁၈၊ ပုဒ်မ ၂၈၅၊ ရာဇသတ်ကြီးဥပဒေ ၃၀၄(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ “ပြောချင်တာကတော့ အိပ်တဲ့အချိန်တွေမှာ မီးကိုပေါ့ဆစွာမသုံးစွဲသင့်ဘူး၊ ညအိပ်တော့မယ်ဆိုရင် မိမိတို့အိမ်မှာ အားသွင်း ထားတာတွေ ဖြုတ်ထားသင့်တယ်၊ မီးဖိုချောင် မီးသုံးစွဲမှုတွေကိုလည်း စစ်ဆေးသင့်တယ်၊ ညအိပ်မီးလောက်ပဲ ထွန်း ထားပြီးတော့ ကျန်တာတွေ အသုံးသင့်ဘူး၊ အဲယားကွန်းတွေအသုံးပြုမယ်ဆိုရင်လည်း လုံခြုံစိတ်ချရတဲ့ Sagfeguard မျိုးကို သုံးသင့်တယ်၊ ပြည်သူကို အသိပေးချင်တာကတော့ မိမိတို့ရပ်ကွက်မှာရှိတဲ့ အရံမီးသတ်တပ်ဖွဲ့ရဲ့ ဖုန်းနံပါတ်တွေနဲ့ သက်ဆိုင်ရာရဲ့ဖုန်းနံပါတ်တွေကို ရယူထားသင့်တယ်လို့ အကြံပြုချင်ပါတယ်” ဟု ဦး ထက်အောင်က ပြောသည်။ မန္တလေးခရိုင်အတွင်း၌ မေလ၁ရက်နေ့မှ ၂၆ရက်နေ့အထိ မီးလောင်မှုအကြိမ်ရေ ၁၃ကြိမ်အထိ ရှိခဲ့ပြီး မေ၂၂ ရက်နေ့က ချမ်းအေးသာစံမြို့နယ်၊ မန်းမြန်မာပလာဇာအပေါ်ထပ် မီးလောင်မှု၊ ၂၃ ရက်က အောင်မြေသာစံမြို့နယ် လျှပ်စစ်ဓါတ်အား ခွဲရုံ၊ ထရန်စဖေါ်မာ မီးလောင်မှု၊ ၂၄ ရက်နေ့က အောင်မြေသာစံမြို့နယ်၊ အမရဌာနီရပ်ကွက် နေအိမ်မီးလောင်မှု၊ မေ ၂၅ ရက်က အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာ၊ နေအိမ်တစ်ခုတွင် ဘုရားမီးပူဇော်စဉ် အိမ်ထရံ မီးစွဲလောင်ကာ မီးလန့်ခဲ့မှုများ ဖြစ်ပွားခဲ့ရာ ယခုရက်ပိုင်းအတွင်း နေ့စဉ်ဖြစ်ပွားနေလျက်ရှိကြောင်း၊ အဆိုပါမီးလောင်မှုများအနက် လူအသက်သေဆုံးမှုမှာ ယခု မီးလောင်မှုတမှုသာရှိကြောင်း သိရသည်။ The post မန္တလေး အောင်သာယာရပ်ကွက် မီး၊ ကလေးတဦးသေဆုံး appeared first on ဧရာဝတီ.
Source : https://ift.tt/2sf6Vts
via IFTTT
No comments:
Post a Comment