ပြင်သစ်မှာ စာရွက်စာတမ်းမဲ့နေထိုင်တဲ့ ရွှေ့ပြောင်းသူဖြစ်တဲ့ မာမိုဒူ ဂက်ဆာမာအနေနဲ့ လူသိရှင်ကြားမနေဘဲ ပုန်းလျှိုးကွယ်လျှိုးနေထိုင်တာ အကောင်းဆုံးမှန်း သိပါတယ်။ ဒါပေမယ့် ပဲရစ်မြို့ လေးလွှာရဲ့ဝရန်တာကနေ တွဲလောင်းကျနေတဲ့ ကလေးငယ်တစ်ယောက်ကို မြင်ရတဲ့အခါ သူ လှုပ်ရှားရတော့မယ်မှန်း ခံစားသိရှိလိုက်ပါတယ်။ အဲသည်အချိန်မှာ ဂက်ဆာမာ (၂၂ နှစ်) ဟာ သူ့ကိုယ်သူရော၊ သူ့အကြောင်း လူသိပြီး မာလီကို ပြန်ပို့ခံရမယ့်အန္တရာယ်ကိုပါ မတွေးမိပါဘူး။ အဲသည်အစား သူဟာ ဝရန်တာတစ်ခုနဲ့ တစ်ခုကူးပြီးနောက် ငိုနေတဲ့ လေးနှစ်သားကလေးငယ်ကို ဘေးကင်းရာကို ပို့ဆောင်နိုင်ခဲ့ပါတယ်။ တနင်္လာနေ့မှာ သူ့ရဲ့ကယ်တင်တဲ့ဗီဒီယို ထင်ရှားလာပြီးနောက် ဂက်ဆာမာဟာ ပင့်ကူလူသားအဖြစ် ချစ်စနိုး ကင်ပွန်းတပ်ခံခဲ့ရသလို အိမ်ရာမရှိ၊ အလုပ်အကိုင်တရားဝင်လုပ်ခွင့်မရတဲ့၊ ပြင်သစ်မှာ နေခွင့်မရှိတဲ့ သူ့ရဲ့ ရွှေ့ပြောင်းသူ ဘဝကိုလည်း အာရုံစိုက်မိလာကြပါတယ်။ ဒါပေမယ့် ပြင်သစ်ကနေ နှင်ထုတ်ခံရမယ့်အစား ဂက်ဆာမာကို တနင်္လာနေ့မှာ သမ္မတ အီမန်နျူယယ်မက်ခရွန်က အီလီဆီနန်းတော်မှာ တွေ့ဆုံခဲ့ပါတယ်။ သူဟာ နေခွင့်ရဖို့စာရွက်စာတမ်းတွေကို ရရှိခဲ့ပြီး ပြင်သစ်နိုင်ငံသားဖြစ်ခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။ သူဟာ ပဲရစ်မြို့ မီးသတ်နဲ့အရေးပေါ်ဌာနမှာလည်း အလုပ်တစ်ခု ရရှိခဲ့ပါတယ်။ သမ္မတမက်ခရွန်က ဂက်ဆာမာကို ရဲရင့်မှုနဲ့ အလေးထားမှုအထိမ်းအမှတ် ဆုတံဆိပ်တစ်ခု ချီးမြှင့်ခဲ့ပြီး ပြင်သစ်နိုင်ငံရဲ့ ကျေးဇူးတင်ခြင်းကို ပြသခဲ့ပါတယ်။ နန်းတော်ရဲ့ ဧည့်ခန်းမဆောင်ထဲမှာ ကင်မရာတွေရှေ့ ရိုက်ကူးခံရတဲ့ ဂက်ဆာမာဟာ ဝရန်တာမှာ ကလေးပြုတ်ကျလုဆဲဆဲ ဖြစ်နေတာကို သူ မြင်ရပုံကို တစ်လုံးချင်းပြောပြခဲ့ပါတယ်။ သူဟာ စနေနေ့မနက် ၈ နာရီလောက်က အပြင်ထွက်မယ့်အချိန် ကလေးကို တွေ့ခဲ့တာဖြစ်ပါတယ်။ သူဟာ ဘာမှမစဉ်းစားဘဲ လှုပ်ရှားခဲ့တာပါလို့ ဆိုပါတယ်။ “လူတွေက အော်ဟစ်နေကြတယ်။ ကျွန်တော် ဘာမှမစဉ်းစားဘဲ သူ့ကိုကယ်ဖို့ လမ်းကိုဖြတ်ကူးလာတယ်။ သူ့ကို ကျွန်တော်ကယ်တင်နိုင်တာ ဘုရား မ တာပဲ” သူဟာ ကလေးကို ဘေးကင်းရာကို ပို့ဆောင်ပြီးတဲ့အခါကျမှ သူ့လုပ်ရပ်ကို သူပြန်သတိထားမိတယ်လို့ ဆိုပါတယ်။ “ကျွန်တော် တိုက်ခန်းထဲလည်းရောက်ရော ဒူးတွေ တုန်နေတယ်”လို့ သူကဆိုပါတယ်။ “သိပ်တော်ပါတယ်”လို့ မက်ခရွန်က ပြန်ပြောပါတယ်။ ကလေးပြုတ်ကျချိန်မှာ ကလေးရဲ့ဖခင်ဟာ အိမ်မှာ မရှိတဲ့အတွက် မိဘဝတ္တရားပျက်ကွက်မှုနဲ့ ညတွင်းချင်းအဖမ်းခံရပြီး စက်တင်ဘာလမှာ တရားရုံးတင်စစ်ဆေးခံရမှာဖြစ်ပါတယ်။ ကလေးရဲ့အမေဟာ ဖြစ်ရပ်ဖြစ်ပွားချိန်မှာ ပဲရစ်မှာမရှိကြောင်း၊ အခု ကလေးကို လူမှုဝန်ထမ်းဌာနက စောင့်ရှောက်ထားကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ Author: စုပြည့်စုံ [Ref: Guardian, May 29th]
Source : https://ift.tt/2kyDuz7
via IFTTT
No comments:
Post a Comment